Healthy Life Ad
Life Style

တစ်ရက်မှ မေ့လို့မရဘူး

ပါမောက္ခဒေါက်တာ ဉာဏ်ဝင်းကျော် ဦးနှောက်နှင့် စိတ်ကျန်းမာရေး အထူးကုဆရာဝန်ကြီး ပြောကြားသည်

ကိုယ်အင်မတန်မြတ်နိုးတန်ဖိုးထားတဲ့ ပစ္စည်းလေးတစ်ခု ပျောက်ဆုံးသွားဖူးပါသလား ဒါမှမဟုတ် ကိုယ်သိပ် မက်မောရတဲ့ အရုပ်လေးတစ်ရုပ်ကို လုယူခံရဖူးပါသလား . . အဲဒီအချိန်မှာ လွတ်ဟာသွားတဲ့ ရင်ကိုဖိပြီး ပြင်းထန်တဲ့ ဝမ်းနည်းကြေကွဲမှုနဲ့အတူ နာကျင်ခံစားကြရမှာပါ . . အခုဆိုရင် အဲဒီဝမ်းနည်းနာကျင်မှုမျိုး မီလေး ခံစားနေရပြီလေ . . ကိုကြီးကို ပိုင်ဆိုင်နိုင်ခွင့် မရှိတော့ဘူးဆိုတဲ့အသိ . . ကိုကြီး ကိုချစ်မြတ်နိုးခွင့်၊ တိတ်တခိုး မျှော်လင့်ခွင့်မရှိတော့ဘူးဆိုတဲ့ အတွေး . . ဒါတွေနဲ့အတူ မီလေးတစ်ဘဝ လုံးတစ်ယောက်ဆို တစ်ယောက်ပဲဆို တဲ့ အချစ်မျိုး နဲ့ ချစ်ခင်မြတ်နိုးရပါတဲ့ ကိုကြီးကို လုယူခံလိုက်ရပြီ ဆိုတဲ့အခါ . . မီလေးဝမ်းနည်းပက်လက် ငိုကြွေးမိတယ်။ မီလေးဘဝမှာ ဘာဆိုဘာမှ မျှော်လင့်ချက် မရှိတော့လောက်အောင်၊ ပျော်ရွှင်စရာမရှိတော့ လောက်အောင်ဖြစ်ခဲ့ရတယ်။

ကိုကြီးကို မီလေးစတွေ့ခဲ့ချိန်က မီလေးအသက်  ၂၀ အရွယ်မှာပါ။ ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်တော့ အသက် ၄၀ အရွယ် ခန့်ခန့်ချောချော ကိုကြီးက မီလေးကို အစစအရာရာ အဆင်ပြေချောမွေ့အောင် အကူအညီပေးခဲ့ တယ်လေ၊ ကိုကြီးရဲ့ ကူညီအားပေးမှုတွေကြောင့် ကုမ္ပဏီမှာ ဝန်ထမ်းအသစ်ဖြစ်ပေမယ့် မီလေး အခက်အခဲ မရှိခဲ့ဘူး။ ကိုကြီးက  လူတိုင်းကိုကူညီတတ်ပြီး ပြုံးပြုံးရွှင်ရွှင်နဲ့ စိတ်ထားကောင်းတဲ့အတွက် လူတိုင်းကလည်း ကိုကြီးကို ချစ်ခင်လေးစားကြတယ်။

