Healthy Life Ad
Child

ကြိုတင်ကာကွယ်ပါ ခွေးရူးပြန်ရောဂါ

ပါမောက္ခဒေါ်တင့်တင့်ကြည် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး နေပြည်တော်ခုတင်၁၀ဝ၀ဆေးရုံနှင့် တွေ့ဆုံဆွေးနွေးခြင်း
———————————

Q. ခွေးရူးပြန်ရောဂါကာကွယ်ဆေးကို အစိုးရဆေးရုံ ကြီးတွေမှာ အခမဲ့ ထိုးနှံလို့ ရပါသလား ဆရာမ။
A. ရန်ကုန်မှာဆိုရင် ရန်ကုန်ဆေးရုံကြီး ထိခိုက်ဒဏ်ရာကုဌာန၊ ရန်ကုန် အနောက်ပိုင်းဆေးရုံကြီး၊ သင်္ကန်း ကျွန်းစံပြ ဆေးရုံကြီး၊ အင်းစိန်ဆေးရုံကြီးနဲ့ နယ်တွေ မှာဆိုရင် ဘယ်ပြည်သူ့ဆေးရုံမဆို လာရင် ထိုးပေး နိုင်အောင် အနည်းဆုံး ငါးယောက်စာတော့ ဆောင် ထားကြပါတယ်။ ဒေသန္တရ ဆေးခန်းတွေမှာ ထိုးဖို့ လည်း ရန်ကုန်တိုင်း ကျန်းမာရေး ဌာန အစီအစဉ်နဲ့ ဆောင်ရွက်ပေးတာတွေ ရှိပါတယ်။ကျန်းမာရေး ဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေး ဦးစီးဌာန မှ ခွေးရူးပြန် ကာကွယ်ဆေး အမျိုးအစား နှစ်ခုလုံးကို ဝယ်ယူ ဖြည့်တင်းပေးပြီး အခမဲ့ထိုးပေးနေပါပြီ။ ချက်ပတ်လည် ထိုးရတဲ့ အမျိုးအစားတွေကို အသုံးမပြုတော့ဖို့ ၂၀၁၂ ခုနှစ်ကတည်းက သဘောတူ လက်မှတ် ရေးထိုးခဲ့ပြီး ဖြစ်ပါတယ်။ ခေတ်ပေါ်ထိုးဆေးတွေကိုတော့ နိုင်ငံခြားမှ တင်သွင်းရပါတယ်။ကာကွယ်ဆေးအတွက် ရန်ကုန်မြို့က ပုဂ္ဂလိက ဆေးရုံကြီးတွေမှာ ၂၄နာရီ ဆောင်ရွက်ပေးနေတာ ရှိပါတယ်။ အခမဲ့တော့ မဟုတ်ပါဘူး။

Q. ခွေးရူးပြန်ရောဂါက မြန်မာနိုင်ငံမှာ ဘယ်လောက် အဖြစ်များပါသလဲ ဆရာမ။
A. ၂၀၁၃ ခုနှစ် WHO ရဲ့ ခန့်မှန်းတွက်ချက်မှုအရ အာရှမှာ လူဦးရေ တစ်သန်းမှာ ၂၂ ယောက်နှုန်းနဲ့ မြန်မာက အဖြစ်အများဆုံး ဖြစ်ပြီး အိန္ဒိယက တစ်သန်းမှာ ၁၈ ယောက်နှုန်း ရှိပါတယ်။ ထိုင်းဆို တစ်သန်းမှာ ဖြစ်နှုန်း တစ်ယောက်အောက်ဖြစ်နေပါပြီ။

Q. ခွေးကိုက်ခံရတာနဲ့ ဒဏ်ရာကို ရေဆေးလိုက်ရင်ခွေးရူးပြန်ရောဂါ ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ် ကုန်သွားနိုင်ပါသလား ဆရာမ။
A. ရေဆေးလိုက်တာကြောင့် ခွေးတံတွေးမှာ ပါလာတဲ့ ခွေးရူးပြန်ရောဂါဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ် (Lyssa Virus)ကိုဖယ်ပစ်လိုက်သလို ဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ ကုန်ချင်မှကုန်မယ်။ မျက်စိနဲ့ မြင်ရတာမဟုတ်လို့ သေချာ မပြောနိုင်ပါဘူး။

Q.အိမ်မှာ ခွေး၊ ကြောင် မွေးထားသူတွေအနေနဲ့ ခွေးရူးပြန်ရောဂါမရအောင် ဘယ်လိုကာကွယ်သင့်ပါ သလဲ ဆရာမ။
A. ခွေးတွေ၊ ကြောင်တွေကို အသက်သုံးလမှ စတင်ပြီး ကာကွယ်ဆေးထိုးနိုင်ပါတယ်။ တိမွေးကုဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top