Healthy Life Ad
Life Style

သွေးချိုကျရင် ဘာဖြစ်တတ်သလဲ….

သာမန်လူတွေမှာ သွေးတွင်းအချိုဓာတ် (Blood Glucose)တွေဟာ သတ်မှတ်ထားတဲ့ ဘောင်အတွင်းမှာပဲ ရှိသင့်ပါတယ်။ သွေးချိုတွေ သိပ်များနေရင် တာရှည်မှာမကောင်းတဲ့ ဆိုးကျိုးတွေ အမြန်ဆုံး ကိုယ့်ရှေ့ကို ရောက်လာမှာဖြစ်ပြီး တစ်ဖက်မှာလည်း သွေးချိုဓာတ်တွေ သိပ်နိမ့်ကျသွားရင် သတိလစ်ပြီး ဆိုးရွားတဲ့နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်လည်း ဆီးချိုသွေးချို ရောဂါကုသရာမှာ သွေးချိုနှုန်းတွေကို ပုံမှန် (Normal)အထိ ရောက်ရှိအောင်ရည်မှန်းပြီး ကုလို့ရနိုင်ရင် အကောင်းဆုံးဖြစ်ပေမယ့် သွေးချိုအကျလွန်တဲ့ အန္တရာယ်ကလည်း ပိုပြီးနီးစပ်လာပါတယ်။ ဒါကြောင့် ပုံမှန်နီးပါး (Near Normal)လောက်ရရှိရင် လုံလောက်တယ်၊ သင့်တော်တယ်လို့ သတ်မှတ်ကြရတာဖြစ်ပါတယ်။

တစ်ဘက်မှာ “ကျား” (သွေးချိုများတာကြောင့် ဖြစ်လာမယ့်အန္တရာယ်)နဲ့ တခြားတစ်ဖက်မှာ“ချောက်”(သွေးချိုကျတာကြောင့် ဖြစ်ပေါ်လာမယ့် အန္တရာယ်) ရှိနေတဲ့လမ်းကို လျှောက်နေရသလိုပါပဲ။ “ချောက်”နဲ့ ဝေးဝေးကလျှောက်နေရင် ချောက်ထဲမတော်တဆ ပြုတ်ကျဖို့ ဝေးနေပေမယ့် တစ်ဖက်မှာရှိတဲ့ “ကျား”နဲ့ ပိုနီးသွားမှာဖြစ်ပါတယ်။ “ကျား”နဲ့ဝေးရာ “ချောက်” နားလျှောက်ပြန်ရင်လည်း ”ချောက်”ထဲ ပြုတ်ကျမယ့် အန္တရာယ် နီးလာပါမယ်။ နှစ်ဖက်ဘေးလွတ်ရာနေရာကသာ လျှောက်ကြရမှာဖြစ်ပါတယ်။ သွေးချိုအကျလွန်တယ်ဆိုတာ သွေးတွင်းအချိုဓာတ် ၇၀ မီလီဂရမ် အောက်ကျသွားပြီး သွေးချိုကျတဲ့လက္ခဏာတွေဖြစ်ပေါ်ခံစားရတဲ့ အခြေအနေကို ဆိုလိုပါတယ်။ သွေးချိုဓာတ် ၄၀ မီလီဂရမ်အောက်ကို ဆက်ပြီး ကျဆင်းသွားရင် ဦးနှောက်ထိခိုက်ပြီးသတိလစ်တာ၊ ဂယောင်ခြောက်ခြားဖြစ်တာ တို့ဖြစ်ပေါ်တတ်ပါတယ်။ ဒီအခြေအနေကို အချိန်မီမကုသပါက အသက်သေဆုံးနိုင်ပါတယ်။ ဒါမှမဟုတ် အသက်ရှင်လာပေမယ့် လေဖြတ်သလို အိပ်ရာထဲ တာရှည်လဲနေတဲ့ အခြေအနေ ရောက်ရှိသွားတတ်ပါတယ်။
ဘယ်သူတွေက သွေးချိုကျတာ ပိုဖြစ်တတ် သလဲ၊ သွေးချိုကျတာချင်းတူရင်တောင် ဘယ်သူတွေက အဆိုးဆုံးသော နောက်ဆက်တွဲရလဒ် (Consequences) တွေ ရင်ဆိုင်ရမလဲဆိုတာ အနည်းငယ်ဆက်ပြီး ရှင်းပြလိုပါတယ်။

