Healthy Life Ad
Health Tips

နားအကြားအာရုံဆုံးရှုံးမှု ဖြစ်နေနိုင်သည့် အသံတိတ်သင်္ကေတ ငါးရပ်

စူး (ဆေးဝါးတက္ကသိုလ်) ၊

အကြားအာရုံ ဆုံးရှုံးတာက အသက်ကြီးသူ တွေမှာပဲ ဖြစ်တာမဟုတ်ပါဘူး။ အခုခေတ်မှာ အကြားအာရုံ ဆုံးရှုံးသူ ၃၅ ရာခိုင်နှုန်းကသာ အသက် ၆၄နှစ်ကျော်အရွယ်တွေ ဖြစ်ကြပါ တယ်။ အောက်ပါ သတိပေးလက္ခဏာတွေ ဖြစ်ပေါ်ရင် နား၊ နှာခေါင်း၊ လည်ချောင်းအထူးကု ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

(၁) – နားထဲတွင် အသံမြည်ခြင်း

နားထဲမှာ အသံမြည်နေတာက အကြားအာရုံ ဆုံးရှုံးမှုဖြစ်စေတဲ့ အစောဆုံး သင်္ကေတ တစ်ရပ်ပဲဖြစ်ပါတယ်။ တိတ်ဆိတ်နေတဲ့အချိန်မှာ သင့်နားထဲ အသံတွေ ကြားနေတာမျိုးပါ။ နားထဲ အသံမြည်တာကို ပို သတိထားမိလေလေ၊ နားထဲက အာရုံကြော ထိခိုက်နေပြီဆိုတာ ပိုသေချာ လေလေ ဖြစ်တတ်ပါတယ်။ ဒီလို ဖြစ်ရတာက နားကြပ်အသုံးပြုလို့ပဲ ဖြစ်ပါတယ်။ နားကြပ်နဲ့ တေးဂီတကို အသံအကျယ်ဆုံးထားပြီး အချိန် ၁၅ မိနစ်လောက် နားထောင်ရုံနဲ့ နားအကြား အာရုံဆုံးရှုံးမှုဖြစ်နိုင်ပါတယ်။ အကြောင်းကတော့ နားကြပ်တွေက နားစည်နဲ့ အနီးကပ်ဆုံး ထိတွေ့နေတဲ့အတွက် အကြားအာရုံအတွက် အန္တရာယ်များရတာပါ။

(၂) – ခန္ဓာကိုယ် ဟန်ချက် မညီခြင်း

လူတွေမှာ အကြားအာရုံ ထိခိုက်မှု ဖြစ်ရင် ကြားနိုင်ဖို့ အများကြီး အားထုတ်နေရတာကြောင့် ခန္ဓာကိုယ်ဟန်ချက် ထိန်းတာနဲ့ပတ်သက်ပြီး ဦးနှောက်ရဲ့ အာရုံစိုက်မှု လျော့ကျသွားတတ်ပါတယ်။ သင့်အတွင်း နားစည်က ဦးနှောက်ဆီကို ခန္ဓာကိုယ်ဟန်ချက် ညီမျှစေဖို့ အချက်ပြသင်္ကေတတွေ ပေးပို့နေတဲ့အတွက် နားအကြားအာရုံ ထိခိုက်တာနဲ့ ကိုယ်နေဟန်ထား ဟန်ချက်မညီ ဖြစ်ရတာပါ။

(၃) – ပိုမို မေ့လျော့တတ်လာခြင်း

သင်ကြားရတဲ့အပေါ်မှာ မှတ်ဉာဏ်က အခြေခံနေပါတယ်။ သင်မကြားနိုင်တဲ့အခါ အရာရာကိုမှတ်မိဖို့ ခက်ခဲပါတယ်။ အသက်ကြီးလာ တဲ့အခါ အကြားအာရုံ ဆုံးရှုံးမှုဖြစ်လာရင် မှတ်ဉာဏ်စွမ်းရည်ပါ လျော့ကျလာတတ်ပါတယ်။ အကြောင်းကတော့ အကြားအာရုံ ဆုံးရှုံးတဲ့အခါ လူမှုရေးအရ အထီးကျန်မှုတွေဖြစ်ပြီး ဦးနှောက် ရဲ့ တွေးခေါ်နိုင်စွမ်း လျော့ကျရတာပါ။

(၄) – ဆူညံသံကို နားမခံနိုင်ခြင်း

ကားဟွန်းသံတွေတောင် ဆူညံလွန်းနေပြီး နားမခံနိုင်ဖြစ်နေရင် ဒါ အကြားအာရုံ ဆုံးရှုံးတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

(၅) – “ဘာလဲ”ဟု မကြာခဏ ပြန်မေးနေရခြင်း

စားသောက်ဆိုင်မှာ စကားပြောတဲ့အခါ သင့်အနေနဲ့ ဘာစကားကိုမှ မကြားရဖြစ်နေရင် ဒါဟာ နားရဲ့ လုပ်ငန်းဆောင်တာ မကောင်းလို့ ဖြစ်နိုင်ပါတယ်။ နားရဲ့ လုပ်ငန်းဆောင်တာ ကောင်းနေရင် ဆူညံတဲ့ အခန်းထဲမှာတောင် သင့်ကို ပြောတဲ့ စကားကို ကြားနိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top