Healthy Life Ad
Health Tips

သင့်ကိုယ်ခံစွမ်းအားစနစ်ကို အားနည်းစေသော အံ့အားသင့်ဖွယ်အချက်များ

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———

တချို ့လူတွေက အအေးမိတာနဲ့ တုပ်ကွေးဖြစ်လွယ်ပေမယ့် တချို ့လူတွေကတော့ နှာစေးတာတောင် မဖြစ်ဘဲ ကျန်းမာကြပါတယ်။ ဒီလိုကွဲပြားရတဲ့ အကြောင်းရင်းကတော့ ကိုယ်ခံစွမ်းအားစနစ်ချင်း မတူလို့ပါ။ ဒါက ကိုယ်ခံစွမ်းအားစနစ်ကို အားနည်းစေတဲ့အချက်တွေကို လုပ်ဆောင်နေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

(၁) အချိုစာစားလွန်းခြင်း

သကြားများများစားတာက ကိုယ်ခံစွမ်းအားစနစ်ကို ထိခိုက်စေပါတယ်။ အမေရိကန်အာဟာရ ဆေးပညာဂျာနယ်ရဲ ့လေ့လာမှုအရ သကြား ၁၀ဝ ဂရမ်စားတာက သွေးဖြူဥရဲ ့ ဘက်တီးရီးယား သတ်နိုင်စွမ်းကို သိသိသာသာ ထိခိုက်စေကြောင်း သိရပါတယ်။

(၂) ရေအလုံအလောက်မသောက်ခြင်း

နာမကျန်းဖြစ်နေချိန်မှာ အရည်ကို များများသောက်ဖို့ မိခင်နဲ့ ဆရာဝန်တွေက တိုက်တွန်းကြပါတယ်။ ခန္ဓာကိုယ်တွင်းက မလိုအပ်တဲ့ အဆိပ်တွေကို ဖယ်ထုတ်နိုင်ဖို့ အရည်များများလိုတာ ဖြစ်ပါတယ်။ လူတစ်ယောက် အရည်ဘယ်လောက် သောက်သင့်သလဲဆိုတာ ဆီးအရောင်ကိုကြည့်ပြီး ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ဆီးအရောင်က အဝါဖျော့ဖျော့ဖြစ်ရင် သင်သောက်တဲ့အရည်ပမာဏ သင့်တော်ပါတယ်။

(၃) ကိုယ်အလေးချိန်များခြင်း

ကိုယ်အလေးချိန်များတာက နှလုံး၊ ဦးနှောက်နဲ့ တခြားအင်္ဂါအစိတ်အပိုင်းတွေအတွက် မကောင်းပါဘူး။ ဒါ့အပြင် ကိုယ်ခံစွမ်းအားစနစ်အတွက်လည်း ဆိုးပါတယ်။ ကိုယ်အလေးချိန်များတာက ဟော်မုန်းမမျှတမှုဖြစ်ပြီး ရောင်ရမ်းစေတာကြောင့် ကိုယ်ခံစွမ်းအားစနစ်ကို ထိခိုက်စေကာ ရောဂါပိုးတွန်လှန်နိုင်စွမ်းကို လျော့ကျစေပါတယ်။

(၄) နှာခေါင်းခြောက်သွေ့လွန်းခြင်း

နှာရည်ကျတယ်ဆိုတာ အအေးမိတာနဲ့ တုပ်ကွေးကို တွန်းလှန်နိုင်တဲ့ ခုခံတဲ့ ဖြစ်စဉ်တစ်ခုပါ။ နှာခေါင်းထဲက အချွဲမြှေးက ဗိုင်းရပ်စ်တွေကို ဖမ်းယူပြီး ကိုယ်တွင်းကနေ ဖယ်ထုတ်ပေးနေတာ ဖြစ်ပါတယ်။ နှာခေါင်းလမ်းကြောင်းတစ်လျှောက်က ခြောက်သွေ ့လွန်းနေရင် ပိုးမွှားတွေကျူးကျော်ဝင်ရောက်ဖို့ လွယ်လွန်းနေပါတယ်။ ဒါဆိုရင် လေထုစိုထိုင်းစက်ကို ဖွင့်ထားသင့်ပါတယ်။

(၅) စိတ်ဖိစီးမှု များလွန်းခြင်း

ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုကို ပြီးမြောက်အောင် ဆောင်ရွက်ပြီးချိန်မှာ အအေးမိဝေဒနာ ဖြစ်နေပါသလား။ ကြာရှည်စိတ်ဖိစီးမှုခံစားရတာက ကိုယ်ခံစွမ်းအားစနစ်ရဲ ့တုန့်ပြန်မှုကို အားနည်းစေတာကြောင့် ဖြစ်ရတာပါ။ ဒါ့အပြင် တုပ်ကွေးဖြစ်နေတုန်း စိတ်ဖိစီးမှုများနေရင် ရောဂါဝေဒနာ ပိုဆိုးစေနိုင်ပါတယ်။

(၆) အမြဲတမ်း အအေးမိနေခြင်း

အမြဲတမ်းအအေးမိတာက ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်နေအောင် ထိန်းမထားနိုင်ကြောင်း ပြသရာရောက်ပါတယ်။ ယေဘုယျအားဖြင့် လူကြီးတစ်ဦးဟာ ရာသီတစ်ခုမှာ တစ်ကြိမ်-သုံးကြိမ် ဖျားနာတတ်ပြီး တစ်ကြိမ်ဖျားတိုင်း ၃-၄ ရက်ကြာတတ်ကြောင်း သိရပါတယ်။ ဒီ့ထက်ပိုပြီး ဖျားနေတယ်ဆိုရင် သင့်ကိုယ်ခံစွမ်းအားစနစ်က အားနည်းလွန်းနေပါပြီ။ ကိုယ်ခံစွမ်းအားစနစ် ကောင်းမွန်ဖို့ အိပ်ရေးဝ၀ အိပ်စက်ပါ၊ ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ၊ လတ်ဆတ်တဲ့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေ များများစားပါ ဒီအချက်တွေက ကိုယ်ခံစွမ်းအားစနစ်ကို အားကောင်းစေပါတယ်။

Most Popular

Healthy Life Ad
To Top