Healthy Life Ad
Health Tips

မိတ်ပေါက်ခြင်းကြောင့် ယားယံနေသူများအတွက် (Miliaria)

ပါမောက္ခဒေါက်တာ မြတ်စန္ဒာကျော် (အရေပြားအထူးကုဆရာဝန်ကြီး) မြောက်ဥက္ကလာပဆေးရုံကြီး။

မေးဘာကြောင့် မိတ်ပေါက်ရတာလဲ ဆရာမ။
ဖြေချွေးဂလင်းလမ်းကြောင်း (eccrine sweatduct) ပိတ်လို့ မိတ်ပေါက်ရတာပါ။ချွေးအထွက် များတဲ့အခါ၊အရေပြား အပေါ်ယံလွှာလေးက ချွေးစားတယ်၊ ချွေးလမ်းကြောင်း ပိတ်သွားပါတယ်။

မေးမိတ်အမျိုးအစား ဘယ်နှမျိုးလောက် ရှိပါသလဲ ဆရာမ။
ဖြေမိတ်အမျိုးမျိုး ရှိပါတယ်။ အဲဒါတွေကတော့ အရည်ကြည်ဖုမိတ်(Miliaria crystalinaအရေပြားရောင်ရမ်းမှုမရှိဘဲ အရည်ကြည်ဖုသေးလေးတွေပဲရှိတဲ့ မိတ်၊ဒီမိတ်အမျိုးအစားက အိပ်ရာထဲမှာ လဲလျောင်း နေမကောင်းဖြစ်သူတွေမှာ ဖြစ်တတ်ပါတယ်။မိတ်အနီ(Miliaria rubra / heat rash)ဒီမိတ်အမျိုးအစားက အလွန်ယားပြီး အတွေ့ များပါတယ်။ကိုယ်၊ ခြေလက်နဲ့ ရင်ဘတ်၊ ဗိုက်၊ ပေါင်ခြံတွေလို ချွေးအောင်းတတ်တဲ့ နေရာတွေမှာ တွေ ့တတ်ပါတယ်။ အရေပြားထဲ ပိုနက်ပါတယ်။ အတော်ယားပြီး၊ အနီဖုလေးတွေ တွေ့ရပါတယ်။ ချွေးမထွက်ဘဲ ချွေးတိတ်နေရင် ခံစားရတတ်ပါတယ်။ပြည်မိတ် (Miliaria pustulosa)တခြား အရေပြားရောဂါ အမျိုးမျိုးရှိရင် ပိုမို ဖြစ်တတ်ပါတယ်။ ပြည်ဖုတွေလို မြင်ရပါတယ်။ ချိုင်းကြား၊ ပေါင်ကြား၊ လက်အကွေး၊ ဒူးအကွေး နေရာတွေမှာ အတွေ့ရများပါတယ်။မိတ်ကြီး (Miliaria profunda)တွေ့ရခဲပါတယ်။ အရေပြား အထဲလွှာအထိ ထိခိုက်တတ်ပါတယ်။ နေရာတိုင်းလိုလို ဖြစ်တတ်ပါတယ်။ ကြက်သီးဖုလေးတွေလို တွေ့ရတတ်ပါတယ်။ မယားဘဲ နာနေတတ်ပါတယ်။ ဒီလို ဖြစ်လာရင် ချွေး ငုပ်နေတတ်ပြီး၊ ခေါင်းမူး၊ ရင်ခုန်လာပြီး Heat exhaustion ဖြစ်လာတတ်ပါတယ်။

မေး ဘယ်လိုလူတွေ မိတ်ပေါက်တတ်ပါသလဲဆရာမ။
ဖြေလူတိုင်း အသက်အရွယ်၊ ကျားမ မရွေး မိတ်ပေါက်တတ်ပါတယ်။ နေပူပူထဲမှာ အလုပ်လုပ်သူတွေ၊ လှုပ်ရှားမှုများသူတွေ၊ နေလောင်ခံထားရသူတွေ၊ အင်္ကျီထူထူ၊ ကျပ်ကျပ်ဝတ်သူတွေ၊ လေလုံတဲ့ အခန်း ထဲမှာ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်သူတွေ၊ ဖျားနေသူတွေ၊ တချို့ဆေးတွေ၊ (Isotretionoin)လို ဝက်ခြံပျောက်ဆေး သောက်ထားသူတွေ၊ မိခင် ဖျားချိန်မှာ မွေးဖွားလာတဲ့ ကလေးတွေ၊ ကျင့်သား မရခြင်း (အေးတဲ့ ဒေသက ပူအိုက်တဲ့ ဒေသကို ပြောင်းရွှေ့ရောက်လာသူတွေ)၊ ကလေးတွေရဲ့ ချွေး ကျိတ်ဟာ မဖွံ့ဖြိုးသေးတဲ့အတွက် မိတ် ပိုပေါက်နိုင်ပါတယ်။

