Healthy Life Ad
Life Style

ဆီးချိုသွေးချိုရောဂါနှင့် အိပ်စက်မှုပြဿနာ ၂

ပါမောက္ခဒေါ်သန်းသန်းအေး
(ဆီးချိုနှင့် အထွေထွေရောဂါ အထူးကုဆရာဝန်ကြီး)

ယခင်တစ်ပတ်မှအဆက်
သုတေသနတွေကလည်း အိပ်ချိန်ပြည့်ဝမှုနဲ့ နာတာရှည်ရောဂါတွေရဲ့ ဆက်စပ်ပုံတွေရှိတာကို တိတိကျကျ ရှာဖွေတွေ့ရှိ ထားပါတယ်။ ပထမတစ်ခုက ကျန်းမာတဲ့ လူတချို့ကို အိပ်ရေးမဝအောင် ပြုလုပ်ပြီး လေ့လာတဲ့အခါ သွေးတိုးလာတာ၊ သွေးတွင်းသကြားဓာတ် ပိုမြင့်လာတာ၊ ရောင်ရမ်းတဲ့ လက္ခဏာတွေ များလာတာကို တွေ့ရပါတယ်။

နောက်သုတေသန အမျိုးအစားက လူတွေကိုမေးခွန်းတွေ ဖြေကြားစေပြီး မိမိရဲ့အိပ်လေ့ရှိတဲ့ တစ်နေ့တအိပ်ချိန်စုစုပေါင်းနဲ့ မိမိမှာ ခံစားနေရတဲ့ ရောဂါတွေကို ဖော်ပြစေပြီး လေ့လာထားတာ ဖြစ်ပါတယ်။ ဒီလိုလေ့လာတဲ့အခါမှာ အိပ်ချိန်သိပ်နည်းတာရော အိပ်ချိန်သိပ်များတာရောနှစ်ခုစလုံးက သွေးတိုး၊ဆီးချိုနဲ့ အဝလွန်တာတွေနဲ့ ဆက်စပ်နေတာ တွေ့ရပါမယ်။ ဒါကဆက်စပ်တာရှိကြောင်းပဲ ဖော်ပြနိုင်တဲ့ သုတေသနဖြစ်လို့ ဘယ်ပုံဘယ်နည်း ဆက်စပ်သလဲဆိုတာ မဖော်ပြနိုင်ပါဘူး။ နောက်ဆုံး သုတေသနတစ်မျိုးကတော့ မူလက ကျန်းမာနေသူတွေကိုအိပ်တဲ့အလေ့အထတွေပေါ် မူတည်ပြီး တာရှည်လိုက်ကြည့်တာမျိုး ဖြစ်ပါတယ်။ ဒါကို လေ့လာဆဲ ဖြစ်ပါတယ်။ အဖြေအရ ဘယ်လိုဆက်စပ်မှု ရှိမလဲဆိုတာ သိနိုင်ပါမယ်။ “အိပ်ချိန်ကို ကောင်းကောင်း ပြုပြင်ပေးတာက ရောဂါတွေကိုကာကွယ်နိုင်တဲ့ နည်းလမ်းတစ်ခု” အဖြစ် အသုံးပြုလို့ရ၊ မရကို သိရှိလာမှာ ဖြစ်ပါတယ်။

