Healthy Life Ad
Health Tips

သင်စားချင်စိတ် ပြင်းပြနေသော အစားအစာမှတစ်ဆင့် သိနိုင်သည့် သင့်ကိုယ်တွင်းကျန်းမာရေး

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

အစာတစ်ခုခုကို စားချင်စိတ် ပြင်းပြနေတာဟာ သင့်ခန္ဓာကိုယ်က တစ်ခုခုမှားယွင်းနေကြောင်း ပြသနေတာပါ။ သင်က အချိုသရေစာကို စားချင်စိတ် ပြင်းပြနေသလား၊ ချောကလက်စားချင်နေသလား ဒါကိုကြည့်ပြီး သင့်ခန္ဓာကိုယ်မှာ ဘယ်လိုဓာတ်တွေ လိုအပ်နေတယ်ဆိုတာ သိနိုင်ပါတယ်။

အချိုစာကို စားချင်စိတ် ပြင်းပြနေရင် သင့်ခန္ဓာကိုယ်က ခရိုမီယမ်ဓာတ်လိုအပ်နေတာပါ

လူတစ်ယောက်က အစာစားလိုက်တဲ့အခါ သွေးတွင်းသကြားဓာတ် မြင့်တက်လာပြီး အင်ဆူလင်ထွက်လာပါတယ်။ “အခွံချွတ်ထားတဲ့ သကြားနဲ့ ကာဗိုဟိုက်ဒရိတ်အစာကို စားလိုက်ရင် သွေးတွင်းသကြားဓာတ် မမျှတမှု ဖြစ်လာပြီး အင်ဆူလင်ပိုထွက်ကာ သွေးတွင်းသကြားဓာတ် သိသိသာသာ မြင့်တက်လာပါတယ်။ ဒီအခြေအနေ ဖြေရှင်းပြီးတဲ့အခါ သွေးတွင်းသကြားဓာတ် လျော့ကျသွားပြီး မကြာခင် အချိုစာစားချင်စိတ် ဖြစ်ပေါ်လာပါလိမ့်မယ်။ အချိုစာကို စားလေလေ၊ စားချင်စိတ် ပြင်းပြလေလေပါပဲ”လို့ ကျွမ်းကျင်သူ မစ်ဝီကစ်ဆန်က ဆိုပါတယ်။

သကြားပါတဲ့ အချိုစာ စားချင်စိတ်ကို လျှော့ချနိုင်ဖို့ ခရိုမီယမ်သတ္တုဓာတ်ကို မှီဝဲသင့်တယ်လို့ အကြံပြုထားပါတယ်။ ခရိုမီယမ်က အင်ဆူလင်အဆင့်ကို ဟန်ချက်ညီအောင် ထိန်းပေးတဲ့ သတ္တုဓာတ် တစ်မျိုးဖြစ်တာကြောင့်ပါ။ ခရိုမီယမ်သတ္တုဓာတ် ပါဝင်မှုများတဲ့အစာတွေက တိရစ္ဆာန်အသည်း၊ ကျောက်ကပ်၊ အမဲသား၊ ကြက်သား၊ မုန်လာဥနီ၊ အာလူး၊ ပန်းဂေါ်ဖီစိမ်း၊ ကညွတ်၊ ကောက်နှံတစ်ခုလုံးနဲ့ လုပ်ထားတဲ့အစာနဲ့ ဥအမျိုးမျိုးတို့ ဖြစ်ကြပါတယ်။

အဆီအအိမ့်များတဲ့ ကာဗိုဟိုက်ဒရိတ်အစာကို စားချင်စိတ် ပြင်းပြနေလျှင် သင့်ခန္ဓာကိုယ်က ထရစ်ပတိုဖန်ဓာတ် လိုအပ်နေတာပါ