မေးမိတ်ပေါက်တာနဲ့ နေလောင်တာက ဆက်စပ်နေ ပါသလား ဆရာမ။
ဖြေမိတ်က နေပူရင်၊ နေရှိန်ပြင်းရင် ပေါက်တတ်တော့ နွေရာသီ နေပူတဲ့ အချိန်နဲ့ နေလောင်တဲ့ အချိန်တွေမှာ မိတ်ပိုထွက်တတ်ပါတယ်။

မေးမိတ်ကိုကုတ်ရင် အနာဖြစ်တတ်ပါသလား ဆရာမ။
ဖြေမိတ်ကို ကုတ်ရင်၊ အရေပြား ထိခိုက်ပျက်စီးတယ်၊ အရေပြားမှာ ဘက်တီးရီးယားပိုး၊ မှိုပိုးတွေက အမြဲ ပုံမှန်နေတတ်တော့ ဘက်တီးရီးယား ပိုးဝင်ရင်း အနာ ဖြစ်တတ်တယ်။ ဘာလို့လဲဆိုတော့ အရေပြား ယားတာကို ကုတ်ရင်း ပိုးဝင်လာ တတ်ပါတယ်၊ နှင်းခူ ဖြစ်လာတတ်ပါတယ်၊ ပြည်တည် လာတတ်ပါတယ်၊ အနာရင်းလာ တတ်ပါတယ်။ အနာဆက်၊ အနာလုံး တွေဖြစ်ပြီး၊ အရေပြားကို ကိုင်ကြည့်ရင် ပူလာတတ် ပါတယ်။ သုံးလေးရက်ထက်ပိုဖြစ်နေရင် ဆေးကု သင့်နေပါပြီ။ ယားတာကို ကုတ်ရင်း အမာရွတ် ဖြစ်လာတတ်ပါတယ်၊ အဖျားဝင်လာတတ်ပါတယ်။

မေးမိတ်က ကူးစက်တတ်ပါသလား ဆရာမ။
ဖြေမိတ်က တစ်ယောက်နဲ့ တစ်ယောက် မကူးစက်တတ်ပါဘူး။

မေးမိတ်ပေါက်တဲ့အခါ သက်သာအောင် ဘယ်လို လုပ်ရမလဲ ဆရာမ။
ဖြေအေးတဲ့ ပတ်ဝန်းကျင်မှာ နေသင့်ပါတယ်။ လေအေးပေးစက်ရှိတဲ့ အခန်းနဲ့ နေရင် မိတ်သက်သာပါတယ်။ချွေးသိပ်မထွက်စေမယ့် ပတ်ဝန်းကျင် ရှိရင် ပို ကောင်းပါတယ်။ရာသီဥတု ပူအိုက်ရင် ကိုယ်လက် လှုပ်ရှားမှု မများ စေသင့်ပါ။ချွေးကို ပွတ်မသုတ်ဘဲ သူ့ဘာသာ ခြောက်သွေ ့ အောင်ထားရပါမယ်။ချည်သား ချောင်ချောင်ပွပွ အဝတ်အထည်တွေ ဝတ်ရပါမယ်။မိတ်ပျောက်စေတဲ့ ပေါင်ဒါ လိမ်းပေးလို့ ရပါတယ်။အယားပျောက်ဆေး လိမ်းရမယ်။အရောင်ကျဆေး လိမ်းရမယ်။ကုတ်ရင်း ပိုးဝင်ရင် ဘက်တီးရီးယားပိုး သေဆေး လိမ်းရမယ်၊ စားရမယ်။မိတ်ပေါက်ချိန်မှာ အရေပြား သန့်ရှင်းရေးကို ဂရုစိုက်သင့်ပါတယ်။

မေးမွေးကင်းစကလေးနဲ့ ကလေးငယ်တွေ သက်သာအောင် ဘယ်လို လုပ်သင့်ပါသလဲ ဆရာမ။
ဖြေမိတ်ပေါက်စေမယ့် ပတ်ဝန်းကျင် အခြေအနေမှာ မထားသင့်ပါဘူး။ ကလေးတွေကိုဆို နွေနေပူပူထဲမှာ ကားထဲ တံခါးပိတ် မထားသင့်ပါဘူး။ လှောင်စေမယ့် အနှီးကို ကျပ်ကျပ် မထုတ်သင့်ပါဘူး၊ ရာသီဥတု ပူချိန်မှာ အင်္ကျီအထူတွေ မဝတ်သင့်ပါဘူး။ လေလှောင်တဲ့ အခန်း၊ ကားထဲလိုမျိုးမှာ တံခါးပိတ်မထားသင့်ပါဘူး။

