Healthy Life Ad
Life Style

မေမြင့်မိုရ်၏ ကျန်းမာလှပ လူမှုဘဝ

m3

လက်ရှိ အနုပညာလှုပ်ရှားမှု . . .

ညီမ အခု ဖိုတိုကာဗာတွေ ရိုက်ဖြစ်နေပါတယ်၊ ပြက္ခဒိန်တွေ ရိုက်ဖြစ်နေပါတယ်၊ ပြီးတော့ တီဗီကြော်ငြာတွေ ရိုက်ဖြစ်တယ်၊ ရုပ်ရှင်အစည်းအရုံး နှစ် ၁၀ဝ ပြည့်အတွက် MTV ရိုက်ဖြစ်ပါတယ်။ နောက်ဆုံးရိုက်ထားတဲ့ ကားလေးက “ မှုံ “ ဇာတ်ကား ဖြစ်ပါတယ်။

တစ်နေ့တာအသားအရေ ထိန်းသိမ်မှုပုံစံ . . .

အသားအရေအတွက်က ညဆိုရင်မျက်နှာကို နိုက်ခရင်ပုံမှန် လိမ်းဖြစ်ပါတယ်။ တစ်ခါတလေဆိုင်မှာ Body Spa သွားလုပ်ဖြစ်တယ်။

သဘာဝသစ်သီးလေးတွေနဲ့ အသားအရေလှအောင် ပြုလုပ်ဖြစ် . . .

ညီမကအိမ်မှာ သဘာဝသစ်သီးတွေနဲ့ အသားအရေထိန်းသိမ်းတာမျိုး လုပ်ဖြစ်ပါတယ်။ အသားအရေလှအောင် ထောပတ်သီးလိမ်းတယ်။ တခြားသဘာဝကုထုံးဖြစ်တဲ့ ပျားရည်၊ သံပရာသီး၊ နနွင်းမှုန့် စတာတွေသုံးပြီး လုပ်ဖြစ်ပါတယ်။

m4

မိတ်ကပ် . . .

ကားရိုက်တွေအတွက်ကတော့ ကိုယ်တိုင်လည်း လိမ်းဖြစ်တယ်၊ မိတ်ကပ်ဆရာနဲ့လည်း လိမ်းဖြစ်ပါတယ်။ အလှဓာတ်ပုံတွေ၊ ပွဲတက်တွေအတွက်ကတော့ မိတ်ကပ်ဆရာနဲ့ ပြင်ပါတယ်။

မျက်လုံးကိုခြယ်ရတာ သဘောကျ . . .

ညီမကမိတ်ကပ်ကို ကိုယ်တိုင်လိမ်းဖြစ်ရင် မျက်လုံးခြယ်ရတာရယ်၊ နှုတ်ခမ်းနီဆိုးရတာရယ် ပိုသဘောကျတယ်။ အဲဒီအစိတ်အပိုင်းနှစ်ခုက မျက်နှာအလှကို ပိုပေါ်လွင်စေလို့ပါ၊

မိတ်ကပ်အမျိုးအစား . . .

MAC တစ်မျိုးတည်းသုံးတာ များပါတယ်။

အဖုအပိမ့် ပေါက်တတ်လား . . .

ညီမအသားအရေက အဖုအပိမ့်အရမ်း ပေါက်တဲ့အထဲမှာမပါဘူး။ တစ်ခါတလေ ကိုယ်နဲ့မတည့်တဲ့ အစားအသောက်အငန်တွေစားရင် ပေါက်တတ်တယ်။ ရာသီအကူးအပြောင်းဖြစ်ရင်လည်း ပေါက်တတ်ပါတယ်။ မိတ်ကပ်တွေကြောင့်တော့ အသားအရေပျက်စီးတာမျိုး မရှိပါဘူး။ ပြီးတော့ညီမက မိတ်ကပ်ကို အပြောင်းအလဲဖြစ်အောင် မသုံးတတ်ဘူး။ ကိုယ်နဲ့တည့်တဲ့ မိတ်ကပ်အမျိုးအစားကိုပဲ သုံးဖြစ်တယ်။

ကျန်းမာရေးအခြေအနေ . . .

