Healthy Life Ad
Health Tips

အတက်ရောဂါရှိသူနှင့် အတူနေထိုင်ပါက ဆင်ခြင်ရမည့် အချက်များ

———၊ မီမိုးမေ(ဆေးဝါးတက္ကသိုလ်) ၊———

အရင်က ဝက်ရူးပြန်ရောဂါလို့ သုံးခဲ့ကြတဲ့ အတက်ရောဂါ (Epilepsy) ရှိတဲ့သူတွေဟာ သင့်တော်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ လိုအပ်တဲ့ ကာကွယ်မှုတွေ ရှိမယ်ဆိုရင် အရွယ်ရောက်တဲ့အထိ ကျန်းကျန်းမာမာ နေထိုင်သွားနိုင်ပါတယ်။ ဒါကြောင့် သင့်မိသားစုဝင်ထဲမှာ အတက်ရောဂါရှိသူ တစ်ဦးဦးရှိနေခဲ့ရင် အတက်ရောဂါရှိတဲ့ သင့်မိသားစုဝင် အန္တရာယ်ကင်းကင်း နေထိုင်နိုင်ဖို့ ဆင်ခြင်လိုက်နာသင့်တဲ့ အချက်တွေကို အကြံပြုပေးပါ ရစေ။

(၁) လှေကားနဲ့ အမြင့်ကို တက်ဖို့မလိုတဲ့ အိမ် ဒါမှမဟုတ် အခန်းမှာနေပါ။ ဒါမှသာ တက်တာကြောင့်ဖြစ်တဲ့ မတော်တဆ လဲကျတာနဲ့ ထိခိုက်ဒဏ်ရာရတာတို့ မဖြစ်အောင် ရှောင်လွှဲနိုင်မှာပါ။

(၂) တတ်နိုင်ရင် အလိုအလျှောက် ဖွင့်၊ ပိတ် လုပ်လို့ရတဲ့ လျှပ်စစ်ကိရိယာနဲ့ အိမ်သုံးပစ္စည်းတွေကို ဝယ်ယူအသုံးပြုပါ။

(၃) စားပွဲထောင့် ဒါမှမဟုတ် ပရိဘောဂပစ္စည်းထောင့်တွေကို ချွန်ထက်နေတာမျိုး မဖြစ်အောင် အခုအခံတွေကို ထားပေးပါ။ ဒါမှသာ တက်နေချိန်မှာ ထိခိုက်မှုမဖြစ်အောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

(၄) မိသားစုဝင်တွေက တက်ရင် မထိန်းချုပ်နိုင်တဲ့သူကို အခန်းထဲမှာ ဘယ်တော့မှ တစ်ယောက်တည်း မထားသင့်ပါဘူး။ အထူးသဖြင့် မီးဖိုခန်းထဲမှာ မထားသင့်ပါ။

(၅) မဖြစ်သာလို့ အိမ်မှာတစ်ယောက်တည်း ထားခဲ့ရတဲ့အခါ မိတ်ဆွေသူငယ်ချင်းနဲ့ အိမ်နီးချင်းတွေကို အကြောင်းတစ်ခုခုရှိရင် သတိပေးဖို့ အမြဲမှာထားပါ။

(၆) မီးဖိုနဲ့ ချက်ပြုတ်တာထက် မိုက်ခရိုဝေ့ဖ်မီးဖိုနဲ့ ဟင်းလျာချက်ပြုတ်ပါ။

(၇) ပလတ်စတစ်ပန်းကန် ခွက်ယောက်တွေကို အသုံးပြုပါ။

(၈) ဓားသုံးဖို့ မလိုအောင် တုံးတစ်ပြီးသား အသားတွေကိုပဲ ဝယ်ယူသုံးစွဲပါ။

(၉) ရေချိုးခန်းထဲမှာ ရေချိုးတဲ့အခါ တံခါးအတွင်းထဲကနေ ဘယ်တော့မှ ပိတ်မထားပါနဲ့။ ဒါမှသာ အကူအညီလိုအပ်ရင် အပြင်ကလူက အမြန်ဝင်နိုင်မှာ ဖြစ်ပါတယ်။

(၁၀) လျှပ်စစ်အသုံးအဆောင် အားလုံးကို ဘေစင်၊ ရေစည်တို့နဲ့ ဝေးဝေးမှာ တပ်ဆင်ပါ။

(၁၁) တက်နေချိန်မှာ အပူလောင်တာမျိုး မဖြစ်စေဖို့ ရေအပူပေးတဲ့စက်နဲ့ ဝေးဝေးမှာနေပါ။

(၁၂) တက်တဲ့အကြိမ်ရေနည်းအောင် အပြုအမူ၊ အလေ့အထတွေကို အစီအစဉ်ရေးဆွဲထားပါ။

(၁၃) အတက်ရောဂါရှိသူ လေ့ကျင့်ခန်းလုပ်တဲ့အခါ ပူပြင်းလွန်းတဲ့ ရာသီဥတုကို ရှောင်ရှားပါ။ ရေဓာတ်ခမ်းခြောက်မှု မဖြစ်အောင် ရေဘ%0းကို အမြဲဆောင်ထားပါ။ ဒါမှ တက်နိုင်ခြေကို လျော့ကျစေမှာ ဖြစ်ပါတယ်။

(၁၄) လေ့ကျင့်ခန်း ပရိုဂရမ်အသစ်တစ်ခုမစခင် ဆရာဝန်ကို အရင်တိုင်ပင်ပါ။

Most Popular

Healthy Life Ad
To Top