အိပ်ရေးဝခြင်းနှင့် ခန္ဓာကိုယ်အလေးချိန် ဆက်စပ်ပုံ (Sleep&Body Weight)
လေ့လာချက်တစ်ခုအရ အိပ်ချိန်တစ်ရက်မှာ ၆ နာရီထက်နည်းရင် ကိုယ်အလေးချိန် (BMI) အများဆုံးဖြစ်တာ တွေ့ရပြီး ၈ နာရီအိပ်တဲ့
သူတွေဟာ ကိုယ်အလေးချိန် (BMI) အနည်းဆုံးဖြစ်တာ တွေ့ရပါတယ်။ လူတွေ အိပ်ပျော်နေစဉ်မှာ ခန္ဓာကိုယ်က စားချင်စိတ် (Appe
tite)၊ ခွန်အားဖြစ်ပျက်မှု (Energy Metabolism) နဲ့ ဂလူးကို့စ်အသုံးပြုမှု (Glucose Processing) စတာတွေကို ထိန်းချုပ်တဲ့
ဟော်မုန်းတွေ စစ်ထုတ်ပေးပြီး Control လုပ်တာ ရှိနေပါတယ်။ ဒီလိုပုံမှန်ဖြစ်အောင် ထိန်းသိမ်းတဲ့ဟော်မုန်းတွေထဲမှာ ကော်တီစော (Cortisol) ဟာ စိတ်ဖိစီးမှုဟော်မုန်း “Stress Hormone”တစ်ခုအနေနဲ့ များလာတတ်ပါတယ်။ ကော်တီစောဟာ ဝစေတဲ့ဟော်မုန်းတစ်ခု ဖြစ်ပါတယ်။ နောက်ဟော်မုန်းပြောင်းလဲမှု တစ်ခုကတော့ အင်ဆူလင် (Insulin) ပဲဖြစ်ပါတယ်။ အိပ်ရေးမဝရင် အစာစားစဉ်ထွက်လာတဲ့ အင်ဆူလင်တွေက ပုံမှန်ထက်အားလွန်ပြီး အထွက်များသွားတတ်ပါတယ်။ အင်ဆူလင်ဟာ ခန္ဓာကိုယ်မှာ အဆီတွေစုဆောင်း ပေးပြီး များလာစေသလို ဝလာစေပါတယ်။ ဒါ့အပြင် အိပ်ရေးမဝရင် လက်ပ်တင် (Leptin) လို့ခေါ်တဲ့ဟော်မုန်း နည်းသွားပါတယ်။ ဒီဟော်မုန်းဟာ ဦးနှောက်ကို အစာဝလင်နေကြောင်း ပြောကြားပေးတဲ့ ဓာတ်တစ်ခုဖြစ်လို့ ဒီဟော်မုန်းနည်းရင် အစာဝပြီဆိုတဲ့သတင်းကို ဦးနှောက်ကမရဘဲ အစာမဝသေးသလိုဖြစ်နေကာ ဆက်ပြီး စားချင်နေပါမယ်။ သူနဲ့ဆန့်ကျင်တဲ့ နောက်ဟော်မုန်းတစ်ခုကတော့ ဂရီလင် (Ghrelin) ဆိုတဲ့ အစာစားချင်တဲ့ဆန္ဒကို အားပေးတဲ့ ဟော်မုန်းကတော့ များနေပြန်ပါတယ်။ ဒါကြောင့် အစာဝအောင် စားပြီးတာတောင်ဆာလောင်နေပြီး ထပ်စားချင်စိတ်တွေ ရှိနေတုန်း ဖြစ်နေပါမယ်။ ဒါဟာ အိပ်ရေးပျက်သူတွေ ဘာကြောင့် ပိုဝရသလဲဆိုတဲ့ လေ့လာတွေ့ရှိမှုတွေ ဖြစ်ပါတယ်။ ဒါက အိပ်ရေးပျက်ရင် ပိုဆာမယ်၊ ပိုစားမိတယ်။ စားသမျှလည်း အဆီပိုဖြစ်ပြီး ပိုဝလာတတ်ကြောင်း သက်သေသာဓက တွေပဲ ဖြစ်ပါတယ်။