သွေးချိုကျတတ်တဲ့ သူတွေနဲ့ သွေးချိုကျပြီး ဆေးရုံတက်ရတဲ့အထိဖြစ်ရတဲ့ သူတွေကို ကြည့်ရင် အများအားဖြင့် အသက်ကြီးလွန်းသူတွေ၊ နာမကျန်းဖြစ်လို့ ခံတွင်းပျက်လို့ အစားမမှန်သူ၊ ပျို့အန်နေသူ၊ ဝမ်းလျှောနေသူ၊ ကျောက်ကပ်ပျက်နေသူ၊ ဆီးချို ဆေးမှန်မှန်မသောက်သူ၊ အစားအစာကို အချိန်မှန်မှန်နဲ့ ပမာဏတူညီစွာ မစားတဲ့သူ၊ အရက်အလွန်အကြူးသောက်သူတွေ၊ လုပ်နေကြမဟုတ်တဲ့ ကိုယ်လက်လှုပ်ရှားမှု ပိုမိုလုပ်မိသူတွေ၊ အင်ဆူလင်ထိုးနေရတဲ့သူ၊ သောက်ဆေးမှာ SU(Sulfonylurea) ဆေးအုပ်စုသောက်နေသူတွေ ဖြစ်ကြပါတယ်။

ဒါကြောင့် သက်ကြီးရွယ်အိုတွေ၊ ရောဂါပေါင်း စုံတွဲပြီး ရှိနေသူတွေနဲ့ ကျောက်ကပ်မကောင်းတဲ့သူတွေမှာ သွေးချိုကို အလွန်အမင်းမချဘဲ ခပ်လျော့လျော့ရည်မှန်းကြမှသာ သွေးချိုကျတာရဲ့ အန္တရာယ် လျော့နည်းသွားမှာဖြစ်ပါတယ်။ ဥပမာ HbA(သုံးလ ပျမ်းမျှသွေးချို)ကို ၆ ဒသမ ၅ ~ ၇ ရာခိုင်နှုန်းရရှိဖို့ မရည်ရွယ်တော့ဘဲ ၇ ~ ၈ ရာခိုင်နှုန်းနဲ့သာ ကျေနပ်ရမှာဖြစ်ပါတယ်။

အင်ဆူလင်ထိုးရသူတွေမှာ ထိုးနည်း၊ ဆေးချိန်ဆနည်း၊ ဆေးညှိနည်းတွေ မှားယွင်းနေတာ၊ ဆေးပမာဏနဲ့ ကိုက်ညီတဲ့အစာမစားမိတာ…စတာတွေကြောင့် သွေးတွင်း အချိုဓာတ် အကျလွန်တာတွေ ရှိတတ်ပါတယ်။ ဒါကလည်း အင်ဆူလင်ထိုးဖို့ စိုးရွံ့နေကြရတဲ့ အဓိက အတားအဆီးတစ်ခုပဲ ဖြစ်ပါတယ်။
ဆီးချိုစားဆေးတွေမှာလည်း မက်ဖော်မင် (Metformin)၊ ပိုင်အိုဂလစ်တာဇုန်း (Pioglitazone)နဲ့ စစ်တာဂလစ်ပတင် (Sitagliptin)GLP-1 agonist (Lyroglutide)ဆေးအုပ်စုတွေ ကိုချည်းသုံးရင် သွေးချိုကျတဲ့ အန္တရာယ်မရှိသလောက် ရှားပါတယ်။ ဒါပေမဲ့ ဒီဆေးတွေရဲ့ မုန့်ချိုအိတ်မှ အင်ဆူလင်အထွက်များအောင် တွန်းအားပေးတဲ့ ဆေးတွေနဲ့တွဲပြီးသောက်ရင် သွေးချိုကျနှုန်း ပိုမြန်စေပါတယ်။ ဒီဆေးတွေကတော့ SU အုပ်စု (ဥပမာ -Diamicron, Gliclizide,m Minidiab, Glimepride)Repaglinide (ဥပမာ-Novonorm,Betarap)စတဲ့
ဆေးတွေ)တွေပဲဖြစ်ပါတယ်။

ဒါတွေကို သိရှိထားမှသာ ဘယ်လိုလူတွေကို ဘယ်အချိန်မှာ သွေးချိုအကျလွန်တဲ့ပြဿနာ ဖြစ်တတ်သလဲဆိုတာကြိုတင်သိရှိပြီး ကာကွယ်နိုင်မယ်၊ ပိုပြီးသတိထားနိုင်ပြီး ဖြစ်ခဲ့ရင်လည်း အသက်အန္တရာယ် မဖြစ်အောင် အချိန်မီကယ်တင် ပေးနိုင်မှာဖြစ်ပါတယ်။