ပေါင်မုန့်၊ ခေါက်ဆွဲ၊ အာလူး စတဲ့ ကာဗိုဟိုက်ဒရိတ်အစာတွေကို စားချင်စိတ် အလွန်အမင်း ဖြစ်ပေါ်နေရင် သင့်ခန္ဓာကိုယ်က မရှိမဖြစ် အမိုင်နိုအက်စစ် ထရစ်ပတိုဖန် ချို့တဲ့နေတဲ့ လက္ခဏာပါ။ ခန္ဓာကိုယ်က စိတ်ခံစားမှုကောင်းစေတဲ့ ဆီရိုတိုနင်ထွက်ရှိဖို့ ထရစ်ပတိုဖန်ကို အသုံးပြုပါတယ်။ ကာဗိုဟိုက်ဒရိတ် အစာတွေကို စားချင်စိတ် ပြင်းပြနေတာက အမိုင်နိုအက်စစ် ထရစ်ပတိုဖန် လျော့နည်းနေတဲ့ လက္ခဏာဖြစ်ပြီး ဦးနှောက်ထဲမှာ စိတ်ခံစားမှုကောင်းစေတဲ့ ဆီရိုတိုနင်ထွက်ရှိစေပါတယ်။ ထရစ်ပတိုဖန်က အိပ်စက်မှုနဲ့ နိုးထမှုအတွက် အရေးပါသလို အစာကြေညက်စေပါတယ်။ ဆီရိုတိုနင်ဓာတ် ချို့တဲ့တာက စိတ်ခံစားမှု လျော့နည်းပြီး ပူပင်သောက များစေပါတယ်။ ဥအမျိုးမျိုး၊ ငှက်ပျောသီးနဲ့ သစ်ကြားသီးတွေထဲမှာလည်း ထရစ်ပတိ်ုဖန်ဓာတ် ပါဝင်နေပါတယ်။

ချောကလက်ကို စားချင်စိတ်ပြင်းပြနေရင် သင့်ခန္ဓာကိုယ်က မဂ္ဂနီဆီယမ်ဓာတ် လိုအပ်နေတာပါ

ချောကလက်ကို အလွန်အမင်း စားချင်နေရင် သင့်ခန္ဓာကိုယ်က မဂ္ဂနီဆီယမ်လိုအပ်ကြောင်း ပြသနေတာပါ။ လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းဟာ နေ့တိုင်း စားတဲ့အစာထဲမှာ မဂ္ဂနီဆီယမ် ချို့တဲ့နေတတ်ပါတယ်။ မဂ္ဂနီဆီယမ်က ကိုယ်တွင်းရောင်ရမ်းမှုမဖြစ်အောင် ကာကွယ်ရင်း ကိုယ်ခံစွမ်းအားစနစ်ကို အထောက်အပံ့ပေးနေပါတယ်။ ဒါ့အပြင် အာရုံကြောစနစ်ကို ဟန်ချက်ညီမျှစေပြီး ပူပင်သောကကို လျော့ပါးစေပါတယ်။ မဂ္ဂနီဆီယမ်က အရိုးကျန်းမာရေးကို အားကောင်းစေပါတယ်။ မဂ္ဂနီဆီယမ်ပါဝင်မှုများတဲ့ အစာတွေက အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ၊ ဟင်းနုနယ်ရွက်၊ ကိုက်လန် စတာတွေ ဖြစ်ကြပါတယ်။

နေကြာစေ့၊ သီဟိုဠ်စေ့ စတဲ့ အခွံမာသီးနဲ့ အစေ့အဆန်တွေထဲမှာလည်း မဂ္ဂနီဆီယမ် ပါဝင်နေပါတယ်။ ဆယ်လ်မွန်ငါး၊ တူနာငါးနဲ့ မက်ကရယ်ငါးတွေထဲမှာလည်း မဂ္ဂနီဆီယမ်ပါဝင်မှု များတဲ့အတွက် တစ်ပတ်အနည်းဆုံး တစ်ကြိမ်ခန့် စားသင့်ပါတယ်။ သရေစာအဖြစ် ပဲပုပ်စေ့လှော်ကို ခွက်တစ်ဝက်လောက် စားလိုက်ရင် တစ်နေ့တာအတွက် လိုအပ်တဲ့ မဂ္ဂနီဆီယမ် ထက်ဝက်နီးပါး ရရှိစေပါတယ်။ ထောပတ်သီးမှာလည်း တစ်နေ့တာလိုအပ်တဲ့ မဂ္ဂနီဆီယမ်ရဲ့ ၁၅ ရာခိုင်နှုန်းခန့် ပါဝင်ပါတယ်။ အဆီနည်းတဲ့ ဒိန်ချဉ်နဲ့ ငှက်ပျောသီးမှာလည်း မဂ္ဂနီဆီယမ် ပါဝင်ပါတယ်။

အသားကို စားချင်စိတ် ပြင်းပြနေရင် သင့်ခန္ဓာကိုယ်က သံဓာတ်နှင့် ဇင့်(သွပ်)ဓာတ် လိုအပ်နေတာပါ

