၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊
ကျောက်ကပ်တစ်ဖက် ဒါမှမဟုတ် ကျောက်ကပ်နှစ်ဖက်စလုံးရောင်ရမ်းတဲ့အခြေအနေကို
ကျောက်ကပ်ရောင်တယ်လို့ ခေါ်ပါတယ်။
ကျောက်ကပ်ရောင်ရမ်းမှုအမျိုးအစား
ကျောက်ကပ်ရောင်ရမ်းတဲ့ အမျိုးအစားတွေအနက် အဖြစ်များဆုံးအမျိုးအစားတွေကတော့-
– ရုတ်တရက် ကျောက်ကပ်ရောင်ရမ်းတာ၊
– နာတာရှည် ကျောက်ကပ်ရောင်ရမ်းတာ၊
– ဆီးအိမ်ဆိုင်ရာ ကျောက်ကပ်ရောင်ရမ်းတာ၊
– ကျောက်ကပ်ရှိသွေးကြောငယ်တို့ ရောင်ရမ်းတာ
စတဲ့အခြေအနေတွေဖြစ်ကြပါတယ်။
ကျောက်ကပ်ရောင်ရမ်းမှုဆိုင်ရာ လက္ခဏာများ
သင့်မှာကျောက်ကပ်ရောင်ရမ်းမှုရှိရင် ခန္ဓာကိုယ်တွင်းရှိတစ်သျှူးတွေထဲမှာ အရည်စုပုံမှုဖြစ်ရာက ရောင်ရမ်းတဲ့လက္ခဏာတွေ ခံစားရနိုင်ပါတယ်။ အထူးသဖြင့် ခြေထောက်၊ ခြေကျင်းဝတ်၊ ခြေဖမိုးနဲ့ လက်တွေမှာပိုပြီးရောင်ရမ်းတတ်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်တာ၊ ကျောက်ကပ်ကျောက်တည်တာ နဲ့မတူတာက နာကျင်တဲ့ဝေဒနာဟာ ကျောက်ကပ်ရောင်တဲ့ ရှားရှားပါးပါးလက္ခဏာဝေဒနာတစ်ရပ်ပဲ ဖြစ်ပါတယ်။
တခြားဖြစ်တတ်တဲ့ လက္ခဏာတွေကတော့-
– ဆီးသွားတဲ့အကြိမ်ရေ/ဆီးသွားတဲ့ပမာဏနည်းတာ ဒါမှမဟုတ် များတာ၊
– ဆီးအရောင်ပြောင်းလဲတာ၊
– အလွန်အမင်းနုံးတာ၊ အားနည်းတာ၊
– အသက်ရှူရခက်ခဲတာ၊
– သွေးတိုးတာ၊
– ဆီးထဲသွေးပါတာ၊
– အရေပြားယားယံတာ၊
– ပျို့ချင်အန်ချင်ဖြစ်တာနဲ့ အန်တာစတဲ့လက္ခဏာတေ ွပြတတ်ပါတယ်။
ကျောက်ကပ်ရောင်ရမ်းခြင်းအတွက်ကုထုံး
ကံကောင်းတာက လူနာရဲ့အသက်အရွယ်၊ အထွေထွေကျန်းမာရေး၊ ကျောက်ကပ်ရောင်ရမ်းမှုအဆင့်၊ ကျောက်ကပ်ရောင်ရမ်းရတဲ့အကြောင်းရင်းနဲ့ ကျောက်ကပ်ထိခိုက်မှု စတာတွေအပေါ်မူတည်ပြီး ကုသအောင်မြင်တဲ့နှုန်းက ကွဲပြားခြားနားနေပါတယ်။ ကျောက်ကပ်ရောင်ရမ်းမှုဖြစ်ရတဲ့ အခြေခံ အကြောင်းရင်းကိုကုသလိုက်ရုံနဲ့ ကျောက်ကပ်ရောင်ရမ်းမှုက ထက်ဝက်ခန့်သက်သာသွားမှာပါ။
ကျောက်ကပ်ရောင်ရမ်းချိန် လိုက်နာသင့်သောအစားအသောက်များ
