Healthy Life Ad
International

AIDS ရောဂါက HIV Virus ကြောင့် ဖြစ်ပွားကြောင်း စတင်တွေ့ရှိသူက HIV ကာကွယ်ဆေးသစ်တစ်မျိုးကို လူသားတွင် စတင်စမ်းမည်

၊ မိုးမင်းထွန်း ၊

လွန်ခဲ့တဲ့ နှစ် ၃၀ က AIDS ရောဂါဟာ HIV ပိုးကြောင့် ဖြစ်ပွားတယ်လို့ စတင်တွေ့ရှိသူက ကာကွယ်ဆေးသစ်တစ်မျိုးကို လူသားတွေနဲ့ ဒီလမှာ စတင်စမ်းသပ်တော့မှာ ဖြစ်ပါတယ်။ ဒေါက်တာ ရောဘတ်တို ဂယ်လိုက ရောဂါဇာစ်မြစ်ကို ရှာဖွေတွေ့ရှိခဲ့ပြီး နှစ်သုံးဆယ်အတောအတွင်းမှာ ပညာရှင်တွေက AIDS ကာကွယ်ဆေး ၁၀ဝ နီးပါးကို စမ်းသပ်ခဲ့ပြီး အောင်မြင်မှုက ပြောပလောက်အောင် မရှိခဲ့ပါဘူး။ ဘော်တီမိုးဆန်းအဆိုအရ ၂၀ဝ၉ခုနှစ်က ထိုင်းနိုင်ငံမှာ ပြုလုပ်တဲ့ စမ်းသပ်မှုတစ်ခုကသာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုဖို့ အသုံးဝင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ ဒါတောင် လူနာသုံးပုံတစ်ပုံကိုသာ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

HIV ဗိုင်းရပ်စ်ဟာ လူ့ခန္ဓာကိုယ်ရဲ့ တီဆဲလ်တွေမှာ ပုန်းအောင်းပြီး ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို တိုက်ခိုက်ကြတာကြောင့် ရောဂါကိုအမြစ်ဖြတ်ဖို့ အလွန်ကို ခဲယဉ်းပါတယ်။ ဒါပေမဲ့ လူ့ဗိုင်းရပ်စ်ဗေဒ အင်စတီကျုမှ ၇၈နှစ် အရွယ်ဂယ်လိုနဲ့ အဖွဲ့ကတော့ သူတို့ရဲ့တစ်ခါတည်းနဲ့အမြစ်ဖြတ်နိုင်မယ့် ကာကွယ်ဆေးသစ်ဟာ တမူထူးခြားတဲ့ နည်းအသစ်နဲ့ ချဉ်းကပ်ထားတယ်လို့ ပြောပါတယ်။ တီဆဲလ်တစ်ခုကို HIVဗိုင်းရပ်စ် လုံးဝကူးစက်မှု မရှိသေးခင် စတင် ထိစပ်လိုက်တာနဲ့တပြိုင်နက် သူတို့ရဲ့ကာကွယ်ဆေးက ခန္ဓာကိုယ်မှ ပဋိပစ္စည်းတွေကို ထုတ်လုပ်စေပြီး ဗိုင်းရပ်စ်ကို တိုက်ခိုက်နိုင်မယ်လို့ ဂယ်လိုက မျှော်လင့်ထားပါတယ်။ ဂယ်လိုဟာ ၁၅နှစ်ကြာ ဒီဆေးအသစ်အတွက် သုတေသန ပြုလုပ်ထားပြီး ပထမမျောက်တွေနဲ့ အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပါတယ်။ ရန်ပုံငွေရရှိဖို့ အချိန်အတော်ကြာ စောင့်ခဲ့ရပြီး အခုမှသာ လူတွေနဲ့ စတင်စမ်းသပ်နိုင်မှာ ဖြစ်ပါတယ်။ လူသားနဲ့ ပထမအကြိမ်စမ်းသပ်မှုမှာ စေတနာ့ဝန်ထမ်း လူနာအယောက် ၆၀ ပါဝင်မှာ ဖြစ်ပါတယ်။

“အလုံးစုံအောင်မြင်မှုကို မမျှော်လင့်ထားပါဘူး။ ဒါပေမဲ့ ဒီနယ်ပယ်မှာ တိုးတက်မှုအသစ်တွေဆီကို ဦးဆောင်သွားနိုင်မယ်လို့ မျှော်လင့်ထားပါတယ်” လို့ ဂယ်လိုက သည်ဆန်းသတင်းစာကို ပြောကြားခဲ့ပါတယ်။

(Ref;FoxNews)

Most Popular

Healthy Life Ad
To Top