Healthy Life Ad
Health Tips

ချွေးပေါက်ကျယ်နေသူတို့အတွက် ချွေးပေါက်ကျဉ်းသွားစေမည့် အလွယ်နည်းများ

၊ ငွေကြယ်စင်ယံ ၊

အရေပြားမျက်နှာပြင်ပေါ်မှာ ချွေးပေါက် အစက်ငယ်တွေကို တွေ့မြင်နိုင်ပါတယ်။ ချွေးပေါက်ဆိုတာ ဆံချည်မျှင်အိတ်လေးတွေ ပွင့်နေတာဖြစ်ပြီး အဆီထွက်ရှိတဲ့ အဆီဂလင်းပါဝင်ပါတယ်။ အဆီဂလင်း ပိုကြီးမားတဲ့ နဖူးနဲ့နှာခေါင်းမှာ ချွေးပေါက်တွေက ပိုမို သိသာတတ်ပါတယ်။

ချွေးပေါက် အရွယ်အစားဟာ မျိုးရိုးဗီဇအပေါ် မူတည်နေသလို အသားညိုရင် ချွေးပေါက်တွေ ပိုကြီးတတ်ပါတယ်။ ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင်တွေကတော့ ချွေးပေါက်ကျဉ်းတတ်ပြီး အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေမှာ ချွေးပေါက် ကျယ်တတ်ပါတယ်။ ချွေးပေါက်အရွယ်အစားအပေါ် သက်ရောက်မှု့ရှိတဲ့ တခြားအချက်တွေကတော့ –

– အရေပြားဆဲလ်သေတွေနဲ့ အဆီခဲတွေစုပြီး ဝက်ခြံဖြစ်လာတဲ့အခါ ချွေးပေါက်က ပိုကျယ်လာပါတယ်။

– ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့မှု့ကြောင့် အရေပြားရဲ့ ကော်လာဂျင်ဓာတ်တွေ အားနည်းပြီး ချွေးပေါက်တွေ ပိုကြီးလာပါတယ်။

– ကော်လာဂျင်ဓာတ် ဆုံးရှုံးမှှုု့ကြောင့် အရေပြား အိုမင်းလာပြီး ချွေးပေါက်တွေ သိသာ ထင်ရှားတတ်ပါတယ်။

– ဝက်ခြံတွေကို မကြာခဏ ဆိတ်တာနဲ့ ညှစ်တာတွေ ပြုလုပ်ရာက အရေပြားမှာ ထိခိုက်ဒဏ်ရာရပြီး ချွေးပေါက် ကျယ်လာတတ်ပါတယ်။

ချွေးပေါက်ကျယ်တဲ့အတွက် အလှအပ ထိခိုက်တယ်လို့ ခံစားရတဲ့သူတွေအနေနဲ့ ချွေးပေါက် ကျဉ်းသွားစေဖို့ လုပ်ဆောင်နိုင်မယ့် အလွယ်နည်းတွေကို မျှဝေလိုက်ပါတယ်။

(၁) မျက်နှာကို စနစ်တကျ သန့်စင်ပါ
မျက်နှာကို စနစ်တကျ သန့်စင်တဲ့နည်းဟာ ချွေးပေါက်တွေ ကျဉ်းသွားစေတဲ့ ရေတိုဖြေရှင်းနည်း ဖြစ်ပါတယ်။ အဆီပိုနဲ့ အညစ်အကြေးအပိုတွေကို စုဆောင်းထားရတဲ့အတွက် ချွေးပေါက်တွေက ပိုကျယ်ပြန့်နေတတ်ပါတယ်။ ဒါကြောင့် မျက်နှာကို သန့်စင်လိုက်တာက အဆီနဲ့ အညစ်အကြေးတွေ ကင်းသွားစေပြီး ချွေးပေါက်ကျဉ်းသွားရတာပါ။ တစ်နေ့မှာ နှစ်ကြိမ် pH ထိန်းညှိတဲ့ မျက်နှာသစ်ဆေးနဲ့ သန့်စင်ပေးပါ။ ဒီနည်းဟာ ချွေးပေါက်ပိတ်စေတဲ့ မိတ်ကပ်နဲ့ အညစ်အကြေးတွေကို သန့်စင်သွားစေပါတယ်။ လေ့ကျင့်ခန်းမလုပ်ခင်နဲ့ လုပ်ပြီးချိန်မှာလည်း မျက်နှာသစ်ပေးရပါမယ်။

