Healthy Life Ad
Health Tips

ကိုယ်ဝန်ဆောင်စဉ် အဖြစ်များသည့် အရေပြား ပြဿနာများ

မီမိုး(ဆေးဝါးတက္ကသိုလ်)

ကိုယ်ဝန်ဆောင်ဘဝမှာ ခန္ဓာကိုယ် ပြောင်းလဲမှု တွေနဲ့အတူ အရေပြား အပြောင်းအလဲတွေလည်း ဖြစ်တတ်ပါတယ်။

– အဖုအပိမ့်ထွက်ခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာ တစ်ခါတစ်ရံ ဝမ်းဗိုက်၊ တင်ပါး၊ ပေါင်နဲ့ လက်မောင်းတွေမှာ အနီဖုတွေ ထွက်လာတတ်ပါတယ်။ အဲဒါက ဝက်ခြံအဆံဖုနဲ့ လည်း တူပြီး ကလေးမွေးပြီးချိန်မှာ အလိုလို ပျောက် သွားတတ်ပါတယ်။ ဒီအဖုအပိမ့်ပေါက်တာက သင့်ရင်သွေးကို မထိခိုက်စေနိုင်ပါဘူး။

– ဝက်ခြံထွက်ခြင်း

ဆယ်ကျော်သက်အရွယ်မှာ ဝက်ခြံထွက်ထွက်၊ မထွက်ထွက် ကိုယ်ဝန်ဆောင်စဉ်မှာ ဝက်ခြံ အထွက် များတတ်ပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးရဲ့ အသားအရေက အလွန် အထိမခံဖြစ်တဲ့အတွက် ပြင်းထန်တဲ့ ဓာတုပစ္စည်းပါတဲ့ ဝက်ခြံပျောက်ဆေးနဲ့ ကြေးချွတ်ပစ္စည်းတွေ သုံးတာမျိုး မလုပ်သင့်ပါဘူး။ ကလေးမွေးပြီးချိန်မှာ ဟော်မုန်းအဆင့်က ပုံမှန် ပြန်ရောက်သွားပြီး ဝက်ခြံကလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။

– အရေပြား အသားသီးဖြစ်ခြင်း

ကိုယ်ဝန်ဆောင်စဉ် တချို့အမျိုးသမီးတွေဟာ လည်ပင်း၊ လက်မောင်းနဲ့ ရင်ဘတ်နေရာတွေမှာ အသားသီးတွေ ဖြစ်ပေါ်တတ်ပါတယ်။ အရေပြားရဲ့ အပေါ်ယံအလွှာမှာ အသားသီးတွေပေါ်တတ်တာကြောင့် အန္တရာယ်မရှိပါဘူး။ ကလေးမွေးပြီး လအနည်းငယ် အကြာမှာ အလိုလို ပျောက်သွားတတ်ပါတယ်။

– အရေပြားခြောက်သွေ့ ယားယံခြင်း

ကိုယ်ဝန်ဆောင်ချိန် ဝမ်းဗိုက်က ကြီးထွားလာတဲ့အတွက် အရေပြား ဆွဲဆန့်မှု ဖြစ်လာပြီး အရေပြား ခြောက်သွေ့ အက်ကွဲလာတတ်ပါတယ်။ အဲဒီအခါ ယားယံမှုက ဝမ်းဗိုက်တင်မက ပေါင်နဲ့ တင်ပါးနေရာမှာပါ ခြောက်သွေ့ယားယံလာတတ်ပါတယ်။ အဲဒီအရေပြား နေရာတွေကို အစိုဓာတ်ထိန်း လိုးရှင်းလိမ်းပေးတာက တကယ် အထောက်အကူ ဖြစ်စေပါတယ်။

– ဝမ်းဗိုက်ပေါ်က အမည်းလိုင်း ထင်းနေခြင်း

အမျိုးသမီးတွေမှာ သဘာဝအားဖြင့် ချက်ကနေ ဆီးခုံအလယ်လောက်အထိ အလွန်ဖျော့တော့ တဲ့ အဖြူလိုင်း ရှိပါတယ်။ အဲဒါက ကိုယ်ဝန်ဆောင် ကာလ ဒုတိယသုံးလပတ်ကာလအတွင်း သိသိသာသာ မည်းလာတတ်ပါတယ်။ ကလေးမွေးပြီး လအ နည်းငယ်အတွင်း အလိုလို ပျောက်သွားပါလိမ့်မယ်။

– လက်ဖဝါး နီမြန်းခြင်း

ကိုယ်ဝန်ဆောင်ကာလ ပထမလအနည်းငယ် အတွင်း လက်ဖဝါးနီမြန်းနေတာကို သတိပြုမိပါလိမ့်မယ်။ တစ်ခါတလေ ယားယံတတ်ပါတယ်။ ကိုယ်ဝန် ဆောင်စဉ်အတွင်း ဒီလို အရေပြား ပြောင်းလဲမှုက ယာယီအခြေအနေပဲ ဖြစ်ပါတယ်။

– အရေပြားပေါ်တွင် အညိုရောင် အကွက်ပေါ်ခြင်း

ကိုယ်ဝန်ဆောင်စဉ်မှာ နဖူး၊ နှာခေါင်း၊ရင်ဘတ် အပေါ်ပိုင်းနဲ့ မေးစေ့တွေမှာ အမည်းကွက် ပေါ်လာ တတ်ပါတယ်။ ဒါက ဟော်မုန်းကြောင့် မယ်လနင် အထွက်တိုးလာလို့ ဖြစ်ရတာပါ။ နေဒဏ်ထိတွေ့မှု မရှိအောင် တတ်နိုင်သမျှ ရှောင်သင့်ပါတယ်။

– မည်းနက်သော နေရာတို့ ပိုမည်းလာခြင်း

ဟော်မုန်း အပြောင်းအလဲကြောင့် ခန္ဓာကိုယ်ထဲမှာ မည်းနက်တဲ့ နေရာတွေ (ဥပမာ နို့သီးခေါင်းနဲ့ နို့ သီးခေါင်းတစ်ဝိုက် အရေပြား)တွေက ပိုအရောင့်ရင့် လာတတ်ပါတယ်။ မှဲ့၊ မှဲ့ခြောက်နဲ့ မွေးရာပါအမှတ် တွေလည်း ပိုအရောင်ရင့်လာတတ်ပါတယ်။ ကလေး မွေးပြီး ပုံမှန်အရောင် ပြန်ဖြစ်သွားမှာပါ။

Most Popular

Healthy Life Ad
To Top