သွေးချိုကျသော လက္ခဏာများ

သွေးချိုကျတာကို ညွှန်ပြတဲ့ လက္ခဏာတွေကို နှစ်ပိုင်းခွဲခြားပြီး ရှင်းပြလိုပါတယ်။

သွေးချိုကျတာကလည်း ဦးနှောက်ကိုထိခိုက်နိုင်မယ့် ကြီးမားတဲ့ အန္တရာယ်တစ်ခုဖြစ်တဲ့အတွက် ခန္ဓာကိုယ်က ဒီအန္တရာယ်ကို တခြားအန္တရာယ်တစ်ခုခု ရင်ဆိုင်ရသလို တုံ့ပြန်မှုတွေဖြစ်စေပါတယ်…

ပထမ သွေးချိုအကျလွန်ဖြစ်ခါစ စောစောပိုင်းမှာ ခန္ဓာကိုယ်ရဲ့တုံ့ပြန်မှုကြောင့် ဖြစ်ပေါ်လာတဲ့လက္ခဏာတွေ တွေ့ရှိရပါမယ်။ တစ်နည်းအားဖြင့် “သတိပေးခေါင်းလောင်းသံ”လို့ တင်စားလို့ရပါတယ်။ အန္တရာယ်(Danger)တစ်ခု ဥပမာ Fight (တိုက်ခိုက်ခြင်း)နဲ့ Fight (ကြောက်ရွံ့စိုးရိမ်ခြင်း)ကို ရင်ဆိုင်ရပြီဆိုရင် ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်အရ တုံ့ပြန်မှုတွေ ရှိပါတယ်။ ဒီတုံ့ပြန်မှုဟာ အဒရီနယ်လင် (Adrenalin)လို့ခေါ်တဲ့ ဟော်မုန်းဓာတ်ကို စစ်ထုတ်လိုက်လို့ သွေးထဲမှာများလာစေတဲ့အတွက် ဖြစ်ပေါ်လာရပါ။ ဥပမာ မီးလောင်တာ၊ ခိုက်ရန်ဖြစ်ပွားတာ၊ စိတ်လှုပ်ရှားလို့ စိုးရွံ့နေတာ။ ဒီလိုအချိန်မှာ အဒရီနယ်လင် (Adrenalin)ကြောင့်ဖြစ်ပေါ်လာတဲ့ လက္ခဏာတွေနဲ့ သွေးချိုအကျလွန်လက္ခဏာတွေဟာ အားလုံးအတူတူပါပဲ။

သွေးချိုကျတာကလည်း ဦးနှောက်ကို ထိခိုက်နိုင်မယ့် ကြီးမားတဲ့ အန္တရာယ်တစ်ခုဖြစ်တဲ့အတွက် ခန္ဓာကိုယ်က ဒီအန္တရာယ်ကို တခြားအန္တရာယ်တစ်ခုခုရင်ဆိုင်ရသလို တုံ့ပြန်မှုတွေဖြစ်စေပါတယ်။

ဒီသတိပေးလက္ခဏာတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
ရင်တုန်မယ်၊
ချွေးစေးတွေ ပြန်မယ်၊
ခြေလက်တုန်မယ်၊ ကတုန်ကယင် ဖြစ်မယ်၊
ခေါင်းကိုက်မယ်၊ သွေးတိုးမယ်၊
ခေါင်းမူးပြီး အာရုံစူးစိုက်မှု လျော့ကျလာမယ်၊
စိတ်တိုမယ်၊ ဒေါသထွက်လွယ်မယ်၊
နားအူမယ်၊
ဗိုက်ဆာလာမယ်၊
ဆီးချိုတက်ပြီး သတိလစ်မယ်၊
အအိပ်များပြီး နှိုးမရတာမျိုးလည်း တွေ့နိုင်တယ်။

