Healthy Life Ad
Health Tips

ခွဲစိတ်ကုသမှုခံယူရမည်ဆိုလျှင် အမြန်ဆုံးသက်သာရာရစေမည့် နည်းလမ်းကောင်းများ

၊ စူး (ဆေးဝါးတက္ကသိုလ်) ၊

အသက်ကြီးသူတွေခွဲစိတ်မှု တစ်ခုခုလုပ်ရတဲ့အခါ ခွဲစိတ်ကုသမှုမတိုင်ခင်၊ ကုသနေစဉ်အတွင်းနဲ့ ခွဲစိတ်ကုသ ပြီးချိန်တွေမှာ ကျန်းကျန်းမာမာရှိနေပြီး အမြန်ဆုံး ပြန်လည်နေကောင်းလာချင်ကြမှာပါ။

(၁) ခွဲစိတ်မှုမတိုင်မီ နေထိုင်စားသောက် အပန်းဖြေပေးပါ
အူမကြီးကင်ဆာ ခွဲစိတ်ကုထုံးမခံယူခင် လူနာ ၇၇ ဦးရဲ့ လေ့ကျင့်ခန်းလုပ်ပုံ၊ အာဟာရမှီဝဲပုံနဲ့ အပန်းဖြေနည်း တွေကို လေ့လာခဲ့ပါတယ်။ လူနာတစ်ဝက်ဟာ နေ့စဉ်လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း၊ အစားအသောက်ကို ကျန်းမာရေးနဲ့အညီစားခြင်းနဲ့ အပန်းဖြေခြင်း စတာတွေကို အချိန်တစ်လကြာ လုပ်ဆောင်ခဲ့ပြီး တခြားတစ်ဝက် က ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံကို မလိုက်နာခဲ့ပါဘူး။

လေ့လာမှုရလဒ်အရ ကျန်းမာရေး နဲ့ ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံအတိုင်း လိုက်နာနေထိုင်ခဲ့သူတွေဟာ တခြားသူတွေထက် ခွဲစိတ်ပြီးချိန် မှာ အသက်ရှည်နှုန်း သိသိသာသာ တိုးတက်ကောင်းမွန်မှုရှိတာကို တွေ့ရှိခဲ့ရပါတယ်။

(၂) စိတ်ဓာတ်ခိုင်မာစေရန် လေ့ကျင့်ပါ
ဦးနှောက်နှင့် ကာယဗေဒဂျာနယ်ကပြုလုပ်တဲ့ လေ့လာမှုငယ်တစ်ခုအရ စိတ်ဓာတ်ခိုင်မာစေတဲ့ လေ့ကျင့်ခန်း ပြုလုပ်သူတွေဟာ မလုပ်သူတွေထက် စိတ်ဓာတ်ခွန်အား ၅၀ ရာခိုင်နှုန်းဆုံးရှုံးမှု လျော့နည်းတယ်လို့ တွေ့ရှိခဲ့ ရပါတယ်။ စိတ်ကျန်းမာရေး လေ့ကျင့်ခန်းလုပ်ဆောင်ပြီး စိတ်ဓာတ်ခိုင်မာသူတွေဟာ ခွဲစိတ်ကုသမှု ခံယူပြီးချိန် မှာ လုပ်ငန်းဆောင်တာတွေကို မြန်မြန်လုပ်ဆောင်နိုင်တာတွေ့ရှိရပါတယ်။

(၃) ပြဿနာတစ်ခုခုရှိလျှင် ကုသခဲ့သောဆေးရုံကိုပဲပြန်သွားပါ
လန်းဆက်လေ့လာမှုတစ်ခုအရ လေ့လာသူတွေက နှလုံးသွေးကြောအစားထိုးခွဲစိတ်ကုထုံးတစ်ခု ခံယူလေ့ရှိတဲ့ လူနာကိုးသန်းကျော်ကို လေ့လာခဲ့ပါတယ်။ အဲဒီမှာခွဲစိတ်ပြီး ပြဿနာတစ်ခုခုပေါ်ပေါက်တဲ့အခါ ကုသမှုခံယူ ခဲ့တဲ့ ဆေးရုံကိုပြန်သွားတဲ့ လူနာတွေက တခြားဆေးရုံကိုသွားပြတဲ့ လူနာတွေထက် သုံးလအတွင်း သေဆုံးနိုင် ခြေ ၂၆ ရာခိုင်နှုန်း လျော့နည်းတယ်လို့ လေ့လာတွေ့ရှိခဲ့ရပါတယ်။ ခွဲစိတ်မှုပေးခဲ့တဲ့ ဆရာဝန်ကသာ လူနာ အကြောင်း ပိုနားလည်တဲ့အတွက် အသက်ရှင်နိုင်ခြေ ပိုများရတာဖြစ်တယ်လို့ လေ့လာသူတွေက ယုံကြည်ထားပါတယ်။

(၄) နေခြည်နုနု ခံယူပါ
နေခြည်နုနုရတဲ့ ဆေးရုံအခန်းထဲမှာနေရတဲ့ လူနာတွေဟာ စိတ်ခံစားမှုပိုကောင်းတယ်လို့ ကလိဗ် လန်းဆေးခန်း လေ့လာမှုအရ သိရပါတယ်။ အလင်းရောင်နဲ့ ထိတွေ့မှုကြောင့် နုံးချည့်ညောင်းညာတာနဲ့ ကိုက်ခဲနာကျင်တာတို့ သက်သာစေပြီး ညဘက်မှာ ကောင်းကောင်းအိပ်မောကျစေပါတယ်။

(၅) ဆေးမသောက်ဘဲ အပန်းပြေစေရန်လုပ်ဆောင်ပါ
ခွဲစိတ်မှုမတိုင်ခင် လူနာတွေကို သက်သောင့်သက်သာရှိစေဖို့ စကားစမြည်ပြောပေးတာက ဆေးဝါးနဲ့ ကုသမှု ပေးတာထက် ပိုပြီးသင့်တော်ပါတယ်။ ပြင်သစ်လေ့လာသူတွေက လက်ခွဲစိတ်မှုခံယူခဲ့တဲ့ လူနာ ၅၀ ဦးကို စိတ်အပန်းပြေစေမယ့် ဆေးပေးပြီး တခြား ၅၀ ဦးကို ဆေးမပါဘဲ စကားစမြည်ပြောကာ စိတ်ညှို့တဲ့ ကုထုံးနဲ့ ကုသမှု ပေးခဲ့ပါတယ်။ အဲဒီမှာ လေ့လာမှုရလဒ်အရ စကားစမြည်ပြောကာ စိတ်ညှို့တဲ့ကုထုံး ခံယူသူတွေက ဆေးဝါးနဲ့ စိတ်ကုထုံးပေးတာထက် ပိုပြီးအပန်းပြေစေတာကို လေ့လာတွေ့ရှိခဲ့ရပါတယ်။
(Ref;RD)

Most Popular

Healthy Life Ad
To Top