Healthy Life Ad
Life Style

နောက်ထပ် ငါးမိနစ်လောက် . . .

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ပန်းခြံထဲက ခုံတန်းရှည်တစ်ခုပေါ်မှာ အမျိုးသားတစ်ဦးရဲ့ဘေး၊ အမျိုးသမီးတစ်ဦးဟာ ထိုင်နေပါတယ်။

“ ဟိုမှာ စကိတ်စီးနေတာ ကျွန်မသားပဲလေ ”

အမျိုးသမီးက အနီရောင်ဆွယ်တာလေးဝတ်ပြီး ကစားကွင်းထဲမှာစကိတ်စီးနေတဲ့ ကောင်လေးတစ်ယောက်ကို လှမ်းညွှန်ပြလိုက်ပါတယ်။
“ ကောင်ချောလေးပဲ ” လို့ အမျိုးသားကပြောရင်း “ အဖြူရောင်ဝတ်စုံနဲ့ စက်ဘီးစီးနေတာ ကျွန်တော့်သမီးလေ . . “ လို့ ဆိုပါတယ်။
အဲဒီနောက် အမျိုးသားက လက်ပတ်နာရီကိုကြည့်ပြီး သမီးဖြစ်သူကို လှမ်းခေါ်လိုက်တယ်။

“ ဖေဖေတို့ပြန်ကြစို့ မာလစ်ဆာ “

မာလစ်ဆာက – “နောက်ထပ်ငါးမိနစ်လောက် စီးပါရစေနော် ဖေဖေ . . နော် . . “

အမျိုးသားကခေါင်းငြိမ့်လိုက်တော့ မာလစ်ဆာက စက်ဘီးဆက်စီးနေခဲ့တယ်။
ငါးမိနစ်ပြည့်တော့ အမျိုးသားကမတ်တတ်ရပ်ပြီး သမီးကိုထပ်ခေါ်တယ်။

“ သမီးရေ ပြန်ဖို့ အချိန်ရောက်ပြီလေ . . “

မာလစ်ဆာကထပ်ပြီး နောက်ထပ်ငါးမိနစ်လောက် အချိန်ပေးပါဦး ဖေဖေရယ် . . ငါးမိနစ်တည်းပါ . . “

အမျိုးသားကပြုံးပြီး “ ကောင်းပြီလေ “ လို့ ဆိုတယ်။

ဘေးနားမှာ ထိုင်နေတဲ့အမျိုးသမီးက – “ ရှင်က တကယ်စိတ်ရှည်တဲ့ ဖခင်ပဲ “ လို့ မှတ်ချက်ပြုလိုက်တယ်။

အမျိုးသားကပြုံးပြီး –

“ မာလစ်ဆာရဲ့ အစ်ကိုတော်မီက ဒီမှာစက်ဘီးစီးရင်း ပြီးခဲ့တဲ့နှစ်ကအရက်မူးနေတဲ့ ကားမောင်းသမားတစ်ယောက်ကြောင့် သေသွားခဲ့ရတာ . . ကျွန်တော်တော်မီ့ကို အချိန်များများ မပေးနိုင်ခဲ့ဘူး၊ အခုတော့သူ့ကို ငါးမိနစ်ဆိုတဲ့အချိန်တွေ နောက်ထပ်ပေးလို့မရတော့ဘူးလေ . . မာလစ်ဆာအလှည့်ကျတော့ ဒီလိုအမှားမျိုးကျွန်တော်လုပ်လို့ ဘယ်ဖြစ်ပါတော့မလဲ . . မာလစ်ဆာက ငါးမိနစ်ထပ်တောင်းဆိုတိုင်း သူစက်ဘီးစီးဖို့ အချိန်ငါးမိနစ်ထပ်ရတယ်လို့ပဲ သူထင်လိမ့်မယ် . .
တကယ်တော့ဗျာ . . ကျွန်တော်က သမီးလေးကစားနေတာကို ထပ်ကြည့်ခွင့် ငါးမိနစ်ပိုပိုပြီး ရနေတာပါ . . “

စာစုကပေးချင်သော သင်ခန်းစာ
ဘဝမှာ ဦးစားပေးလုပ်ဆောင်ရမယ့်အရာတွေ အများကြီးရှိပါတယ်။ အဲဒီအထဲက မိသားစုဆိုတာ အားလုံးထဲမှာ ပထမဆုံးနဲ့ တစ်ခုတည်းသောဦးစားပေးရမယ့်အရာပါ။ ဒါကြောင့် သင်ချစ်တဲ့သူတွေအတွက် အချိန်များများပေးလိုက်ပါ။

Most Popular

Healthy Life Ad
To Top