Healthy Life Ad
Life Style

သင့်အသည်း ကျန်းမာပါစ . .

၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊

“ မြန်မာနိုင်ငံမှာ အသည်းရောင် အသားဝါ ဘီပိုးဖြစ်နှုန်းက ဟိုးအရင်ကနဲ့စာရင် လျော့သွားပါတယ်။ အသည်းဖောင်ဒေးရှင်းရဲ့ လှုပ်ရှားမှုက သုံးနှစ်လောက်ပဲ ရှိသေးတယ်ဆိုပေမယ့် တခြားအဖွဲ့အစည်းတွေရဲ့ ဆောင်ရွက်မှုတွေကြောင့်ရော အသည်းရောဂါဖြစ်သူဦးရေက သိသိသာသာ လျော့ကျသွားတာတွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ ကျန်းမာရေးဝန်ကြီးဌာနက ၂၀ဝ၂ ခုနှစ်ကစပြီး မွေးကင်းစကလေးငယ်တွေမှာ အသည်းရောင်အသားဝါဘီပိုး ကာကွယ်ဆေးကို တိုးချဲ့ကာကွယ်ဆေးထိုးစီမံကိန်းအဖြစ် ထိုးပေးနေတော့ အရင်ထက်စာရင် ဘီပိုးဖြစ်သူဦးရေက လျော့ကျသွားပါတယ်” ဟု အသည်းဖောင်ဒေးရှင်း ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာဒေါ်ခင်ပြုံးကြည်က ဆိုသည်။

အသည်းဖောင်ဒေးရှင်းကို ၁၂-၁၂-၂၀၁၂ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင် အသည်းရောဂါ ဖြစ်ပွားမှုကများပြီး အသည်းရောဂါကြောင့် သေဆုံးရသူလည်း များနေသည့်အတွက် အသည်းရောဂါ ဖြစ်ပွားမှုနှုန်းမြင့်မားခြင်းနှင့် အသည်းရောဂါကြောင့် နောက်ဆက်တွဲ အသက်ဆုံးရှုံးမှုနှုန်း မြင့်မားနေခြင်းတို့ကိုလျှော့ချရန် ရည်ရွယ်ချက်ဖြင့် အသည်းဖောင် ဒေးရှင်းကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ အသည်းရောဂါနဲ့ပတ်သက်တဲ့ ပညာရှင်အဖွဲ့အစည်းရှိပေမယ့် အသည်းဖောင်ဒေးရှင်းက ပြည်သူလူထုအခြေပြုတဲ့ အဖွဲ့အစည်းဖြစ်လို့ ဆရာဝန်တွေတင်မကပါဘူး၊ သုတေသနပညာရှင်တွေ လည်းပါတယ်၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ စာနယ်ဇင်းသမားတွေ၊ အနုပညာရှင်တွေလည်း ပါဝင်ပါတယ်။ လူပေါင်းစုံ အလွှာပေါင်းစုံပါသလို အသည်းရောင် ဘီပိုး၊ စီပိုးဖြစ်နေသူတွေလည်း ပါဝင်ပါတယ်။ ပါဝင်ချင်ရင်လည်းလက်ခံပါတယ်” ဟု ဒေါက်တာဒေါ်ခင်ပြုံးကြည်က အသည်းဖောင်ဒေးရှင်း၏ရပ်တည်ချက်ကို ပြောပြခဲ့သည်။

အသည်းဖောင်ဒေးရှင်း၏ လှုပ်ရှားမှုအဖြစ်အသည်းရောဂါနှင့် ပတ်သက်သည့် ပညာပေးလုပ်ငန်းများကို ဟောပြောပွဲကျင်းပခြင်း၊ အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး အခမဲ့စစ်ဆေးပေးခြင်း၊ ဘီပိုးမရှိသူတို့အား ကာကွယ်ဆေးကို အများအားဖြင့် အခမဲ့ထိုးပေးခြင်း၊ သုတေသနလုပ်ငန်းများ၊ မွမ်းမံသင်တန်းများ ဆောင်ရွက်ပေးခြင်း အစရှိသည်တို့အား ရန်ကုန်တွင်သာမက အနယ်နယ်အရပ်ရပ်တွင် ဆောင်ရွက်ခဲ့သည်။

