Healthy Life Ad
Health Tips

ဘိုးဘိုးဘွားဘွားတို့ အယ်လ်ဇိုင်းမားရောဂါ မဖြစ်စေရန် ဦးနှောက်ကို ကာကွယ်နိုင်မည့် အာဟာရ ခုနစ်မျိုး

၊ မီမိုး (ဆေးဝါးတက္ကသိုလ်) ၊
မျိုးဗီဇနဲ့လေ့ကျင့်ခန်းဟာ ဦးနှောက်ကျန်းမာရေးအတွက် အရေးပါတဲ့ကဏ္ဍမှာ ပါဝင်နေသလို သူငယ်ပြန်မှတ်ဉာဏ်လျော့နည်းရောဂါနဲ့ အယ်လ်ဇိုင်းမားရောဂါ မဖြစ်စေဖို့ရာအတွက် အာဟာရက အလွန်အရေးကြီးပါတယ်။ ဒါကြောင့် အသက်ကြီးသူတွေရဲ့ ဦးနှောက်ကို အကာအကွယ်ပေးနိုင်ဖို့ရာ အတွက် အောက်ပါအစားအသောက်တွေကို စားပေးသင့်ပါတယ်။
အမည်းရောင် ချောကလက်
အမည်းရောင်ချောကလက်မှာ ဖလေဗနော ပါဝင်တဲ့အတွက် ဦးနှောက်ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ဖလေဗနောပါတဲ့ အစာတွေကို များများစားတဲ့အတွက် ဦးနှောက်အပေါ် သက်ရောက်မှုအကြောင်းကို သုံးလကြာလေ့လာခဲ့ရာ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာ သိသိသာသာ ကောင်းမွန်တိုးတက်မှု ရှိကြောင်း တွေ့ရှိခဲ့ရပါတယ်။

ငါး
ဆယ်လ်မွန်ငါး၊ မက်ကရယ်ငါးနဲ့ တူနာငါးတို့လို အိုမီဂါ ၃ ဖက်တီးအက်ဆစ် ပါဝင်မှုများတဲ့ ငါးတွေ စားတာကြောင့် နှလုံးကျန်းမာစေရုံသာမကဦးနှောက်အစွမ်းကို ကောင်းမွန်စေပါတယ်။ ၂၀၁၄ လေ့လာမှုအရ အိုမီဂါ ၃ ဖက်တီးအက်ဆစ် ပါဝင်တဲ့ အားဆေးမှီဝဲတဲ့ ကြွက်တွေဟာ အိုမင်းလာချိန်အထိ သင်ကြားပေးရင် တတ်လွယ်ပြီး မှတ်ဉာဏ်သိသိသာသာ ကောင်းနေကြောင်း သိရပါတယ်။

မဂ္ဂနီဆီယမ်
မဂ္ဂနီဆီယမ်ချို့တဲ့ရင် ဦးနှောက် အိုမင်းတာ၊ တွေးခေါ်နိုင်စွမ်းကျဆင်းတာနဲ့ သူငယ်ပြန်မှတ်ဉာဏ်လျော့နည်းတာ စတာတွေကို ဖြစ်စေနိုင်ပါ တယ်။ ဟင်းနုနယ်ရွက်၊ ဖရုံစေ့၊ ဒိန်ချဉ်၊ ပဲမည်း၊ ထောပတ်သီး၊ အမည်းရောင် ချောကလက်၊ ငှက်ပျောသီးနဲ့ သဖန်းသီးတွေလို မဂ္ဂနီဆီယမ် ပါဝင်တဲ့ အစာတွေ ကိုစားတာ ဒါမှမဟုတ် မဂ္ဂနီဆီယမ် အားဆေးမှီဝဲတာတို့လုပ်တာကြောင့် ဦးနှောက်အိုမင်းမှုကို တွန်းလှန်ပေးနိုင်ပါတယ်။

အခွံမာသီးနှင့် အစေ့အဆန်
အခွံမာသီးနဲ့ အစေ့အဆန်တွေမှာ အိုမီဂါ ၃ ဖက်တီးအက်ဆစ်ပါဝင်တာကြောင့် မှတ်ဉာဏ်ဆုံးရှုံးမှုကို တွန်းလှန်ပေးနိုင်စွမ်း ရှိပါတယ်။ သစ်ကြားသီး မှာ အိုမီဂါ ၃ဖက်တီးအက်ဆစ်၊ ဗီတာမင်အီး၊ ဖောလိတ်၊ အင်တီအောက်ဆီးဒင့်နဲ့ မယ်လတိုနင်တို့ ပါဝင်မှုများတာကြောင့် အသက်ကြီးသူတွေရဲ့ ဉာဏ်ရည်ကို တိုးတက်ကောင်းမွန်စေတာ ဖြစ်ပါတယ်။

ဘလူးဘယ်ရီသီး
ဘလူးဘယ်ရီသီးမှာ အင်တီအောက်ဆီးဒင့်နဲ့ ရောင်ရမ်းမှုကျစေတဲ့ အာနိသင်တို့ ပါဝင်တဲ့အတွက် မှတ်ဉာဏ်ကို ကောင်းမွန်စေတယ်လို့ ၂၀၁၀ လေ့လာမှုအရ သိရပါတယ်။ ဘလူးဘယ်ရီသီးမှာ အန်သိုဆိုင်ယာနင်ဒြပ်ပေါင်း ပါဝင်တဲ့အတွက် ဦးနှောက်ရဲ့ မှတ်ဉာဏ်နဲ့ဆိုင်တဲ့ အပိုင်းကို အားကောင်းစေပြီး သင်ယူလေ့လာမှုနဲ့ စကားလုံးမှတ်မိနိုင်စွမ်းကို တိုးတက်စေတာဖြစ်ပါတယ်။

ဟင်းသီးဟင်းရွက်များ
အိုမင်းမှုဆိုင်ရာ လေ့လာမှုအရ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နဲ့ ကောက်နှံ စားတာကြောင့် နှလုံးရောဂါနဲ့ အမျိုးအစား (၂) ဆီးချိုသွေးချိုရောဂါတို့လို နာတာရှည်ရောဂါဝေဒနာဖြစ်နှုန်းကို လျော့ကျစေရုံသာမက တွေးခေါ်မြော်မြင်နိုင်စွမ်းကျဆင်းမှုကိုလည်း တွန်းလှန်ပေးနိုင်ကြောင်း တွေ့ရှိရပါတယ်။ အထူးသဖြင့် ပန်းဂေါ်ဖီစိမ်းနဲ့ ဟင်းနုနယ်ရွယ်လို အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကို များများ စားပေးသင့်ပါတယ်။

လက်ဖက်စိမ်းလက်ဖက်ရည်

လက်ဖက်စိမ်းလက်ဖက်ရည်ဟာ ဦးနှောက်ကို အသက်ကြီးတဲ့အထိ အကာအကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ လက်ဖက်စိမ်းလက်ဖက်ရည်က တွေးခေါ်မြော်မြင်နိုင်စွမ်းနဲ့ မှတ်သားနိုင်စွမ်းကို သိသိသာသာ ကောင်းမွန်စေလို့ပါ။
( Ref;MD )

Most Popular

Healthy Life Ad
To Top