မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)
အသားမစားဘဲနေပြီး သက်သတ်လွတ်စားတဲ့ ဘဝနေထိုင်မှု ပုံစံအတိုင်း လိုက်နာတဲ့အခါ အမျိုးသမီးတွေရဲ့ ကျန်းမာရေးက ပိုမိုကောင်းမွန်လာမှာ ဖြစ်ပါတယ်။
(၁) ကိုယ်အလေးချိန် ထိန်းနိုင်ပါလိမ့်မယ်
ဂျော့ဂျ်ဝါရှင်တန် ဆေးတက္ကသိုလ်ရဲ့ လေ့လာမှု အရ အသားစားရာကနေ သက်သတ်လွတ်အစာ စားလိုက်တဲ့အခါ ကိုယ်အလေးချိန် များနေသူတွေမှာ ကိုယ်အလေးချိန် လျော့ကျသွားတယ်လို့ သိရပါတယ်။ “ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို စားတာကြောင့် လေ့ကျင့်ခန်း မှန်မှန်မလုပ်ဖြစ်ရင်တောင် ကိုယ်အလေးချိန် ထိန်းနိုင်ပါတယ်”လို့ ဂျော့ဂျ်ဝါရှင်တန် ဆေးတက္ကသိုလ်ရဲ့ တွဲဖက်ပါမောက္ခ ဘားနတ် က ဆိုပါတယ်။
(၂) အူဘက်တီးရီးယားတွေ ပြောင်းလဲလာလိမ့်မယ်
သင်စားသမျှ အစာတွေက သင့်အစာခြေ လမ်းကြောင်းစနစ်နဲ့ ဆက်စပ်မှု ရှိပါတယ်။ လေ့လာမှုအရ သက်သတ်လွတ် စားသူတွေမှာ တွေ့ရတဲ့ အူလမ်းကြောင်း ဘက်တီးရီးယားပိုးဟာ အကျိုးပြု ဘက်တီးရီးယားတွေ များတယ်လို့ သိရပါတယ်။
(၃) ကင်ဆာဖြစ်နိုင်ခြေ လျော့ကျသွားပါလိမ့်မယ်
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ လတ်တလော ထုတ်ပြန်ကြေညာချက်အရ ပြုပြင်ထားတဲ့ အသားတွေ (ဥပမာ- ဝက်အူချောင်း၊ ဝက်ပေါင်ခြောက် ) စတာတွေက ကင်ဆာကို အားပေးတဲ့ အစာဖြစ်ကြောင်း သိရပါတယ်။ အနီရောင် အသားတွေကလည်း ကင်ဆာဖြစ်နိုင်ဖွယ်ရာရှိတဲ့ အစာတွေ ဖြစ်ပါတယ်။ ပြုပြင်ထားတဲ့ အသား ၅၀ ဂရမ် (ဝက်ပေါင်ခြောက် တစ်နေ့ နှစ်ခု) စားရင်တောင် အူမကြီးကင်ဆာ ဖြစ်နိုင်ခြေ ၁၈ ရာခိုင်နှုန်း မြင့်တက်စေတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
(၄) နှလုံးရောဂါ ဖြစ်နှုန်း လျော့ကျသွားပါလိမ့်မယ်
အနီရောင်အသားတွေက နှလုံးရောဂါနဲ့ ဆက်နွှယ်မှုရှိတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ အနီရောင်အသားထဲမှာ ပါတဲ့ အာဟာရဓာတ် တစ်မျိုးက အူလမ်းကြောင်း ပိုးမွှားတုန့်ပြန်မှုဖြစ်ပြီး နှလုံးရောဂါ ဖြစ်စေနိုင်တာ ဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
# သတိပြုရန်
သက်သတ်လွတ် အစာစားသူတွေက သံဓာတ်၊ ဗီတာမင် B.12နဲ့ ဗီတာမင်ဒီတို့ အလုံအလောက် ရရှိဖို့ ခက်ခဲတယ်လို့ သိရပါတယ်။ ဒါကြောင့် သံဓာတ်အလုံအလောက် ရရှိစေဖို့ ပဲနီလေး၊ အခွံမာသီး၊ သစ်သီးဝလံ၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်၊ ကောက်နှံတစ်ခုလုံးအစာ စတာ တွေကို စားသင့်ပါတယ်။
ဗီတာမင် B.12 ရရှိစေဖို့ ပဲနို့၊ ပဲပိစပ်ထုတ်ကုန် တွေကိုစားသင့်ပါတယ်။ ဗီတာမင်ဒီ ရရှိစေဖို့ ဥအမျိုးမျိုး၊ အစိမ်းရောင် ဟင်းသီးဟင်းရွက် စတာတွေကို စားသောက်သင့်ပါတယ်။