“ ဒီရောဂါက ဘယ်လိုဖြစ်လာတယ်၊ ဒီရောဂါက ဘယ်လိုကူးနိုင်တယ်၊ ဒီရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်ရမယ်၊ ရောဂါရှိပြီးသားသူကလည်း ရောဂါမဆိုးအောင် ဘယ်လိုလိုက်နာရမယ်၊ ဘယ်လို နေထိုင်စားသောက်ရမယ်ဆိုတဲ့ အကြောင်းတွေကို အများပြည်သူတို့ သိနားလည်အောင် ဟောပြောပွဲတွေကို အနယ်နယ်အရပ်ရပ်မှာ ကျင်းပပေးပါတယ်။ ပြီးတော့ အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုးတွေကို အခမဲ့ စစ်ဆေးပေးပါတယ်။ မိဘမဲ့ဂေဟာ၊ ကျန်းမာရေးဝန်ထမ်း၊ သွေးလှူရှင်၊ ဘုန်းကြီးကျောင်းက သံဃာတော်တွေ၊ သီလရှင်ကျောင်းက ဆရာကြီး၊ ဆရာလေးတွေကို စစ်ဆေးပေးတယ်။

ဘီပိုးမရှိတဲ့သူတွေကို ကာကွယ်ဆေးထိုးပေးပါတယ်။ အများအားဖြင့် အခမဲ့ထိုးနှံပေးတာပါ။ တချို့နေရာတွေမှာ ကိုယ်ထူကိုယ်ထ သဘောမျိုးနဲ့ ဆေးထိုးပေးပါတယ်။ ဒါက ကုသိုလ်ဖြစ် ပရဟိတလုပ်ငန်းဖြစ်တော့ ကာကွယ်ဆေးရောင်းတဲ့ ကုမ္ပဏီတွေ၊ ဆေးစစ်တဲ့ ကိရိယာရောင်းတဲ့ ကုမ္ပဏီတွေကလည်း အသည်းဖောင်ဒေးရှင်းက ဝယ်မယ်ဆိုရင် သုံးပုံတစ်ပုံ ဈေးလျှော့ပေးတယ်။ ဥပမာ ဘီကာကွယ်ဆေး က ရှစ်ထောင်ကျပ်ကနေ ၁၁၀ဝ၀ကျပ်ကြား ရှိပါ တယ်။ ဆရာမတို့ဝယ်ရင် ၅၀ဝ၀ နဲ့ ပေးတယ်၊ ဆေး စစ်တဲ့ကိရိယာဆိုလည်း ၁၀ဝ၀ ကျော်ရှိရင် အသည်းဖောင်ဒေးရှင်းက ဝယ်တဲ့အခါ ၁၀ဝ၀ ဝန်းကျင်နဲ့ပေး ပါတယ်။ အဲဒီတော့ အများပြည်သူလည်း ဈေးသက်သက်သာသာနဲ့ ကာကွယ်ဆေး ထိုးနိုင်တယ်၊ ဟောပြောပွဲလည်း နားထောင်ရတယ်၊ လူစုထားရင် ဆရာမတို့အသင်းက တကူးတက သွားထိုးပေးတယ်ဆို တော့ အဆင်ပြေသွားပါတယ်” ဟု ဒေါက်တာဒေါ်ခင်ပြုံးကြည်က ပြောသည်။

အသည်းဖောင်ဒေးရှင်း၏ အဖွဲ့ခွဲများအဖြစ် ရန်ကုန်တင်မက မြစ်ကြီးနား၊ စစ်ကိုင်း၊ မန္တလေး၊ ပုသိမ်၊ မအူပင်၊ မော်လမြိုင်ကျွန်း၊ မော်လမြိုင်၊ သာယာဝတီ၊ ရွှေဘိုတို့တွင်ရှိပြီး မကြာမီ လားရှိုး၊ တောင်ကြီး၊ ခရမ်း၊ ပြည်အစရှိသည့် မြို့ကြီးများတွင်လည်း ထပ်မံဖွင့်လှစ်သွားရန် ရှိကြောင်း သိရသည်။

