Healthy Life Ad
Health Tips

COVID-19 ပိုးကင်းစင်သွားသူ လူနာအမှတ် (၉) ၏ ရောဂါကျော်လွှားပုံအကြောင်း

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (Case-9) သည် အသက် (၄၄) နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးဖြစ်ပြီး (၂၃-၃-၂၀၂၀) ရက်နေ့ တွင် ဇနီးဖြစ်သူနှင့်အတူ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ မြဝတီမြို့မှတစ်ဆင့် ဝင်ရောက်ခဲ့ကာ (၂၆-၃-၂၀၂၀) ရက်နေ့တွင် မင်္ဂလာဒုံမြို့နယ်သို့ ရောက်ရှိခဲ့သူဖြစ်သည်။

“ကျွန်တော်က မတ်လ ၂၃ ရက်နေ့မှာ ထိုင်းကပြန်လာတာပါ။ ၂၅ ရက်နေ့ မြဝတီရောက်တယ်။ ၂၅ ရက်နေ့ ည ၉ နာရီခွဲလောက် ရန်ကုန်ကို ကားနဲ့လာခဲ့ပါတယ်။ ၂၆ ရက်နေ့ မနက် ၁၀ နာရီလောက် ရန်ကုန်ကားဂိတ် ရောက်ပါတယ်။ ပုလဲမြို့သစ်က ကျွန်တော့်မိန်းမရဲ့ အစ်မအိမ်မှာ တည်းပါတယ်။ ရောက်ပြီးမကြာခင် ရပ်ကွက်ထဲက လူတွေက ဧည့်သည်တွေရောက်ရင် ရပ်ကွက်လူကြီးကို တိုင်ရမယ်လို့ ပြောပါတယ်။ ကျွန်တော်တို့က အလုပ်မှာလည်း ဖုန်တွေ၊ ဘာတွေ ဝင်မှာစိုးလို့ ပါးစပ်ကို နှာခေါင်းစည်းအုပ်နေကျဆိုတော့ အဲလိုပဲ လမ်းတလျှောက်လုံး အုပ်လာပါတယ်။ လမ်းတလျှောက်လုံးမှာလည်း ဖျားတဲ့၊ နာတဲ့သူ တစ်ယောက်မှ မတွေ့ခဲ့ပါဘူး။ မတ်လ (၂၆) ရက်နေ့မှာ ရပ်ကွက်လူကြီးကတစ်ဆင့် သူနာပြုဆရာမက မင်္ဂလာဒုံ၊ ပုလဲဆေးရုံမှာ တက်ရမယ်လို့ ပြောပါတယ်။ အဲဒီမှာ ထိုင်းကလာတဲ့ လူလေးယောက် (ကျွန်တော်တို့လင်မယားအပါအဝင်) ဆေးစစ်တော့ ကျန်တဲ့သုံးယောက်မှာ ပိုးမတွေ့ပါဘူး။ ကျွန်တော့်မှာ ပိုးတွေ့ပါတယ်။ ၂၈ ရက်နေ့မှာတော့ ကျွန်တော်အဖျားရှိနေတယ်၊ ချောင်းလည်းဆိုးနေခဲ့ပါတယ်”ဟု Case-9 က COVID-19 ဖြတ်သန်းမှုအစကို အခုလိုပြောပြခဲ့သည်။ အဖြေရရချင်း မတ်လ ၂၉ ရက်နေ့ ည ၁၁ နာရီဝန်းကျင်တွင် Case-9 ကို ပုလဲဆေးရုံမှ ဝေဘာဂီဆေးရုံသို့ ခေါ်သွားကြောင်း သိရသည်။

