Healthy Life Ad
Health Tips

နေကာခရင်မ် လိမ်းထားပါလျက် နေလောင်ဒဏ်ရာရနေသည့် အကြောင်းရင်းများ

စူး ( ဆေးဝါးတက္ကသိုလ် )

ခန္ဓာကိုယ်အရေပြားကို နေကာခရင်မ် လိမ်းထားတာတောင် နေလောင်ဒဏ်ရာ ရနေတယ်ဆိုရင် အဲဒီလိုဖြစ်ရတဲ့ အကြောင်းရင်းတွေကို ဆန်းစစ်ဖို့ လိုအပ်ပါတယ်။

အပြင်ထွက်ပြီး iPad သုံးလျှင်
iPadကနေ အလင်းပြန်တဲ့ အရောင်က ခရမ်းလွန်ရောင်ခြည် ထိတွေ့မှုကို ၈၅ရာခိုင်နှုန်း တိုးစေနိုင်ပြီး iPhone ကနေ အလင်းပြန်တဲ့ အရောင်ကတော့ ခရမ်းလွန်ရောင်ခြည်ထိတွေ့မှုကို ၃၆ ရာခိုင်နှုန်းမြင့်တက်စေတယ်လို့ နယူးမက္ကဆီကို တက္ကသိုလ်မှ လေ့လာသူတွေက ဆိုပါတယ်။ တကယ်လို့ အလင်းပြန်နိုင်စွမ်းနည်းအောင် ဖန်တီးထုတ်လုပ်ထားတဲ့ မိုဘိုင်းဖုန်းကိရိယာတွေကို သုံးမယ်ဆိုရင်တော့ အလင်းပြန်တာနည်းတဲ့အတွက် ခရမ်းလွန်ရောင်ခြည် ထိတွေ့မှုကို လျော့ကျစေပါတယ်။ ဒါကြောင့် အပြင်ထွက်ပြီး iPad ၊ iPhone သုံးမယ်ဆိုရင် နေကာခရင်မ်လိမ်းရပါမယ်၊ ဦးထုပ်ဆောင်းရပါမယ်၊ နေကာမျက်မှန်တပ်ရပါမယ်၊ ထီးအကြီးကြီးအောက် ဒါမှမဟုတ် သစ်ပင်အောက်မှာ ထိုင်ရပါမယ်။

အရက်သေစာ သောက်စားလျှင်
ဟားဗတ်ဆေးကျောင်းက လေ့လာသူတွေဟာ ၂၀ဝ၆ ခုနှစ်မှာ လူသုံးသိန်းခန့်ကို လေ့လာခဲ့တဲ့အခါ တွေ့ရှိချက်နှစ်ခု ရခဲ့ပါတယ်။ ပထမဆုံး တွေ့ရှိချက်တစ်ခုက လူတွေမှာ နေလောင်ဒဏ်ရာ အဖြစ်များတာပဲ ဖြစ်ပါတယ်။ ဒုတိယတစ်ချက်က အရက်သောက်ထားသူတွေဟာ နေလောင်ဒဏ်ရာ ရနိုင်ခြေ ပိုများပါတယ်။ အရက်ကို ပုံမှန် သောက်သင့်တဲ့ ပမာဏထက် ငါးဆပိုသောက်သူတွေက ပုံမှန်သောက်သူတွေထက် နေလောင်ဒဏ်ရာ ရနိုင်ခြေ ၂၂ ရာခိုင် နှုန်း ပိုများပါတယ်။ နေလောင်ဒဏ်ရာ ၁၈ ရာခိုင်နှုန်းဟာ အရက်သောက်တာနဲ့ ဆက်နွှယ်မှု ပိုရှိတယ်လို့ ခန့်မှန်းထားပါတယ်။