“ အခု တိုးတက်လာတဲ့ခေတ်မှာ ဘီပိုးအတွက် ပိုးပြန့်ပွားတာကို ထိန်းချုပ်နိုင်တဲ့ ဆေးပေါ်လာပြီ၊ စီပိုးအတွက်ဆိုရင် သုံးလသောက်ရုံနဲ့ ပျောက်တဲ့ဆေးပေါ်လာပြီ၊ ဘီပိုးကတော့ဘယ်လောက်သောက် ရမယ်ဆိုတဲ့ အချိန်အကန့်အသတ် မရှိပေမယ့် တချို့ ၅ နှစ်- ၁၀နှစ် စသဖြင့် သောက်သွားကြရတယ်၊ ပိုးမရှိရင် နာတာရှည်အသည်းရောင်ရောဂါ၊ အသည်းခြောက်ရောဂါ၊ အသည်းကင်ဆာရောဂါ မဖြစ်တော့ပါဘူး။ ဆေးဖြတ်လိုက်ရင် ပိုးပြန်ပေါ်လာတတ်ပါတယ်။ ဆေးကို သောက်လိုက်၊ မသောက်လိုက် လုပ်လို့မရပါဘူး။ နေ့တိုင်း Tenofovir ဆေးလေး တစ်လုံး တစ်လုံးသောက်ပေးနေရမယ်၊ ဆေးသောက်နေစဉ်မှာလည်း တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပုံမှန် ဆက်ပြဖို့ လိုပါတယ်။ ဘီပိုး ပိုးကောင်ရေက ၂၀ဝ၀-၃၀ဝ၀ လောက်ဆိုရင် ပိုးသတ်ဆေးမသောက်သေးဘဲ ဆရာဝန်နဲ့ပြပြီး စောင့်ကြည့်ဖို့လိုပါတယ်။ ပိုးကောင်ရေများရင်တော သောက်သင့်တယ်။ စသောက်တာနဲ့ တစ်လကို အနည်းဆုံး ၃ သောင်းကနေ ၅ သောင်းလောက် ကုန်မယ်၊ နှစ်နဲ့ချီပြီး သောက်ရမှာ ဖြစ်လို့ မလိုဘဲနဲ့ မသောက်စေချင်ဘူး၊ ဆေးက အန္တ ရာယ်လုံးဝ ကင်းတာတော့ မဟုတ်ဘူး။ ဆေးသောက်ရင်းနဲ့ ကျောက်ကပ် ထိလာနိုင်ခြေ ရှိတယ်၊ လူတိုင်းတော့ ထိတာ မဟုတ်ပါဘူး” ဟု ဒေါက်တာဒေါ်ခင်ပြုံးကြည်က ဘီပိုးကုသဆေးနှင့် ပတ်သက်၍ သတင်းပေးထားသည်။

အသည်းဖောင်ဒေးရှင်းသည် အခြားအသင်း များဖြစ်ကြသည့် မြန်မာနိုင်ငံဆရာဝန်အသင်းနှင့် သာမက ပရဟိတအသင်းများနှင့်လည်း တွဲဖက် လုပ်ဆောင်လျက်ရှိကြောင်း၊ အထူးသဖြင့် မအူပင်နှင့် သာယာဝတီရှိ ဖောင်ဒေးရှင်းရုံးခွဲများသည် ပရဟိတ အသင်းများနှင့်တွဲဖက်ပြုလုပ်နေကြောင်းသိရသည်။