ရှူတင်တွေမှာတော့ ကျန်းမာရေးနဲ့ အလှအပကြောင့် အခက်အခဲမဖြစ်ခဲ့ဖူးပါဘူး။ ညီမက ကျန်းမာရေး အရမ်းချူချာတဲ့အထဲမှာ သိပ်မပါဘူး။ တစ်ခါတလေ ခေါင်းကိုက်တာလောက်ပဲ ရှိတယ်။

ဝိတ်မတက်အောင် ပုံမှန်ထိန်းသိမ်းဖြစ် . . .

အသီးအရွက် များများစားတယ်။ ညစာကို လျှော့စားတယ်။ အဆီအအိမ့်လည်း သိပ်မစားဘူး။ ခန္ဓာကိုယ်ကဝိတ်ကို အရမ်းထိန်းရတာမျိုးလည်း မရှိပါဘူး။ ပုံမှန်လေးပဲ ထိန်းဖြစ်တယ်။

m5

ကိုယ်မှန်ရင် ကောလဟလရှိလည်း ဂရုမစိုက် . . .

ကောလဟလကြောင့်တော့ အနုပညာအလုပ် စွန့်လွတ်မယ်လို့ မရှိပါဘူး။ ကိုယ်က အနုပညာအလုပ်ကို ဝါသနာပါတယ်။ အကောင်းဆုံးဖြစ်အောင်လည်း ကြိုးစားနေပါတယ်။ ကောလဟလသတင်းကတော့ ကောင်းတာကော၊ မကောင်းတာကော အနုပညာရှင်အတော်များများက ကြားဖူးမှာပဲ။ အဓိက ကိုယ်ကမှန်နေရင် ဂရုစိုက်စရာမလိုပါဘူး။

အားလပ်ချိန်ကို ဘယ်လိုကုန်ဆုံးစေလဲ . .

သီချင်းနားထောင်တယ်၊ တီဗီကြည့်တယ်၊ စာအုပ်ဖတ်ဖြစ်ပါတယ်။

စိတ်ဖိစီးမှုဖြစ်လာရင် ထိန်းချုပ်ဖြစ်ပုံ . . .

ဘုရားရှိခိုးတယ်၊ မေတ္တာပို့တယ်၊ သီချင်းနားထောင်တယ်။

စိတ်ဖိစီးမှုဖြစ်လာရင် ဘုရားရှိခိုးမေတ္တာပို့လိုက်ပါတယ်

အားကစားလုပ်ဖြစ်ပုံ . . .

၇ တန်းကနေ ၁၀တန်းလောက်အထိ တိုင်ကွမ်ဒိုကစားတယ်၊ ခါးပတ်နက်တောင် ရခဲ့တယ်။ အခုက Gym ဆော့တာများတယ်။

ပရိသတ်ကိုပေးချင်တဲ့ အကြံပြုချက် . . .

ပရိသတ်အားလုံး ကျန်းမာရေးဂရုစိုက်ကြပါလို့ ပြောချင်ပါတယ်။ ချမ်းသာခြင်းကအဓိကမဟုတ်ဘဲ ကျန်းမာခြင်းက အဓိကဖြစ်တဲ့အတွက် သေချာဂရုစိုက်ကြပါ။

m2

မေမြင့်မိုရ်မေးချင်တဲ့ ကျန်းမာရေးမေးခွန်း . . .

မေး. တစ်လတစ်ခါ ညာဘက်ခေါင်းတစ်ခြမ်း ကိုက်တတ်တယ်၊ တစ်ခါခေါင်းကိုက်ရင် နှစ်ရက်လောက်ကြာတယ်၊ ဘာကြောင့်ပါလဲ ဆရာ။