(၂) အရေပြားကို ကြေးချွတ်ပွတ်တိုက်ပါ
အရေပြားကို ကြေးချွတ်ပွတ်တိုက်ပေးတာက အရေပြားရှိ ဆဲလ်သေတွေကို ကင်းစင်စေတဲ့အတွက် ချွေးပေါက် ကျဉ်းသွားစေပါတယ်။ ကြေးမချွတ်ခင် သင့်အရေပြား အမျိုးအစားကို အရင်ဆုံးစဉ်းစားပါ။ သင့်အရေပြားက အနီရောင်သန်းရင် နေ့တိုင်းကြေး ချွတ်ပေးပါ။ သင့်အရေပြားက ထိခိုက်လွယ်ရင် တစ်ပတ်မှာ ၁-၃ ကြိမ် ကြေးချွတ်ပေးပါ။ ကြေးချွတ်တဲ့အခါ ရက်တီနော (Retinol)၊ သစ်သီးအင်ဇိုင်း၊ အယ်လ်ဖာဟိုက်ဒရိုဇိုမ်းအက်စစ် (Alpha hydroxyl Acid) တို့ပါတဲ့ ကြေးချွတ်ပစ္စည်းကို ရွေးချယ်ပါ။ ချွေးပေါက်ကျယ်နေရင် ဆလီးဆလစ်အက်စစ် (Salicylic Acid) ပါတဲ့ လိုးရှင်းကို ရွေးလိမ်းပါ။

(၃) နေရောင်ကာကွယ်ပါ
အရေပြားကို ကြေးချွတ်သန့်စင်ပြီးတဲ့အခါ နေကာခရင်မ်ကို အမြဲလိမ်းပါ။ အရေပြား ဆဲလ်သေတွေ ကင်းစင်သွားတဲ့အခါ အရေပြားဟာ ခရမ်းလွန်ရောင်ခြည်ကို အလွန်အမင်း ထိခိုက်လွယ်သွားပါတယ်။ ထိခိုက်စေတဲ့ ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့မှု့များရင် အရေပြားဟာ ဆဲလ်ထုတ်လုပ်မှု့ နှေးသွားပါတော့တယ်။ ဆဲလ်ထုတ်လုပ်မှု့ နှေးသွားတဲ့အခါ အရေပြားဟာ ပြင်းပြင်းထန်ထန် အလုပ်လုပ်ရပြီး ချွေးပေါက် ပိုကျယ်သွားတတ်တာကြောင့်ပါ။ ဒါကြောင့် နေ့စဉ် အရေပြားကို နေကာနိုင်စွမ်း (SPF) အဆ ၃၀ ပါတဲ့ နေကာခရင်မ် လိမ်းတာ၊ အပြင်ထွက်တိုင်း အနားကျယ်တဲ့ ဦးထုပ်ဆောင်းတာ၊ ထီးဆောင်းတာ စတဲ့နည်းတွေနဲ့ ကာကွယ်သင့်ပါတယ်။ ခရမ်းလွန်ရောင်ခြည်က အလွန်ပြင်းတဲ့ နံနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ အပြင်မသွားပါနဲ့။

(၄) ရက်တီနော အခြေခံပစ္စည်းများ လိမ်းပါ
ရက်တီနောဟာ အရေပြား အပေါ်ယံမျက်နှာပြင်ရှိ ဆဲလ်တွေရဲ့ ကြမ်းတမ်းမှု့ကို လျော့ကျစေတာကြောင့် ချွေးပေါက် အညစ်အကြေးတွေကို ကင်းစင်စေကာ ချွေးပေါက် ကျဉ်းသွားစေပါတယ်။

(၅) မှန်ကန်ကောင်းမွန်သော အသားအရေထိန်းပစ္စည်းများ ရွေးချယ်ပါ
ချွေးပေါက်သန့်စင်ပြီး အဆီဓာတ် ဟန်ချက်ညီစေဖို့ ဇင့်(သွပ်)ဓာတ်နဲ့ မဂ္ဂနီဆီယမ်ပါတဲ့ အသားအရေထိန်းပစ္စည်းကို ရွေးချယ်ပါ။ ချွေးပေါက် မပိတ်စေတဲ့ လာဗန်ဒါနဲ့ ရို့စ်မေရီပါတဲ့ အသားအရေထိန်း ပစ္စည်းရွေးလိမ်းပါ။ ဆလီးဆလစ်အက်စစ်ဟာ ချွေးပေါက်ကျဉ်းစေတဲ့ အရာဖြစ်ပါတယ်။   ပက်ထရိုလေတမ် (Petrolatum)နဲ့ သတ္တုဆီပါဝင်တဲ့ အသားအရေထိန်း ပစ္စည်းတွေကို မသုံးပါနဲ့။ ချွေးပေါက်တွေကို စပ်ဖျဉ်းဖျဉ်းဖြစ်စေပြီး ချွေးပေါက် ကျယ်စေလို့ပါ။

(၆) ကျန်းမာရေးနှင့် အညီ စားပါ
သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေလို အဆီနည်းတဲ့ အစာကို ရွေးစားပါ။ အဆီနဲ့ ဆီပါဝင်မှု့များတဲ့ အစာတွေက အရေပြားကို ရောင်ရမ်းမှု့ဖြစ်ကာ ချွေးပေါက် ပိတ်စေနိုင်တာကြောင့် ရှောင်သင့်ပါတယ်။