“ စီပိုးကတော့ သုံးလသောက်ရင် ပျောက်တဲ့ ဆေးပေါ်နေပြီ။ ဒီဆေးကို နိုင်ငံတော်အစိုးရက ပညာရှင်တွေ ပါဝင်တဲ့ ကော်မတီဖွဲ့ပြီး စနစ်တကျ အဖက်ဖက်က စီစဉ်ဆောင်ရွက်နေပါတယ်။ အသည်း ခြောက်နေတဲ့လူတွေကို အစိုးရက ကုသပေးဖို့ စီစဉ်နေသလို တတ်နိုင်တဲ့သူတွေလည်း ဈေးသက်သက် သာသာနဲ ့ကုသနိုင်ဖို့စီစဉ်နေပါတယ်။ လပိုင်းအတွင်းမှာ အကောင်အထည်ပေါ်တော့မှာပါ။ စီပိုးရှိတယ် ဆိုရင် ပိုးကောင်ရေစစ်ပြီး ဆေးသောက်ရမယ်။ မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ဆေးက နှစ်မျိုးပေါင်းပြီး ခြောက်လသောက်ရင် ၇၀ ကနေ ၈၀ ရာခိုင်နှုန်း ပိုးပျောက်သွားနိုင်ပါတယ်။ ဆေးက ဈေးကြီးပေမယ့် မကြာခင်ဈေးကျလာမှာပါ။ အစိုးရက အခမဲ့ ကုသပေးမယ် ဆိုရင် ရောဂါအတိမ်အနက်ပေါ် မူတည်ပြီး ဦးစားပေးကုသပေးမှာပါ။ စီပိုးဖြစ်ပြီး အသည်းခြောက်နေတဲ့ အဆင့်ရောက်နေတဲ့သူက တစ်ချိန်ချိန်မှာ အသည်းကင်ဆာပြောင်းနိုင်တယ်၊ ရေဖျင်းစွဲနိုင်တယ်၊ သွေးအန်နိုင်တယ် . .အဲဒီလို မဖြစ်ခင်မှာ အသည်းခြောက်တဲ့သူကို အမြန်ဆုံးဆေးပေးလိုက်နိုင်ရင် ပိုးက တစ်လခွဲ နှစ်လအတွင်း သုညဖြစ်သွား နိုင်ပါတယ်။ ဒီဆေးက အမေရိကန်မှာ သုံးလစာ ဒေါ်လာ ကိုးသောင်းကျတော့ မြန်မာငွေနဲ့ဆိုရင် သိန်းတစ်ထောင်ကျော်လောက်ကျမယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ CSR ပရိုဂရမ်အရ ဖွံ့ဖြိုးဆဲနိုင်ငံလည်းဖြစ်၊ ကလင်တန်အဖွဲ့အစည်းနဲ့လည်း ချိတ်ဆက်ထားတော့ ကူညီမယ်ဆိုပြီး Gilead ဆေး ကုမ္ပဏီက ကူညီပံ့ပိုးတဲ့ အနေနဲ့ ဆေးသုံးလစာကို ဒေါ်လာ ၉၀ဝ နဲ့ပေးတယ်၊ အခုကျတော့ အဲဒီထက် လျှော့ပေးတဲ့အပြင် အလှူငွေတွေ အများကြီးလည်း ထည့်ပေးမှာဖြစ်ပါတယ်။ ဒါကြောင့် မြန်မြန် အကောင်အထည်ပေါ်အောင် ကျန်းမာရေးဝန်ကြီးဌာနက ဆောင်ရွက်နေပါတယ်။ ဘယ်လိုလူမျိုးတွေ ဦးစားပေးကုမလဲ၊ သွေးစစ်တာကို ဘယ်လိုနေရာတွေမှာ စစ်မလဲဆိုတာတွေ ဆွေးနွေးချမှတ်ပြီး ဖြစ်သလိုဆေးက ဘယ်လောက်ဝယ်ရမလဲဆိုတာ သိရအောင် အခုအရင်ဆုံး မြန်မာတစ်နိုင်ငံလုံး အသည်းရောင်အသားဝါ ဘီနဲ့စီဖြစ်နေသူ ဦးရေ ဘယ်လောက် ရှိသလဲဆိုတာသိဖို့ ဆေးသုတေသနဦးစီးဌာနမှ သုတေသီအဖွဲ့တွေက တိုင်းနဲ့ပြည်နယ် ၁၄ခုမှာ ကွင်းဆင်းပြီး သွေးစစ်နေပါတယ်။ ဒီလကုန် စစ်ပြီးသွားရင် ဆေးကိုဘယ်လောက်ဝယ်သင့်တယ်ဆိုပြီး တွက်ချက်ဝယ်တော့မှာဖြစ်ပါတယ်။ အဓိက စကုမယ့်နေရာကတော့ အစိုးရဆေးရုံကြီးတွေက အသည်းရောဂါဌာန တွေပဲဖြစ်မှာပါ။ အသည်းဖောင်ဒေးရှင်း အဖွဲ့ဝင် ဘီပိုး၊ စီပိုး လူနာတွေလည်း ကုခွင့်ရအောင် ဆောင်ရွက်ပေးမှာပါ။ အသည်းဖောင်ဒေးရှင်းကတော့ စရိတ်မျှပေးအနေနဲ့ ကုမှာဖြစ်သလို အမေရိကန်ကတက္ကသိုလ်တစ်ခုကလည်း အသည်းဖောင်ဒေးရှင်းနဲ့ပူးပေါင်းပြီး စီပိုးကိုကုသပေးမယ့် စီမံကိန်း တစ်ခုဆောင်ရွက်ဖို့စီစဉ်နေပါပြီ” ဟု အသည်းရောင်အသားဝါ စီပိုးရှိပြီး ငွေကြေးချို့တဲ့သူတို့အတွက် အသည်းဖောင်ဒေးရှင်း၏ ပါဝင်စွမ်းဆောင်မှုအကြောင်း ပြောပြခဲ့သည်။

