Healthy Life Ad
Q & A

၁၀ တန်း စာမေးပွဲနီးချိန်မှာ ဘယ်လိုအစားအသောက်တွေ စားပေးသင့်ပါသလဲ

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး)

Q. အခုလို ၁၀ တန်း စာမေးပွဲနီးချိန်မှာ ကလေးတွေ ကျန်းမာပြီးဥာဏ်ကောင်းနေအောင် ဘယ်လိုအစားအသောက်တွေကို စားသင့်၊ ရှောင်သင့်ပါသလဲ။

နိုးနိုး (FB)

A. ၁၀ တန်း စာမေးပွဲနီးချိန်မှာ များသောအားဖြင့် စိတ်ပူပင်မှုတွေ အရမ်းများလာတတ်ပါတယ်။ ဒီအချိန်မှာ အစားအသောက်စားတဲ့အခါ နည်းနည်းလေး ပြောင်းပေးရပါတယ်။ တကယ့်ကို အာဟာရဖြစ်စေတဲ့၊ အဆီအအိမ့်မများတဲ့ အစားအသောက်တွေ စားပေးရင် ပိုပြီးကောင်းပါတယ်။ ညညဆို ကြက်ပြုတ်ရည်၊ ကြက်စွပ်ပြုတ်ရည်တိုက်ပေးသင့်ပါတယ်။ ကြက်စွပ်ပြုတ်သာမက ဘယ်စွပ်ပြုတ်ရည်မဆို (ဥပမာ- ငါးစွပ်ပြုတ်ရည်၊ ပဲဟင်းချို)စတာတွေကို သောက်လို့ရပါတယ်။ စွပ်ပြုတ်တွေထဲမှာ ဖရုံသီး၊ ကျောက်ဖရုံသီး၊ အရွက်လေးတွေထည့်ပြီး သောက်လို့ရပါတယ်။ အခုခေတ်အခေါ်အနေနဲ့ ဟော့ပေါ့ကို သောက်ပေးရင် ဒီအထဲမှာပါတဲ့ပရိုတင်းဓာတ် အမိုင်နိုအက်စစ်က ၁၀ တန်းကလေးတွေရဲ့ မှတ်ဥာဏ်ကို ပိုပြီးကောင်းမွန်စေပါတယ်။

ဒီအချိန်မှာ ၁၀ တန်းကလေးတွေအနေနဲ့ မှတ် ဥာဏ်ကို ပိုပြီး ကောင်းစေချင်တဲ့အတွက် ဇင့်ဓာတ် (Zinc)လိုပါတယ်။ ဇင့်ဓာတ်အများဆုံးပါဝင်တဲ့ အစေ့အဆန်၊ ကြက်ဥစတာတွေကို စားသောက်သင့်ပါတယ်။ နို့ကိုလည်း သောက်ပေးသင့်ပါတယ်။

အဓိက ရှောင်သင့်တာက အဆီများတဲ့ အစားအသောက်တွေ ဖြစ်ပါတယ်။ ဥပမာ-ဟင်းအနှစ်နဲ့ ထမင်းကိုနယ်စားတာမျိုး၊ အထူးသဖြင့် ညစာစားတဲ့အခါမှာ ဟင်းအနှစ်နဲ့ ထမင်းကိုနယ်စားတာကို ရှောင်ရပါမယ်။ ၀က်ဆီတုံး၊ ၀က်ခေါက်ကင် စတဲ့အဆီများတဲ့ အစားအသောက်တွေ ရှောင်ရပါမယ်။

ကလေးတွေ ညဘက်စာကျက်တဲ့အခါ မအိပ်ချင်အောင် လက်ဖက်ရည်သောက်ကြတယ်။ ဒါကိုလက်ခံပါတယ်။ အဓိကအနေနဲ့ Green Tea လက်ဖက်ရည်သောက်လို့ရပါတယ်။ ဒါပေမဲ့ တချို့တွေက မအိပ်အောင်ဆေးဝါးသုံးတာ၊ အက်ဖတမင်းပါတဲ့အရည်တွေ သောက်သုံးတာကို မလုပ်သင့်ပါဘူး၊ ဒါတွေက ရေရှည်အတွက် မသင့်တော်ပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top