မီလေးကတော့ တခြားသူတွေလို မဟုတ်ဘူး၊ အလုပ်ထဲမှာ ကိုကြီးရှိရုံနဲ့ မီလေးဘဝ ပြည့်စုံသလို၊ အလုပ်ကို ရောက်ရောက်ချင်း ကိုကြီး မျက်နှာမြင်လိုက်ရမှ ကျေနပ်သလိုခံစားရတယ်။ ကိုကြီးနဲ့ အတူ တွဲပြီး အလုပ်လုပ် ရတဲ့အခါ မီလေးအပျော်ကြီး ပျော်နေမိတယ်။ ကုန်ကုန်ပြောရရင် မီလေးရုံးပိတ်မှာကို တောင် ကြောက်နေမိခဲ့ တာ . . အဲဒီလောက်အထိ ကိုကြီးကို စွဲလမ်းနေတုန်းမှာပဲ ကိုကြီးက မီလေးတို့ ကုမ္ပဏီကနေထွက်ပြီး တခြား ကုမ္ပဏီတစ်ခုကို ပြောင်းသွားခဲ့တော့တယ်။ ကိုကြီးမရှိတော့ ဒီအလုပ်မှာ မီလေးမပျော်တော့ဘူး၊ ကိုကြီးနဲ့ တွေ့ခွင့်ရမလား၊ ကိုကြီးများ ပြန်ဆက်သွယ်လာမလား စောင့်ဆိုင်းရင်း နဲ့ မီလေးလည်း နောက်အလုပ်တစ်ခုကို ပြောင်း လုပ်မိခဲ့တယ်။ ဒီလိုနဲ့ ကိုကြီးနဲ့မတွေ့ရတာလေး နှစ်ကျော် ငါးနှစ်ထဲ ဝင်လာခဲ့တယ်။ ဒါပေမဲ့ မီလေး စိတ်ထဲမှာ ကိုကြီးကိုပဲ စွဲလမ်းနေခဲ့တယ်၊ ကိုကြီးရဲ့ အပြုံးတွေ၊ ကိုကြီးရဲ့ စကားတွေကို နေ့နေ့ညည ကြားယောင်နေတုန်းပဲ . . မီလေးယုံကြည်ပါတယ်. . တစ်နေ့ကျရင် မီလေးဆီ ကိုကြီးပြန်လာမယ်ဆိုတာ . . ပြီးတော့ မီလေးကို ချစ်ခွင့်ပန်လိမ့်မယ်လို့လည်း မီလေး မျှော်လင့်ထားတယ်လေ . . ကိုကြီးရယ် . . မီလေး ကိုကြီးကို တစ်ရက်မှ မေ့လို့ မရဘူးဆိုတာ သိစေချင်လိုက်တာ . .မီလေး ဆုတောင်းပြည့်ခဲ့ပါတယ်။ တစ်ရက်ကျတော့ လမ်းမှာ မီလေးကိုကြီးနဲ့ ဆုံခဲ့တယ်။

“ ညီမလေး . . ဘယ်မှာ လုပ်နေတာလဲ”မီလေးလုပ်နေတဲ့ ကုမ္ပဏီကို ပြောပြပြီး ကိုကြီး ကလည်း သူ့အလုပ်အကြောင်း ပြောပြရင်း နှုတ် ဆက်သွားခဲ့တယ်။ မီလေး စိတ်ထဲဝမ်းနည်းသွားခဲ့တယ်။ မီလေးက အပျော်ကြီး ပျော်နေသလောက် ကိုကြီးက လှိုက်လှိုက်လှဲလှဲ မရှိသလိုပဲလေ . .ဖြစ်ချင်တော့ နောက်တစ်ရက် မီလေးဈေးဝယ် စင်တာကို အသွားဈေးဝယ်စင်တာအဝမှာ တွေ့လိုက်တဲ့ မြင်ကွင်းကြောင့် မီလေး တစ်ကိုယ်လုံး မိုးကြိုးပစ်ချခံလိုက်ရသလို ခံစားလိုက်ရတယ်။ ကိုကြီး ရဲ့ ဘေးမှာ သုံးနှစ်အရွယ် သမီးလေးတစ်ဦးကို ချီထားတဲ့ အမျိုးသမီးတစ်ဦးပါလာတာကို တွေ့လိုက်ရလို့ပေါ့. . ကိုကြီး လက်ထဲမှာ ဝယ်ထားတဲ့ အသုံးအဆောင်တွေ တပွေ့တပိုက်နဲ့ ပြုံးပြုံးရွှင်ရွှင်ပြောဆိုလို့၊ တစ်ချက်တစ်ချက် သမီးလေးကို လှမ်းကျီစယ်နေလေရဲ့ . . သွားပြီ . . မီလေး ရင်ထဲတဒိန်းဒိန်းခုန်ပြီး ခြေဖျား၊လက်ဖျားတွေ တုန်ယင်အေးစက်ပြီး ချွေးစေးတွေပါ ထွက်လာခဲ့တယ်။ မီလေး ဈေးဝယ်စင်တာထဲမဝင်တော့ဘဲအဲဒီနေရာကနေတုန်တုန်ယင်ယင်နဲ့ချက်ချင်းလှည့်ပြန်လာခဲ့တော့ တယ်။

