Healthy Life Ad
Health Tips

လိပ်ခေါင်းကာကွယ်ရေးအတွက် အစာ ၈ မျိုး

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

လိပ်ခေါင်းကာကွယ်ရေးအတွက် အရေးပါတဲ့ အစားအစာတွေက လိပ်ခေါင်းမဖြစ်စေဖို့ ကာကွယ်ပေးရုံသာမက လိပ်ခေါင်းအနာကျက်အောင်လည်း ကူညီပံ့ပိုးပေးနိုင်ပါတယ်။

(၁) ဘလူးဘယ်ရီသီး

ဘလူးဘယ်ရီသီးတွေက အချိန်တိုင်း ကျန်းမာရေးနဲ့ အညီညွတ်ဆုံး အစာတွေထဲက တစ်မျိုးဖြစ်ပါတယ်။ အန်သိုဆိုင်ယာနင်ဓာတ် ပါဝင်တာကြောင့် သွေးကြောတွေရှိ ထိခိုက်နေတဲ့ ပရိုတင်းဓာတ်ကို ပြန်လည်ပြုပြင်ပေးနိုင်ပြီး သွေးကြောစနစ်ကျန်းမာရေးကို မြှင့်တင်ပေးနိုင်ပါတယ်။ ဘလူးဘယ်ရီသီးမှာ ပျော်ဝင်တဲ့ အမျှင်ဓာတ်ကော မပျော်ဝင်တဲ့ အမျှင်ဓာတ်ပါ ပါဝင်တာကြောင့် ဝမ်းမှန်မှန်သွားစေပြီး လိပ်ခေါင်းမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(၂) သဖန်းသီး

သဖန်းသီးက ဝမ်းချုပ်တဲ့ ပြဿနာအတွက် အိမ်တွင်းကုထုံးပါ။ သဖန်းသီးမှာ အမျှင်ဓာတ်ပါဝင်တာကြောင့် ဝမ်းပျော့ပျော့သွားစေတဲ့ အာနိသင်ရှိပါတယ်။ သဖန်းသီးဝယ်တဲ့အခါ အနာအဆာကင်းပြီး အရောင်ရင့်ကာ အနံ့လတ်ဆတ်ချိုမြိန်တဲ့ အမျိုးအစားကို ဝယ်ယူသင့်ပါတယ်။ သဖန်းသီးခြောက်ကို သေချာသိုလှောင်ထားရင် တစ်နှစ်ကြာ သက်တမ်းခံပါတယ်။

(၃) ဟင်းနုနယ်ရွက်

ဟင်းနုနယ်ရွက်ကို အစာခြေလမ်းကြောင်းစနစ်အတွက် အကောင်းဆုံးအစာတစ်မျိုးလို့ သတ်မှတ်ပြီး အူလမ်းကြောင်းသန့်စင်ရေးနဲ့ ပြန်လည်အားဖြည့်ရေးတို့မှာ ထိရောက်တဲ့ အာနိသင်ကို ပေးစွမ်းနိုင်ပါတယ်။ ဟင်းနုနယ်ရွက်မှာပါတဲ့ အူလမ်းကြောင်းကျန်းမာစေတဲ့ ဒြပ်ပေါင်းတစ်မျိုးက မဂ္ဂနီဆီယမ်ဖြစ်ပြီး အူလှုပ်ရှားမှုအတွက် မရှိမဖြစ် အရေးပါကာ ဝမ်းမှန်မှန်သွားစေပါတယ်။

(၄) ရုံးပတီသီး

ရုံးပတီသီးဟာ အူလှုပ်ရှားမှု ကောင်းမွန်ရေးအတွက် အံ့ဖွယ်အစာတစ်မျိုးပါ။ ရုံးပတီသီးမှာ ပါဝင်တဲ့ အမျှင်ဓာတ်တွေက ရေကိုစုပ်ယူပြီး ဝမ်းဖြစ်စေကာ အူလမ်းကြောင်းတစ်လျှောက် ဝမ်း(မစင်) ရွေ့လျားမှုကို မြန်ဆန်စေပါတယ်။ ဒါ့အပြင် ဝမ်းမချုပ်အောင်နဲ့ လိပ်ခေါင်းမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ရုံးပတီသီးမှာပါတဲ့ အချွဲဓာတ်က အူလမ်းကြောင်းတစ်လျှောက် ချောမွေ့စေပြီး အနာကျက်စေတဲ့အပြင် စွန့်ပစ်ပစ္စည်းတွေကို နာကျင်မှုမရှိဘဲ စွန့်ထုတ်နိုင်စွမ်း ရှိစေပါတယ်။ ရုံးပတီသီး ဝယ်တဲ့အခါ အရှည်လေးလက်မမကျော်တဲ့ လတ်ဆတ်တင်းမာတဲ့ အစိမ်းရောင်အမျိုးအစားကို ဝယ်ပါ။ ပြီးရင် အစွန်းနှစ်ဖက်ကို လှီးပြီး ရေအေးနဲ့ဆေးကာ ရေနွေးထဲ ထည့်ပြုတ်ပါ။ အာဟာရဓာတ်နဲ့ အင်ဇိုင်းဓာတ် တင်ရှိစေဖို့ အချိန်အနည်းငယ်ပဲပြုတ်ပြီး အနေတော်လှီးဖြတ်ကာ စားသုံးပါ။