ကျောက်ကပ်ရောင်ရမ်းနေချိန်မှာ အရေးကြီးဆုံးလုပ်သင့်တဲ့အချက်က သင်ရဲ့စားသောက်တဲ့ ပုံစံကိုပြောင်းလဲပေးဖို့ပဲဖြစ်ပါတယ်။ သင်စားနေတဲ့အစားအသောက်ထဲကနေ ဆား၊ ဖော့စ်ဖရပ်စ်နဲ့ ပရို တင်းစားသုံးမှုကို လျှော့ချတဲ့နည်းနဲ့ ကျောက်ကပ်အပေါ် ဝန်မပိစေတော့တဲ့အပြင် နောက်ထပ်ကျန်းမာရေးပြဿ နာတွေမကျရောက်စေအောင် ကာကွယ်နိုင်ပါတယ်။
(၁) တစ်နေ့မှာ ရေ ၈-၁၂ ခွက်သောက်ပါ
ရေသောက်တာကြောင့် သွေးထဲကအဆိပ်အတောက်တွေကို ကင်းစင်စေပါတယ်။
(၂) အုန်းရေကို လတ်လတ်ဆတ်ဆတ်သောက်ပါ
ဆီးလမ်းကြောင်းပိုးဝင်တာ၊ ကျောက်ကပ်ကျောက်တည်တာနဲ့ ကျောက်ကပ်ရောဂါဝေဒနာရှိသူတွေအတွက် အုန်းရေကအနာကျက်ဆေးတစ်လက်လို အသုံးဝင်ပါတယ်။ အုန်းရေမှာရောင်ရမ်းမှုကျစေတဲ့ အစွမ်းရှိတာကြောင့် ရောင်ရမ်းမှုကိုထိန်းချုပ်ပေးနိုင်သလို ဆီးသွားစေတဲ့ အာနိသင်ရှိပါတယ်။
(၃) ဟင်းသီးဟင်းရွက်ဖျော်ရည်များများသောက်ပါ
ကိုယ့်ဘာသာဖျော်သောက်တဲ့ ဟင်းသီးဟင်းရွက်ဖျော်ရည်မှာ သကြားပမာဏအလွန်ပါဝင်မှုနည်းပြီး ဗီတာမင်၊ သတ္တုဓာတ်နဲ့ အင်တီအောက်ဆီးဒင့်တွေပါဝင်တာကြောင့် ခပ်မြန်မြန်သက်သာစေပါတယ်။
(၄) ပရိုတင်းပါဝင်မှုများသော ဟင်းသီးဟင်းရွက်များကိုလျှော့စားပါ
ပဲပုပ်စေ့၊ ပဲပင်ပေါက်၊ ပဲစိမ်းစတာတွေမှာ ပရိုတင်းပါဝင်မှုများတဲ့အတွက် ကျောက်ကပ်ရောင်ရမ်းနေချိန်မှာ လျှော့စားသင့်ပါတယ်။
(၅) ဆားပါဝင်မှုများသော အစာကိုရှောင်ပါ
အာလူးချောင်းကြော်၊ အဆင်သင့်အစာ၊ ကျပ်တင်ထားတဲ့အသားနဲ့ တာရှည်ခံအောင်ပြုပြင်ထား တဲ့အစာတွေမှာ ဆားပါဝင်မှုများတဲ့အတွက် ရှောင်သင့်ပါတယ်။
(၆) ဖော့စ်ဖရပ်စ်နှင့် အောက်ဇဲလစ်အက်ဆစ်ပါဝင်သော အစာတို့ကိုရှောင်ပါ
ပဲသီး၊ ပဲစိမ်း၊ အခွံမာစေ့၊ ဒိန်ချဉ်နဲ့ နွားနို့တွေမှာ ဖော့စ်ဖရပ်စ်ပါဝင်ပြီး ဟင်းနုနယ်ရွက်၊ ချောကလက်နဲ့ ကိုကိုးပါဝင်တဲ့အစာတွေမှာ အောက်ဇဲလစ်အက်ဆစ် ပါဝင်နေပါတယ်။ ဒီအစာတွေကိုရှောင်ပါ။
(၇) သစ်သီးများများစားပါ
ကျောက်ကပ်ရောင်ရမ်းတဲ့သူတွေဟာ သစ်သီးဝလံကို များများထည့်စားသင့်ပါတယ်။ ထောပတ်သီး၊ ငှက်ပျောသီး၊ သင်္ဘောသီး၊ မက်မွန်သီးနဲ့ လိမ္မော်သီး စတာတွေကိုများများစားပါ။ ရေဓာတ်ပါဝင်မှုများတဲ့ စပျစ်သီးကိုစားတာကြောင့် ဆီးသွားတဲ့အာနိသင်ကိုရရှိစေပါတယ်။
(Ref;HD)