ကိုယ်ခံအားလွန်ကဲသော ရောဂါ (Autoimmune Disease) ရှိလျှင်
လူးပပ်စ်၊ ရူမတွိုက်အဆစ်ရောင်နာ အစရှိတဲ့ ကိုယ်ခံအားလွန်ကဲတဲ့ ရောဂါတွေရှိရင် အရေပြားက နေဒဏ်ကို ပိုပြီး ထိခိုက်လွယ်ပါတယ်၊ နေလောင်ဒဏ်ရာ ပိုရနိုင်ပါတယ်။ နေလောင်ဒဏ်ရာနဲ့ အရေပြားကင်ဆာတွေ အဖြစ်များတဲ့အတွက် လစဉ် လတိုင်း အရေပြား စစ်ဆေးမှုတွေ လုပ်သင့်သလို တစ်နှစ် နှစ်ကြိမ်ခန့် အရေပြားအထူးကု ဆရာဝန်နဲ့ တွေ့ဆုံကာ အရေပြား စစ်ဆေးရပါမယ်။

ပဋိဇီဝပိုးသတ်ဆေး မှီဝဲနေရလျှင်
ပဋိဇီဝပိုးသတ်ဆေးတချို့က နေဒဏ်ကို ထိလွယ်ခိုက်လွယ်ပြီး အရေပြားက အချိန်မတိုင်ခင်မှာ ပင်နေလောင်နိုင်ပါတယ်။ စိတ်ကျဆေးတချို့၊ သန္ဓေတားဆေးတချို့အပါအဝင် ဆေးတချို့မှီဝဲတာကြောင့် နေဒဏ်ကို ခံနိုင်ရည် ပိုရှိစေပါတယ်။

ကိုယ့်ရုပ်ရည်နှင့် ပတ်သက်၍ ကျေနပ်မှုနည်းနေလျှင်
အမျိုးသားနဲ့ အမျိုးသမီးတွေကို လေ့လာကြည့်ခဲ့တဲ့အခါ ကိုယ့်ရုပ်ရည်နဲ့ ပတ်သက်ပြီး ဆွဲဆောင်မှု မရှိလို့ ထင်မြင်သူတွေက နေပူထဲမှာ အချိန်ကြာကြာနေပြီး နေကာခရင်မ်လည်း လိမ်းလေ့နည်းကာ အရေပြား ကင်ဆာဖြစ်နိုင်ခြေ မြင့်မားတယ်လို့ စိတ်ပညာကျန်းမာရေးဆိုင်ရာ လေ့လာမှုအရ သိရပါတယ်။

အရေပြား ကြေးချွတ်သန့်စင်ထားလျှင်
အရေပြားရဲ့ အပေါ်ယံအလွှာကို ကြေးချွတ်သန့်စင်ထားတယ်ဆိုရင် အကာအကွယ်ဆဲလ်တွေ ကင်းစင်သွားတဲ့အတွက် အသားအရေက နေလောင်ဒဏ်ကို ပိုခံရနိုင်ပါတယ်။ အသားအရေ ပြန်လည် အားပြည့်စေဖို့အတွက် နေရောင်ခြည်နဲ့ ဝေးဝေးမှာ နေသင့်ပါတယ်။ အသားအရေ အိုမင်းစေတဲ့ အကြောင်းရင်း ၈၀ ရာခိုင်နှုန်းက ခရမ်းလွန်ရောင်ခြည် ထိတွေ့မှုကြောင့် ဖြစ်တတ်တဲ့အတွက် နေကာခရင်မ် လိမ်းပါ၊ အရိပ်ထဲနေပါ၊ အသားအရေကို ကာကွယ်ပေးမယ့် အဝတ်အစားတွေကို ဝတ်ဆင်ပါ။

နေကာခရင်မ် ဘယ်အချိန်က ဝယ်ထားမိမှန်း မသိတော့လျှင်
မိတ်ကပ်သေတ္တာထဲက နေကာခရင်မ်ဘူးကို တွေ့တဲ့အခါ သတ်မှတ်ရက်စွဲကလည်း မပါတော့ဘဲ ဘယ်အချိန်က ဝယ်ထားမှန်း မသိတော့တာမျိုး ဖြစ်နေပါသလား။ ဒါဆိုရင် လွှင့်ပစ်လိုက်ပါ။ နေကာခရင်မ်တွေရဲ့ သက်တမ်းက သုံးနှစ်လောက်ပဲ ခံပါတယ်။ ဒီလို သက်တမ်းလွန်နေတဲ့ နေကာခရင်မ်ကို လိမ်းတာကြောင့် သင့်အသားအရေကို နေလောင်ဒဏ်ရာ ရစေနိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top