မေးမိတ်မပေါက်အောင် အစကတည်းက ဘယ်လို ကာကွယ်သင့်ပါသလဲ ဆရာမ။
ဖြေနေပူလာလို့ အပူချိန်ကို ခံစားရတဲ့အခါ၊ ရေအေး ဖတ်လေး တင်ပေးရမယ်။သနပ်ခါး ရေကျဲလေး လိမ်းပေးလို့ရတယ်။ အေးမြတဲ့ ပတ်ဝန်းကျင်မှာ နေရပါမယ်။ လေအေးစက်၊ ဒါမှမဟုတ် ပန်ကာ၊ ယပ်တောင်လေးနဲ့ နေသင့်ပါတယ်။ ရေချိုးရင် ရေနွေးပူပူရှောင်ပြီး ရေအေးနဲ့ ချိုး သင့်ပါတယ်။ အဆီ၊ ခရင်မ်တွေများတဲ့ အရေပြားထိန်း ပစ္စည်း၊ အလှပြင်ပစ္စည်းတွေ ရှောင်သင့်ပါတယ်၊ အဝတ်ထူထူ မဝတ်သင့်ပါဘူး။ ချွေးမစုပ်နိုင်တဲ့ နိုင်လွန်သားလို အဝတ်အစားမျိုးကို ရှောင်သင့်ပါတယ်။ ယားလာရင် အယားပျောက်စေမယ့် Calamine Lotion ပေးပါလိမ့်မယ်။အရေပြား ရောင်လာရင် အရောင်ကျဆေး လိမ်းရမယ်၊ ပြည်တည်လာရင် ပဋိဇီဝပိုးသတ်ဆေး လိမ်းဆေး လိမ်းရပါမယ်၊ ဗီတာမင်စီ သောက်နိုင်ပါတယ်။

မေးခန္ဓာကိုယ်ရဲ့ ဘယ်နေရာက မိတ်ပေါက် လွယ်ပါသလဲ ဆရာမ။
ဖြေကလေးတွေဆိုရင် ခေါင်း၊ လည်ပင်းနဲ့ ကိုယ်မှာ ထွက်ပါတယ်။ လူကြီးတွေက ကိုယ်မှာ ထွက်ပါတယ်။ ဆရာမကတော့ လက်ခုံမှာ ထွက်ပါတယ်။ ပူအိုက်တဲ့ အချိန်တိုင်း လက်ခုံမှာ မိတ်တွေ ထွက်လာတတ်ပါတယ်။

မေးမိတ်ကြောင့်ယားတဲ့အခါ သက်သာအောင် ဘယ်လို လုပ်ရမလဲ ဆရာမ။
ဖြေမိတ်ပေါက်ရင် လေဝင်လေထွက် ကောင်းမယ့် အေးတဲ့ နေရာမှာ နေသင့်ပါတယ်။ ရေအေးဖတ်လေး ကပ်သင့်ပါတယ်။ ကိုယ်အပူချိန် တက်စေမယ့် လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်တာတွေ၊ နေရောင်အောက်မှာ အလုပ် လုပ်တာတွေကို ရှောင်သင့်ပါတယ်။နွေရာသီရဲ့အပူချိန် ပြင်းပြင်းမှာ အဝတ်အစားကို ချောင်ချောင်ချိချိနဲ့ ချည်သားလိုမျိုးတွေ ရွေးဝတ်ရမယ်၊ အင်္ကျီက ကျပ်ရင်၊ နိုင်လွန်သားလို ချွေးမစုပ်ရင် အရေပြားမှာ နဂိုရှိနေတတ်တဲ့ ဘက်တီးရီးယားပိုး တွေ၊ ပေါက်လာပြီး ဝက်ခြံတွေ၊ ဝက်ခြံဆန်တဲ့ အဖု လေးတွေက ကျောမှာ ဖြစ်လာတတ်တယ်။ ညင်း၊ ပွေး တွေလည်း ပေါက်လာတတ်တယ်၊ ဒီလိုအချိန်မှာ သနပ်ခါး ရေကျဲလေး လိမ်းသင့်ပါတယ်။အဆီများတဲ့ ခရင်မ်၊ အဆီ၊ အရေပြား သုံးပစ္စည်းတွေ ရှောင်သင့်ပါတယ်။မပျောက်ရင်တော့ ဆေးကုသ ရပါတော့မယ်။