“ပိုးတွေ့တယ်လို့သိသိချင်း ကျွန်တော်ကလည်း တစ်ခါမှမခံစားဖူးတော့ ကြောက်သွားတာပေါ့။ ဆေးရုံတက်ဖူးတဲ့ အတွေ့အကြုံမရှိဘူး၊ ကျွန်တော့်မိန်းမကလည်း ရခိုင်ပြန်သွားပြီဆိုတော့ ကျွန်တော်တစ်ယောက်တည်း ကျန်ခဲ့တယ်။ ရခိုင်မှာက သမီးလေးတစ်ယောက် ရှိတယ်လေ။ ပိုးရှိတယ်လို့သိတဲ့ မတ်လ ၂၉ ရက်နေ့ ညတစ်ညလုံး အိပ်လို့မပျော်ဘူး။ ၃၀ ရက်နေ့မှာလည်း အိပ်လို့မပျော်ဘူး။ ကြောက်လို့ပေါ့ . . သမီးအကြောင်းတွေး၊ ဟိုတွေး၊ ဒီတွေးနဲ့ အိပ်လို့မရဘူး။ အဲဒီအချိန်မှာ ကျွန်တော့်မိသားစု၊ အစ်မတွေ၊ အမျိုးတွေ၊ သူငယ်ချင်းတွေက ဖုန်းဆက်ပြီး အားပေးကြတယ်။ “ဒီရောဂါပိုးက စိတ်ကို ခိုင်ခိုင်မာမာထားရင် တိုက်ထုတ်နိုင်တယ်၊ ကိုယ့်စိတ်ကိုမလျှော့နဲ့၊ စိတ်ဓာတ်မကျနဲ့၊ စိတ်ကိုအတတ်နိုင်ဆုံးမြှင့်ထား”ဆိုပြီး အားပေးတော့ ကျွန်တော်အားတက်သွားတယ်။ ဆေးရုံက ဆရာဝန်ကလည်း စိတ်ဓာတ်မကျဖို့ပြောတယ်၊ လိုတာရှိရင်ပြောဆိုပြီး အားပေးတယ်။ ကျွန်တော်က ကြောက်ရင် ထပြီး ကိုယ်လက်လှုပ်ရှား လုပ်ပစ်လိုက်တယ်။ အဲဒီလိုနဲ့ နောက်ညတွေမှာ အိပ်ပျော်သွားတယ်”ဟု Case-9 က ကြောက်စိတ်ဖယ်ရှားပြီး စိတ်ခွန်အား ပြန်လည်ရယူခဲ့ပုံကို ပြောပြခဲ့သည်။

“ဝေဘာဂီရောက်တော့ ချောင်းဆိုးတာကလည်း မဖြစ်တော့ဘူး။ တစ်ရက်တစ်ခါ-နှစ်ခါလောက်ပဲ ချောင်းဆိုးတယ်၊ တဖြည်းဖြည်းနဲ့ နောက်ရက်တွေမှာ ချောင်းလုံးဝမဆိုးတော့ဘူး။ ကျွန်တော်ခံစားရတာက အိပ်ရာထလာရင် လည်ပင်းနေရာက ချွေးထွက်တယ်၊ ကျောကချွေးထွက်တယ် . .ဒီလောက်ပဲ၊ တခြားသူတွေဖြစ်တဲ့ လက်ဆစ်ခြေဆစ်နာတာ၊ အနံ့မရတာ ဘာတစ်ခုမှမဖြစ်ဘူး”ဟု Case-9 က သူခံစားရသော COVID-19 လက္ခဏာအကြောင်း ပြောပြခဲ့သည်။ ဝေဘာဂီဆေးရုံတွင် Case-9 သည် Case-10 နှင့်အတူ တစ်ခန်းတည်းနေရကြောင်း သိရသည်။

“အခန်းထဲမှာ တစ်ယောက်ကိုတစ်ယောက် အားပေးတယ်။ မနက်အိပ်ရာကထတယ်။ မနက် ၆ နာရီဆိုရင် ဆေးရုံက ကြာဇံကြော်၊ ခေါက်ဆွဲ၊ လက်ဖက်ရည်၊ ပဲထမင်း စသဖြင့် တလှည့်စီကျွေးတယ်။ မနက် ၁၁ နာရီဆိုရင် ကျွန်တော်အခန်းထဲမှာ မိနစ် ၂၀-၃၀ လောက် လမ်းလျှောက်ပြီး ရေချိုးတယ်။ နေ့လယ် ၁၂ နာရီဆို ထမင်းကို ကြက်သားနဲ့ အစုံအလင်ကျွေးတယ်။ ညနေ ၄ နာရီလောက် လမ်းလျှောက်တယ်။ ညနေ ၆ နာရီမှာ ထမင်းဟင်းကျွေးတယ်။ ဆေးရုံမှာနေရတာ အခက်အခဲမရှိပါဘူး။ ဆေးအနေနဲ့ အားဆေးကို တစ်နေ့တစ်လုံး သောက်ရပါတယ်။ နောက်တစ်ခုက ပိုးသတ်ဆေးဆိုလား . .အဲဒီဆေးက တစ်ကဒ်ပေးတယ်။ မနက်တစ်လုံး ညတစ်လုံး သောက်ရတယ်။ (၈) ရက်လောက်သောက်ပြီး ၅ ရက်လောက် နားလိုက်ရတယ်။ နားပြီးမှတစ်ခါ ထပ်သောက်ရတယ်”ဟု Case-9 က ဆေးကုသမှုအကြောင်း ပြောပြခဲ့သည်။