ဒေါက်တာမိုးအောင်ကျော်နိုင်
အထွေထွေရောဂါ အထူးကုဆရာဝန်ကြီး မှဖြေကြားသည်

ဖြေ. ခေါင်းတစ်ခြမ်းကိုက်စေတဲ့ အကြောင်းရင်းတွေကတော့ အများကြီးပါပဲ။ လစဉ်လည်း ဖြစ်တယ်၊ တစ်ချက် -တစ်ချက်ထိုးပြီး ကိုက်တယ်ဆိုရင်၊ ဒီလို ခေါင်းတစ်ခြမ်းကိုက်တာက ငါးလ – ခြောက်လလောက်ကြာနေပြီဆိုရင်တော့ နာတာရှည် ခေါင်းတစ်ခြမ်းကိုက်ရောဂါ (Migraine) ဖြစ်နိုင်ပါတယ်။

လူတိုင်း ခေါင်းမကိုက်ဖူးတဲ့သူရယ်လို့ မရှိပါဘူး။ ခေါင်းကိုက်ရင် မျက်စိဝါးတယ်၊ မျက်စိပြာတယ်၊ အန်တယ်စတာတွေနဲ့ တွဲဖြစ်တဲ့အခါ နည်းနည်းသတိထားဖို့ လိုပါတယ်။ ဦးနှောက်ထဲ အလုံးအကျိတ်ရှိရင် ခေါင်းတစ်ခြမ်းကိုက်တာနဲ့အတူ မျက်စိဝါးမယ်၊ အန်မယ် . . စတာတွေ တွဲဖြစ်တတ်ပါတယ်။ ဒါဆိုရင် အရေးပေါ်ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။

အခုဖြစ်နေတာကတော့ တစ်လတစ်ကြိမ် – နှစ်ကြိမ် ခေါင်းတစ်ခြမ်းကိုက်တယ်ဆိုတော့ အဖြစ်များဆုံးက နာတာရှည် ခေါင်းတစ်ခြမ်းကိုက်ရောဂါ (Migraine) ပါပဲ။ သွေးခုန်နှုန်းအတိုင်းလာလာ ထိုးနေတယ်၊ ပြီးတော့ မျက်စိကျိန်းတာ၊ မျက်ရည်ပူကျတာတို့နဲ့ တွဲဖြစ်တတ်တယ် . . ဒါဆိုရင် နာတာရှည် ခေါင်းတစ်ခြမ်းကိုက်ရောဂါ (Migraine) လို့ပဲ ဆိုရမှာပါ။ ဒါကဘာနဲ့ ဆက်စပ်မှုရှိသလဲဆိုတာ ကြည့်ရပါမယ်။ အမျိုးသမီးတွေမှာ လစဉ်ရာသီလာတာနဲ့ ခေါင်းတစ်ခြမ်းကိုက်တာ ဆက်စပ်မှုရှိလားဆိုတာ ကြည့်ရမယ်၊ ဒါဆို ဟော်မုန်းနဲ့ ဆိုင်ပါတယ်။ နောက်တစ်ခုက ချိစ်၊ ချောကလက် စတဲ့ အစားအသောက်တွေစားမိရင် ဖြစ်သလား၊ နေပူထဲထွက်ရင် ဖြစ်သလား၊ စိတ်ဖိစီးမှုများရင် ဖြစ်သလား၊ အိပ်မပျော်ရင် ဖြစ်သလား စတာတွေနဲ့ တွဲဖြစ်သလားဆိုတာ ဆန်းစစ်ကြည့်ရပါမယ်။ ဒီလို ခေါင်းတစ်ခြမ်းကိုက်တာက အကိုက်အခဲပျောက်ဆေးလေး သောက်လိုက်ရုံနဲ့ သက်သာသွားတတ်ပါတယ်။

နောက်တစ်ခါမဖြစ်အောင်ဆိုရင် ဖြစ်စေနိုင်တဲ့အကြောင်းတွေ ရှောင်ရမယ်၊ စိတ်ဖိစီးမှုမရှိအောင် နေမယ်၊ ညအိပ်ပျော်အောင် အိပ်မယ် စသဖြင့် လိုက်နာရမယ်။ အမြဲဖြစ်နေရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ကာကွယ်တဲ့ဆေးမှီဝဲဖို့ လိုပါတယ်။

Most Popular

Healthy Life Ad
To Top