Healthy Life Ad
Life Style

တိမ်တွေထဲက ကျွန်တော် . .

ပါမောက္ခဒေါက်တာ ဉာဏ်ဝင်းကျော်
ဦးနှောက်နှင့် စိတ်ကျန်းမာရေး အထူးကုဆရာဝန်ကြီး ပြောကြားသည်

အသက် ၃၅နှစ်အရွယ် ကိုလတ်ဟာ သူ့လက်ကိုင်ဖုန်း ကင်မရာထဲမှာ တိမ်စိုင်တိမ်လိပ်ပုံတွေ အမျိုးမျိုးကို ရိုက်ထားတယ်။ အဲဒီ တိမ်စိုင်
တိမ်လိပ် ပုံတွေကို နေ့နေ့ညည ကြည့်နေပြီး တိမ်တွေထဲမှာ ဆင်ကြီးရှိတယ်လို့ မမကြီးကို ပြောပြခဲ့တယ်။ “ဒီတိမ်တိုက်ကြီးထဲက
ဆင်ကြီးက ကျွန်တော့်ကို ကိုယ်စားပြုတာ သိလား မမကြီး၊ တကယ်တော့ ကျွန်တော်က အတိတ်ဘဝက ဆင်ဖြူတော်ဖြစ်လို့ ဆင်ဝင်စား
တာပါ။ ကောင်းကင်ကို ကြည့်လိုက်တော့ တိမ်တွေထဲမှာ ဆင်ဖြူတော်ကြီး တွေ့တယ်။ အဲဒီ တိမ်တွေထဲက ဆင်ဖြူတော်ကြီးဆိုတာ ကျွန်တော်ပဲ . .” လို့ မမကြီးကိုပြောရင်း သူရိုက်ထားတဲ့ ဖုန်းကင်မရာထဲက တိမ်တိုက်ပုံတစ်ပုံကို လက်ညှိုးထိုးပြခဲ့တယ်။“ဘယ်မှာလဲ”
လို့ မမကြီးက တအံ့တသြမေးတော့ ကိုလတ်က “တိမ်ထဲမှာလေ . . အဲဒါ ကျွန်တော်”ဆိုပြီး လက်ညှိုးထိုးပြတယ်။ “မမြင်ရပါဘူး၊
ဘာဆင်မှ မတွေ့ရပါဘူး၊ မမကြီးတော့ တိမ်တွေပဲ တွေ့ရတယ်” လို့ ပြောတော့ -“ဒီမှာ တိမ် အဆုပ်အဆုပ်တွေ တွေ့လား၊ ဒီပုံကို
စိုက်ကြည့် . . စိုက်ကြည့်ရင် ဆင်ပုံကြီး ပီပီပြင် ပြင်မြင်ရလိမ့်မယ်” လို့ ပြောတယ်။

“ဘာပုံမှ မမြင်ရပါဘူး” လို့ပြောတော့ ကိုလတ်တစ်ယောက် ရှူးရှူးရှားရှား ဖြစ်လာပြီး “ဘာလို့ မမြင်ရတာလဲ၊ တုံးလှချည်လား၊ ဒီပုံကို သေချာကြည့်ပါဆို” ဆိုပြီး စိတ်ဆိုးမာန်ဆိုးနဲ့ ရန်ရှာတော့မယ့် အရိပ်အယောင်တွေ ဖြစ်လာတယ်။ ဒါနဲ့ မမကြီးလည်း “ရိုးတိုးရိပ်တိတ် တော့ မြင်သလိုပဲ” လို့ လျှောချလိုက်တော့- “ရိုးတိုးရိပ်တိတ် ဆိုကတည်းက အသုံးမကျလို့ပေါ့၊ သေချာကြည့်ပါဆို. ဒီလောက် ထင်ရှား နေတဲ့ဟာ” နောက်ဆုံးကျမှ မမကြီးလည်း မနေသာတော့ဘဲ-“အေး အေး . . ဟုတ်ပါတယ် . . ဆင်ပုံကြီး မြင်ရတယ်တော်. .ပြောပါဦး” လို့ ပြောလိုက် ရတော့တယ်။ အဲဒီအခါကျမှ ကိုလတ်က ကျေနပ်သွားပြီး ဆင်ဖြူတော်ကြီးနဲ့ ပတ်သက်တဲ့ အကြောင်းတွေကို ဆက်တိုက် ပြောနေတော့တယ်။

ဒီတိမ်တိုက်ကြီးထဲက
ဆင်ကြီးက ကျွန်တော့်ကို
ကိုယ်စားပြုတာ သိလား
မမကြီး၊ တကယ်တော့
ကျွန်တော်က အတိတ်ဘဝက
ဆင်ဖြူတော်ဖြစ်လို့
ဆင်ဝင်စားတာပါ။
ကောင်းကင်ကို ကြည့်လိုက်တော့
တိမ်တွေထဲမှာ ဆင်ဖြူတော်ကြီး
တွေ့တယ်။ အဲဒီ တိမ်တွေထဲက
ဆင်ဖြူတော်ကြီးဆိုတာ
ကျွန်တော်ပဲ . . .