အသားစားချင်စိတ် ပြင်းပြနေရင် သင့်ခန္ဓာကိုယ်က သံဓာတ်ကို ပိုမိုလိုအပ်နေတဲ့ လက္ခဏာပါ။ အနီရောင်အသားမစားဘဲ နေတာကြောင့် သံဓာတ်ချို့တဲ့မှု ဖြစ်တတ်ပါတယ်။ သံဓာတ်က ကိုယ်ခံအားစနစ်ကို ထောက်ပံ့ပေးပြီး တစ်ကိုယ်လုံးအနှံ့ အောက်ဆီဂျင် ပို့ဆောင်ပေးပါတယ်။ သံဓာတ်မရှိရင် ပင်ပန်းတာနဲ့ နုံးချည့်တာတို့ ဖြစ်တတ်ပါတယ်။ ဒါကြောင့် တစ်ပတ်မှာ အနည်းဆုံး တစ်ကြိမ်ခန့် အဆီနည်းတဲ့ အသားကို စားပေးသင့်ပါတယ်။

အသားစားချင်စိတ် ပြင်းပြတာက သံဓာတ်ချို့တဲ့တဲ့ လက္ခဏာဖြစ်သလိုပဲ ဇင့်(သွပ်)ဓာတ်ချို့တဲ့တဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။ ဇင့်ဓာတ်ချို့တဲ့တာက အနီရောင်အသား စားနှုန်းနည်းတဲ့ ယူကေလူမျိုးတွေမှာ ပိုအဖြစ်များပါတယ်။ သွပ်ဓာတ်က ကိုယ်ခံအားစနစ်အတွက် အရေးပါပြီး သွပ်ဓာတ်ချို့တဲ့ရင် အအေးမိတာနဲ့ တုပ်ကွေးကွေးတာတို့ကို ပိုဖြစ်လွယ်စေပါတယ်။ သွပ်ဓာတ်က ဆံပင်၊ လက်သည်း၊ ခြေသည်းနဲ့ အရေပြားသန်စွမ်းကျန်းမာဖို့အတွက် အသုံးဝင်ပါတယ်။ အနီရောင်အသားမှာ သွပ်ဓာတ်အများဆုံး ပါဝင်ပြီး ပုစွန်၊ ပဲနီလေး၊ ဟင်းနုနယ်ရွက်၊ ဖရုံစေ့၊ ဒိန်ခဲနဲ့ ကောက်နှံတစ်ခုလုံးနဲ့ လုပ်ထားတဲ့ ပေါင်မုန့်တွေမှာလည်း သွပ်ဓာတ်ပါဝင်နေပါတယ်။

ဆားငန်တဲ့အစာကို စားချင်စိတ်ပြင်းပြနေရင် သင့်ခန္ဓာကိုယ်က ဆိုဒီယမ်ဓာတ်လိုအပ်နေတာပါ

ဆားငန်တဲ့ အစာတွေကို စားချင်စိတ် ဖြစ်ပေါ်တာက သင့်ခန္ဓာကိုယ်မှာ ဆိုဒီယမ်အလွန်အမင်း လျော့နည်းနေတဲ့ လက္ခဏာပါ။ ရေဓာတ်ခမ်းခြောက်တာ၊ လေ့ကျင့်ခန်းလုပ်ပြီး ချွေးထွက်များတာ၊ ဖျားတာ၊ အရက်သောက်ထားတာ စတဲ့ အခြေအနေတွေမှာ ဆိုဒီယမ်ချို့တဲ့နေတတ်ပါတယ်။ ဆိုဒီယမ်က ခန္ဓာကိုယ်ထဲက ရေဓာတ်ကို ဟန်ချက်ညီမျှစေပြီး သွေးဖိအားထိန်းပေးတဲ့ အရေးကြီးသတ္တုဓာတ် တစ်မျိုးပါ။ ဆားပါတဲ့ ပြောင်းဖူးပေါက်ပေါက်၊ သစ်သီးခြောက် စတာတွေကို သရေစာအဖြစ်စားပြီး ဆိုဒီယမ်ဓာတ်ကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။ တရုတ်နံနံပင်နဲ့ မုန်လာဥနီမှာလည်း ဆိုဒီယမ်အနည်းငယ် ပါဝင်နေပါတယ်။

Most Popular

Healthy Life Ad
To Top