အိပ်ရေးမဝခြင်းနှင့် ဆီးချိုသွေးချိုရောဂါ ဆက်စပ်ပုံ
သုတေသနတွေရဲ့ တွေ့ရှိချက်တွေက အိပ်ရေးမဝရင် ဆီးချိုသွေးချိုရောဂါကို ပိုဖြစ်စေတယ်ဆိုတာ သက်သေပြထားပါတယ်။ တစ်ညရှစ်နာရီအိပ်တတ်သူတွေကို လေးနာရီပဲ အိပ်စေပြီး လေ့လာကြည့်တဲ့အခါ ဂလူးကို့စ်အသုံးပြုမှု နှေးကွေးတာတွေ့ရပြီး ဒီလူတွေကို ၁၂ နာရီကြာ ပြန်ပြီးအိပ်စေတဲ့အခါ ဂလူးကို့စ်အသုံးပြုမှု ပုံမှန်အတိုင်း ပိုများလာတာကို တွေ့ရပါတယ်။ ဂလူးကို့စ်ကို ဆဲလ်ကလာပ်စည်းတွေက အသုံးမပြုနိုင်ရင် သွေးတွင်းဂလူးကို့စ်တွေ များလာပါမယ်။ လူအများစုကို လေ့လာကြည့်တော့လည်း

တစ်နေ့မှာ အချိန်
ငါးနာရီထက် အိပ်ချိန်နည်းသူတွေမှာ ဆီးချိုသွေးချိုရောဂါဖြစ်ဖို့ အလားအလာ ပိုများ
တာကိုလည်း တွေ့ရပါတယ်။

အဝလွန်သူတွေမှာ အိပ်ရေးမဝတဲ့ ရောဂါတစ်ခု ဖြစ်တတ်ပါတယ်။ အဲဒါကတော့ Obstructive Sleep Apnoea Syndrome လို့ခေါ်
တဲ့ရောဂါပဲ ဖြစ်ပါတယ်။ ဒီရောဂါက အိပ်ပျော်နေစဉ် အသက်ရှူသွင်း၊ ရှူထုတ်ရာမှာ လျှာ၊ လျှာခင်၊ လည်ပင်းအဆီ စတာတွေ ပိတ်ဆို့နေတာကြောင့် အခက်အခဲရှိတဲ့ရောဂါ ဖြစ်ပါတယ်။ အဲဒီလို အသက်ရှူရ ခက်ခဲတဲ့အတွက် မကြာခဏလန့်နိုးပြီး အိပ်ရေးမဝတဲ့ရောဂါ ဖြစ်စေပါတယ်။ အိပ်နေစဉ် အလွန်အကြူးဟောက်ပြီး အသက်ရှူရပ်သွားလိုက်၊ အားသွန်ခွန်စိုက်ရှူလိုက် တစ်လှည့်စီဖြစ်နေတာ တွေ့ရပါမယ်။ ဒီလိုဖြစ်တာက ဝတဲ့သူတွေမှာ ပိုတွေ့ရပြီး ဒီလိုအိပ်ရေးမဝတာက ပိုဝစေပြန်ပါတယ်။

ဒီလိုနဲ့ ‘အိပ်ရေးမဝ’ တာနဲ့ ‘လူဝ’ တာဟာ အဆုံးမသတ်နိုင်တဲ့ အချင်းချင်းအားပေးမှုတွေ ရရှိပြီး ပြန်ပိန်အောင်လုပ်ဖို့ မလွယ်တော့ပါဘူး။ အိပ်ရေး မဝရင်ဝတာနဲ့ အင်ဆူလင်ခုခံမှု (Obesity and Insulin Resistance) များတာကြောင့် ဆီးချိုသွေးချိုရောဂါ ပိုပြီးဖြစ်စေနိုင်ကြောင်းနဲ့ မိမိကိုယ်ကိုယ် ‘မစားဘူး၊ မအိပ်ဘူး’ ဆိုတဲ့လမ်းစဉ်နဲ့ ပိန်အောင်ပြုလုပ်လိုသူတွေအဖို့ ‘မစားဘူး’ ဆိုတဲ့ အလေ့အကျင့်က မှန်ကန်ပေမယ့် ‘မအိပ်ရင် ပိုပိန်သွားမယ်’ လို့ ထင်မြင်ယူဆထားတာတော့ မမှန်ကန်ကြောင်း သတိပေး ပြောကြားလိုက်ပါတယ်။

Most Popular

Healthy Life Ad
To Top