“ ကြိုတင်ပြီး အာထရာဆောင်းရိုက်ထားပါ၊ အသည်းမခြောက်သေးရင် ခဏစောင့်ပါဦး၊ ပိုကောင်းတဲ့ ဆေးတွေ လာတော့မှာပါ” ဟုလည်း စီပိုးလူနာများသို့ ဒေါက်တာဒေါ်ခင်ပြုံးကြည်က အကြံပြုထားသည်။

“ အရေးကြီးဆုံး ပြောချင်တာက

ဘီပိုး၊ စီပိုး ရှိ၊ မရှိ သွေးစစ်ထားကြပါ၊ ဘီပိုး၊ စီပိုးရှိတဲ့ သူတွေက ရောဂါကျွမ်းမှ သိတာများတယ်၊ ဘီပိုး၊ စီပိုးရှိပေမယ့် လက္ခဏာကလည်း မပြတော့

တစ်ခါတလေ တခြား အကြောင်းကြောင့် ကျန်းမာရေးစစ်ရင်းနဲ့မှ ဘီပိုး၊ စီပိုး ရှိမှန်း သိတာမျိုး ဖြစ်တယ်။ ဒါကြောင့် နိုင်ငံခြား မှာ “ အသံတိတ်လူသတ်သမား”လို့ ခေါ်ပါတယ်။ တချို့ကျတော့ ဒီရောဂါတွေရှိလည်း ကုမှမကုနိုင်တာ၊ ကြောက်လို့ မသိချင်ဘူးဆိုပြီး မစစ်ကြဘူး၊ အခုတော့ အာနိသင်သိပ်ကောင်းတဲ့ ဆေးတွေကလည်း ပေါ်လာပြီ၊ အရင်က ဆေးတွေကမှ ဘေးထွက်ဆိုးကျိုးတွေ များသေးတယ်၊ အခုဆေးတွေက အလုပ်လုပ်ရင်း၊ ကျောင်းတက်ရင်း သောက်လို့ရတယ်၊ စီပိုးက ပျောက်တဲ့ဆေးပေါ်ပြီ၊ ဘီပိုးက မပျံ့ပွားအောင် ထိန်းချုပ်နိုင်တဲ့ ဆေးတွေ ပေါ်နေပြီ၊ ဆေးသောက်နေရင် ရောဂါပိုမဆိုးဘူး၊ ဒါကြောင့် ငွေထောင်ဂဏန်းလောက်ပဲ ကုန်မယ့် သွေးစစ်တာကို လုပ်ကြ ပါ၊ ဘီပိုးမရှိသေးရင် ကာကွယ်ဆေးထိုးထားကြပါ လို့ ပြောချင်ပါတယ်” ဟု ဒေါက်တာ ဒေါ်ခင်ပြုံးကြည်က အများပြည်သူကို အသည်းနှင့် ပတ်သက်၍ သတိပေးထားသည်။

တစ်ချိန်ချိန်တွင် အသည်းခြောက်၊ အသည်းကင်ဆာအထိဖြစ်စေနိုင်သည့် အသည်းရောင်အသားဝါဘီပိုး၊ စီပိုးဆိုတာ ကမ္ဘာပေါ်တွင် လုံးဝမရှိတော့သည်အထိ ပပျောက်သွားနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သုံးသပ်ထားသည်ဟုဒေါက်တာ ဒေါ်ခင်ပြုံးကြည်က ဝမ်းသာစရာ သတင်းကောင်း တစ်ခုကို မျှဝေလိုက်ပါသေးသည်။

Most Popular

Healthy Life Ad
To Top