ကြားထဲတွင် အဆုတ်ဓာတ်မှန်ရိုက်ခြင်း၊ ECG စစ်ဆေးခြင်း၊ သွေးစစ်ခြင်းတို့ကိုလည်း ပြုလုပ်ခဲ့ရပြီး တို့ဖတ်နမူနာ (Swab) စစ်ဆေးမှုကို ဧပြီလ ၉ ရက်နေ့ တစ်ကြိမ်၊ ၁၈ ရက်နေ့တစ်ကြိမ် စစ်ဆေးခဲ့ရာ နှစ်ကြိမ်စလုံး ပိုးမတွေ့ (Negative) အဖြေရခဲ့ကြောင်း Case-9 က ဆိုသည်။ “၁၉ ရက်နေ့ကျတော့ ကျွန်တော်အခန်းပြောင်းရတယ်။ တစ်ယောက်တည်းနေရပြီး ဆေးရုံဆင်းဖို့ နောက်တစ်ပတ်စောင့်ရပါမယ်။ အခုချိန်မှာ ပိုးကလည်း မတွေ့တော့ဘူး၊ မိသားစုနဲ့ ပြန်တွေ့ရတော့မယ်ဆိုတော့ ဝမ်းသာပီတိ ဖြစ်မိပါတယ်။ ကျွန်တော့်သမီးလေးကို ထိုင်းမှာမွေးတာ။ သမီးလေး တစ်နှစ်ခွဲကျတော့ ရခိုင်ကယောက္ခမတွေဆီ ပို့ထားလိုက်တာပါ။ အခု သမီးလေးကို တွေ့ရတော့မယ်ဆိုတော့ ပျော်နေတယ်”ဟု Case-9 က လက်ရှိခံစားချက်ကို ပြောပြသည်။

၂၀ဝ၆ ခုနှစ်ကတည်းက ထိုင်းနိုင်ငံတွင် ဇနီးမောင်နှံနှစ်ဦးစလုံး ပန်းရံအလုပ် သွားရောက်လုပ်ကိုင်ခဲ့ပြီး ယခင်က တစ်ကြိမ်မှ မြန်မာနိုင်ငံသို့ ပြန်မလာဘဲ ယခု ၂၀၂၀ မတ်လတွင် အပြီးပြန်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မကြာမီ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်က ဇာတိရွာလေးသို့ ပြန်တော့မည့် Case-9 က အခြား COVID-19 လူနာများကို ယခုလို အားပေးစကား ပြောကြားလိုက်ပါသည်။

“ကျွန်တော်တို့လို ကောင်းသွားတဲ့လူနာဆီက သွေးရည်ကြည်ကို ထုတ်ယူပြီး နောက်ပိုးတွေ့လူနာတွေဆီ သွင်းပေးရင် ရောဂါကို တိုက်ထုတ်နိုင်တယ်လို့ ဆရာဝန်တွေက ပြောတယ်။ အဲဒါကြောင့် ကျွန်တော်က သွေးလှူချင်ပါတယ်လို့ ဆရာဝန်တွေကို ပြောထားပါတယ်။ ကျွန်တော့်အတွက်နဲ့ နောက်လူနာတွေ ကောင်းသွားရင် ကုသိုလ်ရတယ်၊ ဒါကြောင့် ကျွန်တော်သွေးလှူမှာပါ။ ဘယ်သူပဲဖြစ်ဖြစ် ဒီရောဂါဖြစ်လာရင် စိတ်ဓာတ်မကျဘဲ စိတ်ဓာတ်မြှင့်ထားဖို့ပဲ အရေးကြီးပါတယ်။ ကျွန်တော် အခုလို ပြန်ကောင်းလာတဲ့အတွက် ဆရာဝန်တွေကို ကျေးဇူးတင်ပါတယ်။ ဆရာဝန်တွေက မနက်တစ်ခါ၊ ညတစ်ခါ လာကြည့်ပေးပါတယ်။ တခြားသူတွေလည်း ကျွန်တော့်လို သက်သာပျောက်ကင်းကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်”

Most Popular

Healthy Life Ad
To Top