နောက်တစ်နေ့ ကျတော့လည်း ကိုလတ်ဟာ သူ့ပုံကို ကောင်းကင်မှာ တွေ့တယ်၊ ကောင်းကင်မှာ သူဟာ ဆင်ဖြူတော်အဖြစ်နဲ့ ဝဲပျံပြီး လာသမျှ ကျားတွေ၊ ဝက်ဝံတွေ၊ ငှက်ကြီးတွေကို တိုက်ခိုက်တာ သူပဲ နိုင်တယ် . .ဆိုတာတွေကို တစ်နေ့တစ်မျိုး မရိုးရအောင် ပြောပြ
ပါတော့တယ်။ ပထမနေ့က ကျားကြီးနဲ့ တိုက်တာ ပြောတယ်၊ နောက်တစ်နေ့ ဝက်ဝံနဲ့ တိုက်ခိုက်တာ ပြောတယ်၊ နောက်နေ့ကျတော့
ငှက်ကြီးနဲ့ တိုက်ခိုက်တာ ကောင်းကင်ရဲ့ မြောက်ဘက်အရပ်မှာ တိုက်လိုက်၊ အရှေ့အရပ်မှာ တိုက်လိုက် . . တစ်နေ့ တစ်နေရာ ပုံစံတစ်မျိုးစီနဲ့ တိုက်ခိုက်ကြတဲ့ အကြောင်းတွေကို ပြောပြတယ်။ အဲဒီလိုနဲ့ ဆင်ဖြူတော်ကြီးဟာ နောက်ဆုံးမှာ အားလုံးကို အနိုင်ရသွား
ခဲ့တယ် ဆိုတဲ့ အကြောင်းတွေကို မမကြီးတင်မက အိမ်မှာရှိတဲ့ လူအားလုံးကို အားပါးတရ ပြောပြခဲ့တယ်။“အခု ကျွန်တော် အနိုင်ရ
သွားပြီဆိုတော့ ဘိုးတော်က ဘုရားတည်၊ ကျောင်းဆောက်လုပ်ရမယ်လို့ သတိပေးထားတယ်” လို့ နောက်ဆုံးပိတ် ပြောပြခဲ့ပါတယ်။
အဲဒီ အတောအတွင်းမှာပဲ မမကြီးကို အငယ်ဆုံးမလေးက ထူးဆန်းတဲ့စကား ပြောလာခဲ့တယ်။

မမကြီး . . မမကြီး . .ကိုလတ် ဘာတွေ ရှူနေတာလဲ မသိဘူး၊ အခန်းထဲမှာ ဒီရေသန့်ဘူးလေးနဲ့ ပိုက်တွေနဲ့ ရှူလိုက်ရှိုက်လိုက် လုပ်နေတာ အတော်ကြာပြီ . .” လို့ အငယ်ဆုံးလေး မယ်ထွေးက ပြောပြခဲ့တယ်။“ဟုတ်လား၊ တွေ့တာ တော်တော် ကြာနေပြီလား” လို့ မေးတော့ မယ်ထွေးက-

“တွေ့ဖူးတာ ကြာပြီ၊ ကိုလတ် တစ်ခါတစ်ခါ ရှူရှူနေတာ တွေ့တွေ့နေတာတော့ ကြာပြီ၊ လေး-ငါးလလောက်တော့ ရှိရော့မယ်
. .
အခု နောက်ပိုင်းမှာတော့ ရှူတာတွေ ပိုပိုများလာတယ်” ဆိုပြီး ပြောတာနဲ့ အဲဒီ ရေသန့်ပုလင်းလေးနဲ့ ပိုက်တွေကို အသိ နှစ်ယောက်၊ သုံးယောက်ကို ပြကြည့်တော့ မူးယစ်ဆေးနဲ့ ပတ်သက်တယ်လို့ ပြောလာကြပါတယ်။ ထူးထူးဆန်းဆန်းပါပဲ . .အဲဒီ
ရသန့်ဘူးတွေ၊ ပိုက်တွေမရှိတော့ပေမယ့် ကိုလတ်ဟာ လိုက်ရှာမနေဘူး၊ “တရားထိုင်ပြီး သမာဓိ ထူထောင်လိုက်ဦး” ဆိုတဲ့ သတိပေးသံ
ကြားတယ်လို့ ပြောပြီးကတည်းက အခန်းအောင်းပြီး တရားထိုင်နေတယ်။ တရားထိုင်နေရာကနေ ဆင်ကြီးက ပိုပိုပြီး ခွန်အား ကြီးလာ
တယ်။ တန်ခိုးတွေလည်း ပိုထွားလာတယ်၊ အဲဒီဆင်ကြီးက သူရဲ့ အတိတ်ဘဝနဲ့ လက်ရှိဘဝကို ကိုယ်စားပြုတယ်ဆိုပြီး အိမ်သူအိမ်သား
တွေနဲ့ စကားပြောရ၊ ဆိုရ အဆင်မပြေတာတွေ ရှိလာရင် အော်တာ၊ ဟစ်တာတွေ လုပ်လာတယ်။ စိတ်တိုပြီး အခန်းထဲက ပစ္စည်း
တွေကို ဖျက်ဆီးတာတွေ၊ ကန်ကျောက်တာတွေလည်း လုပ်လာခဲ့ပါတယ်။