ဒီလက္ခဏာတွေအားလုံးဟာ ကစီဓာတ်ပါတဲ့ အစာတစ်ခုခု စားလိုက်မယ် ဒါမှမဟုတ် သကြားပါတဲ့ အချိုရည်တစ်မျိုးမျိုး သောက်လိုက်မယ်ဆိုရင် ချက်ချင်းဆိုသလို ပျောက်ပြယ်သွားမှာ ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ သွေးချိုကိုစက်နဲ့ဖောက်ကြည့်လိုက်ရင် အများအားဖြင့် ၇၀မီလီဂရမ် (၃ ဒသမ ၅ မီလီမိုးလ်) အောက်မှာရှိတာ တွေ့ရပါမယ်။

ဒီ”သတိပေးလက္ခဏာ” ဖြစ်ပေါ်နေတဲ့အဆင့်ကို အချိန်မီမပြုပြင်လိုက်ရင် သွေးတွင်း အချိုဓာတ်ဆက်ပြီး ကျသွားမှာဖြစ်ပါတယ်။ သွေးတွင်း အချိုဓာတ် ၄၀ မီလီဂရမ် (၂ ဒသမ ၅ မီလီမိုးလ်) အောက်ရောက်သွားခဲ့ရင် အချိုဓာတ်မရှိလို့ ဦးနှောက်က ပုံမှန်အလုပ်မလုပ်နိုင်တော့ဘဲ ဦးနှောက်အချိုငတ်ပြတ်တဲ့လက္ခဏာ(Neuroglycopenic Features) တွေဖြစ်လာပါမယ်။ ဒီအဆင့်ကတော့ သတိပေး အဆင့်ကျော်သွားပြီး တကယ်မီးလောင်နေတဲ့အဖြစ်မျိုးနဲ့ နှိုင်းယှဉ်လို့ရပါတယ်။ ဦးနှောက်အချိုငတ်ပြတ်တဲ့ လက္ခဏာ(Neuroglycopenic Features)တွေကတော့-
ကယောင်ခြောက်ချားဖြစ်ပြီး စကားပြောမမှန်တာပဲ ဖြစ်ပါတယ်။
ဒီအဆင့်မှာ ကုသမှုကို အမြန်ဆုံးပေးရပါမယ်။ စက္ကန့်ပိုင်းအတွင်း၊ မိနစ်ပိုင်းအတွင်း အထူးအရေးကြီးတဲ့ အခြေအနေပါ။
အချိန်နည်းနည်းဆွဲလိုက်မိလို့နှောင့်နှေးသွားတာနဲ့ ပြန်မကောင်းနိုင်တဲ့ ဦးနှောက်ပျက်စီးမှု(Neuroglycopenic Features)
ကို ဖြစ်သွားစေတတ်ပါတယ်။ အသက်သေဆုံးတတ်ပါတယ်။ အချိန်နှောင်းမှ ဂလူးကို့စ်ကိုထိုးပြီး သွေးတွင်း အချိုဓာတ်ကို ပြုပြင်နိုင်ကာ အသက်မသေဆုံးဘဲ ပြန်ရှင်လာရင်တောင် သတိပြန်မလည်ဘဲ လေဖြတ်နေတဲ့ပုံစံမျိုး လတွေ၊ နှစ်တွ အကြာကြီး ဖြစ်နေတတ်ပါတယ်။ ဒါက အသုံးမကျတဲ့ရှင်သန်နေခြင်းဘဝ (Vegetative life)ရောက်သွားတတ်ပါတယ်။ လေဖြတ်တာနဲ့လည်း ဆင်တူပြီး ကုသမှု လွဲမှားတတ်ပါတယ်။ ဒါကြောင့် လေဖြတ်တဲ့လူနာလာတိုင်း မဖြစ်မနေသွေးချိုတိုင်းကြည့်ဖို့ ဆရာဝန်၊ ဆရာမတိုင်းမှာ တာဝန်ရှိပါတယ်။

ဒီအဖြစ်အပျက်တွေဟာ အလွန်တရာ မြန်ဆန်ပြီး အလွန်အမင်းကြောက်စရာကောင်းတဲ့ ဆီးချိုဆေးတွေရဲ့ ဆိုးကျိုးကြီးတစ်ခုပဲ ဖြစ်ပါတယ်။
အချိုစားမယ်၊ သကြားပါတဲ့အချိုရည်တိုက်မယ်၊ သတိရလာရင် ကစီဓာတ်ပါတဲ့အစာ ဥပမာ- ထမင်း ဒါမှမဟုတ် မုန့်တစ်ခုခုစားလိုက်ရင်
ပြန်ကောင်းသွားတတ်ပါတယ်။
ဆက်လက်ဖော်ပြပါမည်။

Most Popular

Healthy Life Ad
To Top