မေးမိတ်ကို ပိုဆိုးစေတဲ့ အချက်တွေ ရှိရင် သိပါရစေ ဆရာမ။
ဖြေရာသီဥတု ပူတဲ့အခါ ပိတ်လှောင်နေတဲ့ ပတ်ဝန်းကျင်မှာ နေရင်၊ လေလုံတဲ့ နေရာမှာ နေရင်၊ ရာသီဥတုပူအိုက်ရင် ကိုယ်လက်လှုပ်ရှားမှု မများစေသင့်ပါ။ ချွေးကို ပွတ်မသုတ်ဘဲ သူ့ဘာသာ ခြောက်သွေ့အောင် ထားရပါမယ်။ ချောင်ချောင်ပွပွ ချည်သား အဝတ်အထည်တွေ ဝတ်ရပါမယ်။ မိတ်ပျောက်စေတဲ့ ပေါင်ဒါ ထည့်ပေးလို ့ရပါတယ်။ အယားပျောက်ဆေး လိမ်းရမယ်၊ အရောင်ကျဆေး လိမ်းရမယ်၊ ကုတ်ရင်း ပိုးဝင်ရင် ဘက်တီးရီးယား ပိုးသေဆေး လိမ်းရမယ်၊ ဘက်တီးရီးယား ပိုးသေဆေး စားရမယ်။ မိတ်ပေါက်ချိန်မှာ အရေပြား သန့်ရှင်းရေးကို ဂရုစိုက်သင့်ပါတယ်။

မေးမိတ်နဲ့ ပတ်သက်ပြီး အများပြည်သူကို ထပ်မံ ပညာပေးလိုတာ ရှိရင် သိပါရစေ ဆရာမ။
ဖြေရေဓာတ်၊ အရည်ဓာတ်၊ အသီးဖျော်ရည်တွေ ပို သောက်ရပါမယ်၊ အရက်ကိုတော့ သေချာပေါက် ရှောင်ရပါမယ်။ အချိုသိပ်များတဲ့ အရည်တွေလည်း ရှောင်ရပါမယ်။ သိပ်အေးတဲ့ ရေခဲစိမ်၊ ရေခဲရည် မသောက် သင့်ပါဘူး၊ အပူချိန်ပြင်းပြင်းကို ရှောင်ရပါမယ်၊ နေပူထဲ တတ်နိုင်သမျှ မထွက်သင့်ပါဘူး။ နေရောင်ကို တတ်နိုင်သမျှ ကာကွယ်ရပါမယ်။ အပြင်ထွက်ရင်လည်း နေပူကို မထိအောင် တတ်နိုင်သမျှ ကြိုးစား ကာကွယ်ရပါမယ်၊ နေရောင်ကာ ခရင်မ်၊ ဦးထုပ်၊ မျက်မှန်၊ ပဝါတွေ သုံးရပါမယ်။ တတ်နိုင်သလောက် ကိုယ်လက်လှုပ်ရှားမှု နည်းစေရပါမယ်၊ကလေးတွေ ၊ တိရစ္ဆာန်တွေကို ကားထဲ အလုံ ပိတ်ပြီး မထားသင့်ပါဘူး။ မတတ်သာလို့ ထားခဲ့ရင် ပြတင်းပေါက်တွေ ဖွင့်ပေးခဲ့ရပါမယ်။ ရာသီဥတု သိပ်ပူနေရင် အနားယူနေတာ ပိုကောင်းပါတယ်။ အရိပ်အောက်မှာ နေသင့်ပါတယ်။ အာဟာရ ပုံမှန် စားရပါမယ်၊ အသက်ကြီးသူ၊ ရောဂါရှိသူတွေကို သတိထားသင့်ပါတယ်။ မိတ်ရဲ့နောက်ဆက်တွဲအနေနဲ့ ချွေးတိတ်စေ တတ်ပါတယ်။ ချွေးကျိတ်၊ ချွေးပေါက်တွေ ပိတ်လို့ ဖြစ်တတ်ပါတယ်။ ခံစားရသူမှာ နေမထိ၊ ထိုင်မသာ ဖြစ်တတ်ပြီး အစားပျက်၊ ခေါင်းမူး၊ ခေါင်းကိုက်တာ တွေ ဖြစ်တတ်ပါတယ်။

Most Popular

Healthy Life Ad
To Top