“ဘုရားတည် ကျောင်းဆောက်မယ်လည်း ပြောသေးတယ်၊ တရားထိုင်ပြီး သမာဓိထူထောင်နေတဲ့ သူက ဒီလို ဒေါသကြီး
စရာလား . .”
ဆိုပြီး မမကြီးက ဆူပူငေါက်ငမ်းတော့လည်း ကိုလတ် ကြမ်းတမ်းတာတွေက ရပ်မသွားခဲ့ပါဘူး။ “တန်ခိုး
ထွားလာလို့ အတိုက်အခိုက်တွေ ရှိလာတယ်၊ ဒီအတိုက်အခိုက်တွေက ကျားတွေ၊ ဝက်ဝံတွေ၊ ငှက်ကြီးဝန်ပိုတွေရဲ့ အစွယ်အပွားတွေက တခြားနေရာမှာ အင်အားသွားပြီး စုဆောင်းကြရင်းနဲ့ တဖြည်းဖြည်း အင်အားကြီးအောင် လုပ်ပြီး ငါ့ကို လာတိုက်ခိုက်ဖို့ ကြိုးစားနေကြ တယ်” ဆိုပြီး အရင်က – ချစ်ကြောက်ရိုသေ ရှိခဲ့တဲ့ မမကြီးကိုပါ အော်ထုတ်တာတွေ၊ ပစ္စည်းတွေနဲ့ ကောက်ပေါက်တာတွေ လုပ်လာခဲ့တယ်။

“တစ်ခုခု ထိခိုက်သွားရင် အန္တရာယ် သိပ်များတယ်လေ . .ဒါကြောင့် ဒီအတိုင်းထားလို့ မဖြစ်တော့ဘူးဆိုပြီး ဆရာ့ဆီကို
ခေါ်လာခဲ့ရတာပါ”
လို့ ကိုလတ်ရဲ့ မမကြီးက ဆရာ့ကို ပြောပြခဲ့ပါတယ်။

“တန်ခိုးရှိတယ်ဆိုတာ ဆရာ ယုံလား၊ ဘုရားတည်၊ ကျောင်းဆောက်ဖို့ ကောင်းကင်က ကျွန်တော့်ကို တာဝန်ပေးတယ်ဆိုတာ ဆရာ လက်ခံလား” လို့ မေးခဲ့ပါတယ်။ အဲဒီတော့ ဆရာက- “ဖြစ်နိုင်တာပေါ့၊ ဆက်ပြောပါဦး” ဆိုတော့မှ သူ့ဖုန်းကိုဖွင့်ပြီး တိမ်စိုင်တိမ်လိပ်တွေကို ရိုက်ထားတဲ့ ဓာတ်ပုံကို ပြခဲ့ပါတယ်။ တကယ်တော့ သာမန်တိမ်တိုက် တစ်ခုပါပဲ။ “ဆရာ သေချာကြည့် . .
ဒီမှာ ဘိုးတော်ကြီး တွေ့လား”လို့ မေးတော့- “ဘယ်နေရာကို ဘိုးတော်ကြီးလို့ ပြောတာလဲ” ပြန်မေးလိုက်တဲ့အခါ တိမ်ပုံကို ထောက်ပြ
ပြီး- “ဒါက ခေါင်းပိုင်း၊ ဒါက ကိုယ်ပိုင်း” စသဖြင့် သေချာရှင်းပြ နေခဲ့တယ်။ “ဒီဘိုးတော်ကလေ ကျွန်တော့်ကို ‘မင်း အခုချိန်ကစပြီး ဘုရားတည်၊ ကျောင်းဆောက် လုပ်ရမယ်၊ မင်းကျင့်စဉ်တွေ ကျင့်ရတော့မယ်’ လို့ အမြဲသတိပေးနေတာပေါ့ ဆရာ၊ ပြီးတော့ ကျွန်တော်က
တန်ခိုးအာဏာတွေ ကြီးလာပြီဆိုတာ နောက်တစ်ပုံက ထပ်ဖော်ပြနေတယ်” ဆိုပြီး နောက်တိမ်တစ်ပုံကို ပြောင်းပြပြန်ပါတယ်။ “ဒီတိမ် တိုက်ကြီးမှာ ဆင်ကြီးလေ ဆရာ တွေ့တယ်မလား . . အဲဒီဆင်ကြီးက ကျွန်တော့်ကို ကိုယ်စားပြု နေတာပေါ့၊ အဲဒီဆင်ကြီးက အစ
တုန်းက သေးသေးလေး၊ အခုတော့ တဖြည်းဖြည်း ကြီးလာတာ၊ ဒီအဆင့်ကို ရောက်ဖို့ ကျွန်တော် မနည်းတိုက်ခိုက် ခဲ့ရတာပါဆရာ . . ၃-၄-၅ လရှိပြီ၊ တိုက်ခိုက်နေရတာ . . ပထမဆုံးကျားကြီးနဲ့ နင်လား၊ ငါလား တိုက်ခဲ့ရတယ်၊ နောက်တော့ ဝက်ဝံကြီးနဲ့ ထွေးလုံး သတ်ပုတ်ရင်း တိုက်ခဲ့ရတာပေါ့ ဆရာ၊ ပြီးတော့ ငှက်ကြီး ဝန်ပို၊ ဂဠုန် စတာတွေနဲ့တောင် တိုက်ခဲ့ရတာ” ဆိုပြီး တိမ်ပုံတွေ တစ်ပုံပြီး တစ်ပုံ ပြခဲ့တယ်။

