Healthy Life Ad
Health Tips

ဘိုးဘွားအရွယ်အထိ ချစ်ခြင်းမေတ္တာ ခိုင်မြဲနေစေမည့် နည်းခြောက်သွယ်

၊ လရိပ်မေ ၊

အိမ်ထောင်သားမွေးပြုပြီးချိန်မှာ အိမ်ထောင့်တာဝန်၊ သားသမီးတာဝန်တွေကြောင့် မအားလပ်နိုင်အောင် ပင်ပန်းနွမ်းနယ်ရတတ်ပါတယ်။ ကလေးတွေကိုပြုစုပျိုးထောင်ရင်း၊ မိသားစုငွေရေးကြေးရေး စီမံခန့်ခွဲရင်း၊ နာမကျန်းမှုအတွက် ပြုစုပေးရင်းနဲ့ ကလေးတွေ အရွယ်ရောက် လူလားမြောက်လာချိန်မှာ အသက်ကြီးမှန်းမသိ ကြီးလာပါတော့တယ်။ အဲဒီအချိန်မှာ ဇနီးမောင်နှံနှစ်ယောက် ဘုရားသွား၊ ကျောင်းတက် အတူလုပ်ရင်း ချစ်ခြင်းမေတ္တာတွေက အိုမင်းမသွားဘဲ နုပျိုလန်းဆန်းနေအောင် ကြိုးစားရင်းဘဝနေဝင်ချိန်တွေကို ကျက်သရေရှိရှိ ဖြတ်သန်းသွားသင့်ပါတယ်။
(၁) လက်ချင်း ဆုပ်ကိုင်ပါ
လမ်းအတူလျှောက်ရာမှာပဲဖြစ်ဖြစ်၊ ဝမ်းနည်းတဲ့အခါဖြစ်ဖြစ် လက်ချင်းဆုပ်ကိုင်တာက တစ်ဦးနဲ့ တစ်ဦး ဘယ်အရွယ်မှာမဆို ချစ်ခြင်းမေတ္တာက ခိုင်မြဲနေသေးတယ်ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။ ဘိုးဘွားအရွယ်အထိ တစ်ယောက်နဲ့တစ်ယောက် စိတ်ဆိုးအောင် စနောက်တာ၊ ကျီစယ်တာစတဲ့ အပြုအမူ လေးတွေ လုပ်ပေးတာက စိတ်ကြည်နူးစေတဲ့နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။

(၂) အားပေးပါ
ဘိုးဘွားအရွယ်မှာ ခင်ပွန်းက ပန်းချီဆွဲတဲ့အခါ ဇနီးသည်က အားပေးတာမျိုး၊ ဇနီးက ဟင်းလျာအသစ် ချက်ပြုတ်တဲ့အခါ ခင်ပွန်းက ချီးကျူးတာမျိုး လုပ်ဆောင်ပေးတာက တစ်ဦးနဲ့တစ်ဦး ချစ်ခြင်းမေတ္တာကို ခိုင်မြဲနေစေပါတယ်။ သားသမီးတွေနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ် စိတ်မကောင်းစရာ ကိစ္စတွေရှိလာရင် တစ်ဦး စိတ်ပျော်ရာ လုပ်ဆောင်ချိန်မှာ နောက်တစ်ဦးက အားပေးတဲ့နည်းနဲ့ စိတ်သက်သာရာရအောင် ဖြေသိမ့်ပေးနိုင်ပါတယ်။

(၃) လူမှုရေးအလုပ်များ အတူတွဲဖက် လုပ်ဆောင်ပါ
လူမှုရေးအလုပ်၊ ဘာသာရေးအလုပ်နဲ့ အိမ်အလုပ်တွေကို ဇနီးမောင်နှံနှစ်ဦး အတူတွဲဖက်လုပ် ဆောင်တာကြောင့် ဘဝက ပိုအဓိပ္ပာယ်ရှိလာပါလိမ့်မယ်။ အရေးကြီးဆုံးက သင့်အိမ်ထောင်ဖက်ကိုဘဝရဲ့ အရေးပါဆုံး ပုဂ္ဂိုလ်အဖြစ် အသိအမှတ်ပြုထားဖို့ပါ။ ဒီနည်းလမ်းက ကောင်းမွန်တဲ့ ပေါင်းသင်းဆက်ဆံရေးကို တည်ဆောက်နိုင်ပြီး ဘဝက အေးချမ်းလှပနေမှာ ဖြစ်ပါတယ်။

(၄) သည်းခံခွင့်လွှတ်ပါ
အသက်အရွယ်ရလာတဲ့အခါ လူငယ်တွေကို စိတ်တိုင်းမကျတာ၊ အားမလိုအားမရဖြစ်တာနဲ့ စိတ်သွားတိုင်း ကိုယ်မပါတာတွေဖြစ်တဲ့အခါတွေမှာ စိတ်တိုဒေါသထွက်လွယ်လာတတ်ပါတယ်။ “အဘိုးကြီး ဆိုတော့ ဇီဇာကြောင်တယ်၊ အဘွားကြီးဆိုတော့ ပွစိ ပွစိနဲ့ . .”စသဖြင့် ပြောတာမျိုး ကြားဖူးမှာပါ။ အဲဒီအတွက် သင့်အိမ်ထောင်ဖက်အပေါ် သင်ကပဲ နားလည်မှု ပေးလိုက်ပါ။ သည်းခံခွင့်လွှတ်ပြီး အကောင်းဘက်က ကြည့်တတ်၊ မြင်တတ်အောင် လမ်းညွှန်ပေးမှသာ သူရောကိုယ်ပါ စိတ်ဖိစီးမှုလျော့ပါးသွားမှာဖြစ်ပါတယ်။ သည်းခံခွင့်လွှတ်တတ်တဲ့ စိတ်မရှိရင် သွေးတိုးတာ၊ စိုးရိမ်စိတ်များတာနဲ့ ဘဝသက်တမ်းတိုတာ တို့ ဖြစ်တတ်ပါတယ်။

(၅) ခရီးသွားပါ
ဇနီးမောင်နှံတို့ ဘယ်လောက်ပဲ အရွယ်ရနေပါစေ၊ ချစ်ခြင်းမေတ္တာနဲ့ အမှတ်တရတွေ အသက်ဝင်နေဖို့ဆိုရင် ခရီးတိုလေးတွေကို မကြာခဏသွားပေးသင့်ပါတယ်။

(၆) မပြောမီ စဉ်းစားပါ
သက်ကြီးဇနီးမောင်နှံတွေအကြား ကြီးမားတဲ့ငြင်းခုန်မှုမျိုး မဖြစ်သင့်တော့ပါဘူး။ ဘယ်လိုကိစ္စမျိုး မဆို တည်ငြိမ်အေးချမ်းစွာ ဆွေးနွေးသင့်ပါတယ်။ ဘာကိုပဲဖြစ်ဖြစ် ဒေါသ၊ စိတ်ဖိစီးမှုတို့နဲ့မတုံ့ပြန်ဘဲ အေးအေးဆေးဆေး ဆွေးနွေးဖို့ အရေးကြီးလာတဲ့ အချိန်လည်းဖြစ်ပါတယ်။
( Ref;MD )

Most Popular

Healthy Life Ad
To Top