(၅) ဥနီ (Beet root)

ဥနီက လိပ်ခေါင်းမဖြစ်အောင် ကာကွယ်နိုင်တဲ့အပြင် အူမကြီးကင်ဆာ ဖြစ်နှုန်းကိုလည်း လျော့ကျစေပါတယ်။ ဥနီကိုမြုံ့ပြီး ဝါးစားတာကြောင့် ဝမ်းမချုပ်အောင်နဲ့ လိပ်ခေါင်းမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ဥနီမှာ အမျှင်ဓာတ်ပါဝင်တာကြောင့် အူလမ်းကြောင်းတလျှောက် စွန့်ပစ်ပစ္စည်းတွေကို စွန့်ထုတ်နိုင်စွမ်း ကောင်းမွန်စေပါတယ်။ ဥနီဟာ အူလှုပ်ရှားမှုကို ကောင်းမွန်စေတဲ့အပြင် အူမကြီးကို ကျန်းမာစေတဲ့ ဘီတာဆိုင်ယာနင်လို ဖိုင်တိုကမ်မီကယ် ဒြပ်ပေါင်းတွေလည်း ပါဝင်နေတာကြောင့် အူမကြီးကင်ဆာကို ထိထိရောက်ရောက် ကာကွယ်နိုင်စွမ်း ရှိစေပါတယ်။

(၆) သင်္ဘောသီး

သင်္ဘောသီးမှာ အာဟာရတန်ဖိုး အများအပြား ပါဝင်နေပြီး အစာကြေညက်စေကာ ဝမ်းမချုပ်အောင် ကာကွယ်ပေးပါတယ်။ သင်္ဘောသီးမှာပါဝင်တဲ့ ပက်ပိန်းဓာတ်ဟာ အစာကြေညက်စေတဲ့ အင်ဇိုင်းတစ်မျိုးဖြစ်ပြီး ဝမ်းမချုပ်အောင် ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ ပက်ပိန်းဓာတ်ဟာ မှည့်တဲ့သင်္ဘောသီးမှာထက် အစိမ်းရောင်မမှည့်တဲ့ အသီးမှာ ပိုမိုပါဝင်ပါတယ်။

(၇) အုတ်ဂျုံမှုန့်

နံနက်စာအဖြစ် အုတ်ဂျုံမှုန့်နဲ့ လုပ်ထားတဲ့ ကွေကာ (Oatmeal Cereal)ကို စားပေးတာကြောင့် လိပ်ခေါင်းမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ အုတ်ဂျုံမှုန့်မှာ ပျော်ဝင်တဲ့ အမျှင်ဓာတ်များများ ပါဝင်တာကြောင့် မစင်ကို ကြီးမားပျော့ပျောင်းလာစေပြီး ဝမ်းမချုပ်အောင် ကာကွယ်ပေးပါတယ်။

(၈) ဆီးသီး

ဆီးသီးမှာ အမျှင်ဓာတ်ကောင်းစွာ ပါဝင်ပါတယ်။ ဆီးသီးစားတဲ့အခါ အမျှင်ဓာတ်က အူမကြီးထဲ ကျန်ရစ်ခဲ့ပြီး ရေကိုစုပ်ယူကာ ဝမ်းကို ပျော့ပျောင်းစေတဲ့အတွက် ဝမ်းမချုပ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဆီးသီးဟာ အူလမ်းကြောင်းကို လှုံ့ဆော်ပေးတဲ့ အစွမ်းရှိတာကြောင့် ဝမ်းမှန်မှန်သွားစေပါတယ်။

Most Popular

Healthy Life Ad
To Top