“ဟုတ်တာပေါ့၊ ခင်ဗျားက အတော်လေးကို စနစ်တကျနဲ့ စုစုဆောင်းဆောင်း လုပ်ထားတာပဲ” လို့ ဆရာက ပြောလိုက်
တဲ့အခါ- “အဲဒါ ပြောတာပေါ့၊ ကျွန်တော် ဒီလောက် ကျင့်နေတာတောင် လူတွေက မယုံကြဘူး၊ ကျွန်တော် ဒီလို ကျင့်နေတာ လူတွေကို
ကယ်တင်ဖို့ပဲလေ” လို့ ဆိုပါတယ်။ “ကဲ . . ကယ်တင်တယ်ဆိုတာ ကိုယ်က ကျန်းမာပြီး အားပြည့်နေဖို့ လိုတယ်။ အခု ခင်ဗျား
ကောင်းကောင်း မစားဘူး၊ ကောင်းကောင်း မအိပ်ဘူးလို့ ပြောသံကြားတယ်၊ ဒီတော့ ဆေးရုံတက်ပြီး အကြောဆေး အသားဆေးတွေ ထိုးရင်း ကောင်းကောင်းစား၊ ကောင်းကောင်း အနားယူဖို့ လိုတယ်” “မရဘူး၊ ကျွန်တော်က ကျင့်စဉ်တွေ ကျင့်ပြီး ဘုရားတည်၊ ကျောင်း
ဆောက်တာတွေ လုပ်ရတော့မယ်၊ ကျွန်တော်က မစားလည်း ရတယ်၊ မအိပ်လည်း ရတယ် ဆရာ”

“ဒီလောက်တန်ခိုးတွေ ထွားနေမှတော့ အထူးတလည် ထပ်ကျင့်စရာမလိုပါဘူး၊ တခြားဘယ်မှ သွားကျင့်မနေနဲ့တော့ ..ဆေးရုံမှာပဲ နားပြီး ဆေးရုံက အခန်းကို ခင်ဗျားကျင့်စဉ်ကျင့်တဲ့ နေရာအဖြစ် မှတ်ယူပြီး အားမွေးလိုက်ရင် အဆင်ပြေမှာပါ. .မစား ၊ မအိပ်လည်း ရတယ်ဆိုပေမယ့် ကျန်တဲ့ အနှောင့်အယှက်တွေ မဝင်နိုင်အောင် ဆေးရုံမှာ အေးအေးဆေး ဆေးအနားယူပြီး လုပ်သင့်လုပ်ထိုက်
တာတွေ လုပ်ပါ” လို့ အတန်တန်ပြောမှ ဆေးရုံတက်ဖို့ လက်ခံသွားပါ တော့တယ်။ ဒါနဲ့ ကိုလတ်ကို ဆေးရုံမှာ အကြောဆေးတွေ၊ အသားဆေးတွေ ထိုးပေးပြီး သင့်တော်တဲ့ ကုသမှုတွေ ပေးနေရပါတယ်။

အားလုံး ကိုယ်၊ စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ။

Most Popular

Healthy Life Ad
To Top