(၇) အိပ်ရာမဝင်မီ မိတ်ကပ်ဖျက်ပါ
မိတ်ကပ်လိမ်းပြီး ဘယ်တော့မှ အိပ်ရာမဝင်ပါနဲ့။ ချွေးပေါက်ပိတ်ဆို့ပြီး ကြာလာရင် ချွေးပေါက် ကျယ်လာတတ်လို့ပါ။ မျက်နှာပေါ်က မိတ်ကပ်အကြွင်းအကျန်တွေကို ဖယ်ရှားပြီး သန့်ရှင်းတဲ့ ရေနဲ့ မျက်နှာသစ်ပေးပါ။

(၈) သီးသန့် ပြုပြင်ထိန်းသိမ်းမှု့ ခံယူပါ
ပါးပြင်၊ နှာခေါင်းနဲ့ နဖူးပြင်တွေမှာ ချွေးပေါက် ကျယ်နေတတ်တဲ့အတွက် ရွှံ့စေးမျက်နှာပေါင်းတင်ဆေး(Clay Mask)နဲ့ ပေါင်းတင်ပေးပါ။ ပြုလုပ်ရမယ့်နည်းက မျက်နှာသစ်ပြီး ပေါင်းတင်ဆေးကို ခပ်ပါးပါးလိမ်းကာ မိနစ်အနည်းငယ်ကြာရင် ဆေးကြောပေးရမှာပါ။ အဆီပြန်တဲ့ အရေပြားနေရာတွေမှာ အဆီစုပ်စက္ကူနဲ့ သုတ်ပေးပါ။

(၉) မျက်နှာကို ရေနွေးငွေ့ခံယူပါ
မျက်နှာ ချွေးပေါက်ပွင့်ပြီး အညစ်အကြေး၊ အဆီနဲ့ တခြားအမှုန်အမွှားတွေ ကင်းစင်စေဖို့ ရေနွေးငွေ့နဲ့ ပေါင်းတင်ပေးပါ။ ပြုလုပ်ရမယ့် နည်းကတော့ နှင်းဆီပွင့်ချပ်တွေ၊ လာဗန်ဒါဆီ၊ ပင်စိမ်းရွက်နဲ့ ပူဒီနာ(ပူစီနံ)ရွက်တွေကို ပန်းကန်လုံးတစ်ခုထဲ ထည့်ပြီး ရေနွေးထည့်ပါ။ ပြီးရင် ပန်းကန်လုံးအဝကို တဘက်တစ်ခုနဲ့ အုပ်ပါ။ ငါးမိနစ်ကြာမှ တဘက်ကို ဖယ်ပြီး ရေနွေးငွေ့နဲ့ မျက်နှာထိတွေ့ပါစေ။ ၁၀-၁၅ မိနစ်လောက် ရေနွေးငွေ့ခံယူပြီးရင် မျက်နှာဆီကို အောက်ဆီဂျင်နဲ့ အစိုဓာတ်တွေ ရောက်ရှိပြီး ချွေးပေါက် သန့်စင်သွားမှာပါ။ ပန်းပွင့်တွေရဲ့ အနံ့က သင့်ကို အပန်းပြေစေမှာ ဖြစ်ပါတယ်။ ပြီးရင် မျက်နှာကို ရေနဲ့ သစ်ပြီး ခြောက်သွေ့သွားအောင် ညင်ညင်သာသာ သုတ်လိုက်ပါ။

(၁၀) တစ်ခါတစ်ရံ ကျွမ်းကျင်သူထံ အသားအရေ ပြုပြင်ထိန်းသိမ်းပါ
အရေပြား အပြင်ဘက်ဆုံးအလွှာကို ကြေးချွတ်သန့်စင်တဲ့ ကုထုံးကို ကျွမ်းကျင်သူတွေနဲ့ တစ်ခါတစ်ရံ ပြုလုပ်ပေးပါ။ ဆားဝက်ခြံ ကင်းစေပြီး ချွေးပေါက်ရှိ အဆီခဲနဲ့ အညစ်အကြေးတွေကို ကင်းစင်သွားစေသလို ချွေးပေါက်တွေကို ပုံမှန်အရွယ်အစားအတိုင်း ပြန်ဖြစ်စေပါတယ်။ ဒါ့အပြင် အရေပြား တင်းရင်းစေတဲ့ ကော်လာဂျင်ထွက်ရှိမှု့ အားကောင်းကာ အရေပြားရဲ့ ဆွဲဆန့်နိုင်စွမ်း ကောင်းစေပါတယ်။

(Ref;HD)

Most Popular

Healthy Life Ad
To Top