အဆောင်ရောက်တော့ မီလေး အိပ်ရာထဲ ခွေပြီး ငိုယိုနေခဲ့တယ်။ အဲဒီနေ့ကစပြီး မီလေး အိပ်လို့လည်း မပျော်၊ စားလို့လည်း မဝင်တော့ဘူး၊ အရူးတစ်ပိုင်းဖြစ်ပြီး မီလေးဘဝ ဘာမှမရှိတော့သလို ဟာကျန်နေခဲ့တယ်၊ မီလေးလေ . . မခံစားနိုင်ပါဘူး ကိုကြီးရယ် . .ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်ရင် ကောင်းမလား . . ဒါဆိုရင် ဒီလို ဝမ်းနည်းနာကျင်ပြီး ခံရခက်တဲ့ ခံစားချက်မျိုး ရှိတော့မှာ မဟုတ်ဘူး လေ. .“ဘာဖြစ်နေတာလဲ မီလေး”လို့ အဆောင်မှာ အတူနေတဲ့ မမဝေက ကြင်ကြင်နာနာ မေးလာခဲ့ တယ်။

“ဘာမှ မပြောချင်ဘူး မမဝေ၊ ဖြစ်နိုင်ရင် မီလေး သေသာသေပစ်လိုက်ချင်တယ်” ဆိုပြီး တငိုငို တမှိုင်မှိုင်နဲ့ အိပ်ရာထဲမှာပဲ ခွေနေတော့တယ်။
မမဝေက မီလေးကို ချော့မော့ပြီး အစာဝင် အောင် ကျွေးတယ်၊ ပြီးတော့ မီလေး ခံစားနေရတာကို ရအောင် မေးတော့ မီလေးလည်း ငိုရှိုက်ရင်း ကိုကြီးအပေါ် ဘယ်လို မျှော်လင့်ပြီး ချစ်ကြိုက်ခဲ့တယ်ဆိုတာ ပြောပြခဲ့ပါ တယ်။

“မဟုတ်ဘူးလေ . . သူက တခြားလုပ်ဖော်ကိုင်ဖက်တွေအပေါ်မှာလည်း ကူညီတတ်တယ်မဟုတ်လား၊ သူက မီလေးကိုပဲ ရွေးကူညီတာမှ မဟုတ်တာ၊ သူက မီလေးအပေါ် ညီမလေးတစ်ယောက်လိုပဲ ကူညီတာလေ၊ အဲဒါကို စိတ်ထဲ မထားနဲ့တော့”
“မဟုတ်ဘူး မမဝေ၊ မီလေးက ကိုကြီးကို ချစ်နေတာ . . ကွဲကွာနေတဲ့ ငါးနှစ်တာ ကာလအတွင်း ကိုကြီးကို တစ်ရက်မှ မေ့လို့မရခဲ့ဘူး၊ တစ်နေ့ ကိုကြီးနဲ့ ဆုံရမယ်၊ ပေါင်းရမယ်လို့ပဲ မီလေး စိတ်ကူးယဉ်ခဲ့တာ . . အခုတော့ ကမ္ဘာပျက်သလို ခံစားရတယ်၊ မအိပ်နိုင်၊ မစားနိုင်ဖြစ်ရတယ်”လို့ မီလေးက ဆိုတယ်။

မီလေးရဲ့ သူငယ်ချင်းတွေက မီလေး စိတ်ပြောင်းသွားအောင် လည်စရာပတ်စရာ နေရာတွေ ခေါ်တော့လည်း မလိုက်ချင်ဘူး” လို့ အတင်းငြင်းပြီး အခန်းထဲမှာပဲ တစ်ယောက်တည်း အောင်းနေခဲ့တယ်၊ ဘယ်လိုပဲချော့ ကျွေးကျွေး၊ အစားအသောက်တွေကိုမစား၊ အိပ်လည်း မအိပ်တဲ့အတွက် မီလေးဟာ ရက်ပိုင်းအတွင်း ပိန်ချုံး သွားခဲ့တော့တယ်။ ဒါ့အပြင် ကိုကြီးလာနေတယ်ဆိုပြီး ကိုကြီး မီလေးဆီ လာပြီပေါ့ . . ကိုကြီးရယ် . . မီလေးအရမ်းလွမ်းနေတာ . .” အစချီပြီး စကားတွေကို တစ်ယောက်တည်း တတွတ်တွတ် ပြောဆိုနေခဲ့တယ်။

“မီလေး ဘယ်သူနဲ့ စကားတွေပြောနေတာလဲ”လို့ မမဝေက မေးလိုက်တော့ မီလေးက တစ်ယောက်တည်း ကယောင်ကတမ်းနဲ့ “ကိုကြီး . . မသွားနဲ့ . . မီလေးအနားကနေ ဘယ်မှမသွားပါနဲ့” ဆိုပြီး အော်ဟစ်ရင်း အခန်းထဲကနေ ပြေးထွက်သွားခဲ့တယ်။ မမဝေလည်း မီလေးကို အတင်းလိုက်ဆွဲခေါ်ပြီး ဒီလိုဆိုရင်တော့မဖြစ် တော့ဘူးဆိုကာ မီလေးကို ဆရာ့ဆီ ခေါ်လာခဲ့ပါတယ်။

“ကျွန်မ စိတ်ကူးယဉ်ထားတာတွေ အားလုံး ပျက်ပြယ်သွားပြီဆရာ၊ ကျွန်မဘဝ ကျွန်မကမ္ဘာက လမ်းဆုံးသွားပြီ . . ဘာမှ မရှိတော့ဘူး ဆရာ”
မီလေးဟာ လူတစ်ယောက်အပေါ် အလွန်အကြူးစွဲလမ်းပြီး ရုတ်တရက် အသည်းကွဲပြီး ပြင်းပြင်းထန်ထန် ခံစားနေရတာ ဖြစ်ပါတယ်၊ သူအင်မတန် မြတ်နိုးတန်ဖိုးထားတဲ့ အရာတစ်ခု ဆုံးရှုံးသွားတာကြောင့် ကြေကွဲတဲ့ ဝေဒနာ အပြင်းအထန်ပေါ်လာပြီး စိတ်ဓာတ်အကြီးအကျယ်ကျသွားခဲ့တာ ဖြစ်ပါ တယ်။  ဒါ့အပြင် ဆိုးရွားတဲ့ ကြေကွဲမှုဝေဒနာကြောင့် လှုံ့ဆော်မှုမဲ့ အာရုံမှားတွေ ပေါ်လာတဲ့အထိဖြစ်ပြီး သူ့ကိုကြီး သူ့ဆီ လာတယ်၊ သူ့ကိုကြီးနဲ့ အပြန်အလှန် စကားတွေ ပြောနေတယ်လို့ ထင်နေခဲ့တယ်။  ဒါနဲ့ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေပေးပြီး တရားနဲ့ ကြိုးစားပြီးဖြေဖို့ အားပေးရပါတယ်။

မီလေးက အလွန်အမင်းအားနည်းနေပြီး ကိုယ်အလေးချိန်ကျသွားတဲ့အတွက် ဆေးရုံမှာ တင်ရင်း အကြောဆေး တွေ သွင်းပေးကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေမယ့် ဆေးတွေ၊ စိတ်ပိုင်းဆိုင်ရာ ပြန်လည် တည်ငြိမ်တက် ကြွလာစေမယ့် ဆေးတွေပေးရပါတယ်။ ပြီးတော့ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေ၊ စိတ်ကုထုံးတွေပေးရင်း အပေါင်း အသင်းသူငယ်ချင်းတွေကိုလည်း သူ့ကို စိတ်အားတက်လာအောင် ဝိုင်းဝန်းပံ့ပိုးအားပေးကြဖို့မှာ ရပါတယ်။
အားလုံး ကိုယ်၊ စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။

Most Popular

Healthy Life Ad
To Top