Healthy Life Ad
Health Tips

အသည်းဆိုသော ကိုယ်တွင်းအရေးကြီးအင်္ဂါ၊ ကျန်းမာစေဖို့ရာ . . .

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

ကျွန်မတို့ရဲ ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်း တစ်ခုဖြစ်တဲ့ အသည်းဟာ ခန္ဓာကိုယ်နဲ့သွေးတွေ သန့်စင်နေဖို့ရာအတွက် နေ့စဉ်နေ့တိုင်း အံ့သြစရာကောင်းတဲ့ လုပ်ငန်းတာဝန်တွေကို လုပ်ဆောင်နေပါတယ်။ အသည်းရဲ ့လုပ်ငန်းဆောင်တာတွေထဲမှာ အဓိကအားဖြင့်-

တစ်နေ့တာစားသောက်သမျှ အစားအသောက်ထဲက အဆီတွေကို ချေဖျက်ပေးပါတယ်၊

ခန္ဓာကိုယ်ထဲမှာ စွမ်းအားကို သိုလှောင်ထားပါတယ်၊

အဆိပ်အတောက်ကို ဖယ်ရှားပေးပါတယ်၊

သည်းခြေရည်(Bile)ကို ထုတ်ပေးပါတယ်၊

ကိုလက်စထရော၊ သွေးခဲစေတဲ့ ပစ္စည်းတွေ၊ ပရိုတင်းတွေ ထုတ်လုပ်ပေးပါတယ်။

အင်ဇိုင်းတွေကို အားကောင်းအောင် လုပ်ဆောင်ပေးပါတယ်။

အသည်းဟာ လုပ်ငန်းဆောင်တာအများစုကို လုပ်ဆောင်ပေးနေတဲ့ အံ့အားသင့်ဖွယ်ရာ အင်္ဂါဖြစ်ပေမယ့် မနိုင်ဝန်များလာတဲ့အခါ အသည်းထိခိုက်တဲ့ လက္ခဏာတွေ ပြသလာတတ်ပါတယ်။ အသည်းထိခိုက်တဲ့ လက္ခဏာတွေအနေနဲ့ ခေါင်းကိုက်ခြင်း၊ ဆီးအရောင်ရင့်ခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ နာတာရှည်ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်း၊ ဝမ်းဖြူဖြူသွားခြင်း၊ အရေပြားပေါက်ပြဲလွယ်ခြင်း၊ ပူပင်သောကများခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိတ်ကသိကအောင့်ဖြစ်ခြင်း၊ ဟော်မုန်းဟန်ချက်မညီခြင်း၊ မောပမ်းနုံးချည့်ခြင်း၊ အသားဝါခြင်း၊ လိင်စိတ်လျော့နည်းခြင်း၊ အစာဓာတ်မတည့်မှု ဖြစ်လွယ်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။

အသည်းထိခိုက်တဲ့ လက္ခဏာတွေ ပေါ်တဲ့အခါ

အသည်းရဲ ့လုပ်ငန်းဆောင်တာက ပုံမှန်အတိုင်း မလုပ်နိုင်တော့ဘဲ ထိခိုက်တဲ့လက္ခဏာတွေ ပြပြီဆိုရင် စမ်းသပ်စစ်ဆေးမှုတွေ လုပ်ရပါတယ်။ အဲဒီအခါ-

(၁) အရေပြား (မျက်လုံး၊ လက်သည်း၊ အရေပြား၊ ဆီး) ဝါနေတယ်ဆိုရင်

(၂) အသည်းကြီးနေတယ်ဆိုရင်

(၃) အသည်းနေရာက နာနေတယ်ဆိုရင်

(၄) အသည်းလုပ်ငန်းတွေကို စစ်လိုက်လို့ ဘီလီရူဗင်ဓာတ်က များနေတယ်ဆိုရင် အသည်းထိခိုက်နေပါပြီ။

ဘယ်လိုအကြောင်းတွေကြောင့် အသည်းထိခိုက်တတ်သလဲ

အသည်းရောင်အသားဝါ အေပိုး၊ ဘီပိုး၊ စီပိုး၊ ဒီပိုး နဲ့ အီးပိုးတွေကြောင့် အသည်းထိခိုက်တတ်ပါတယ်။ အဲဒီအထဲမှာ ဘီပိုးနဲ့ စီပိုးကို လူတွေက အထူးကြောက်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တခြားဗိုင်းရပ်စ်ပိုးနဲ့ မတူဘဲ ဘီပိုး၊ စီပိုးက အသည်းရောင်ပြီးရင် မကုဘဲထားပါက နာတာရှည် ဆက်ဖြစ်တတ်လို့ပါ။ နောက်ဆက်တွဲအနေနဲ့ အသည်းခြောက်သွားတယ်၊ အသည်းကင်ဆာအဖြစ် ပြောင်းသွားတတ်ပါတယ်။ ဒါကြောင့် ကြောက်ကြတာပါ။ အရက်အလွန်အကျွံသောက်တာ၊ မှိုတက်တဲ့ အစားအသောက်တွေ စားသောက်မိတာ၊ အဆီအအိမ့်စာတွေ အလွန်အမင်း စားမိတာတွေကြောင့် အသည်းထိခိုက်တတ်ပါတယ်။

အသည်းထိခိုက်တဲ့အခါ မလုပ်သင့်တဲ့ အမှားတွေ

တချို ့လူတွေက အသည်းရောင်အသားဝါ ဘီပိုးရှိနေတယ်၊ စီပိုးရှိနေတယ်လို့ သိလိုက်ရင် ဆရာဝန်နဲ့မပြဘဲ မှားယွင်းလုပ်မိတတ်တဲ့ အချက်တွေရှိနေပါတယ်။

ဆရာဝန်နဲ့မပြဘဲ လျစ်လျူရှုထားတာပါ။ ဒါက လုံးဝမလုပ်သင့်တဲ့အရာပဲ ဖြစ်ပါတယ်။

ဆေးမြီးတိုတွေနဲ့ကုတာပါ။ တချို့ဆေးမြီးတိုတွေက အသည်းကို အဆိပ်အတောက်ဖြစ်စေတဲ့အတွက် ဆင်ခြင်သင့်ပါတယ်။ အထူးသဖြင့် ဘီပိုး၊ စီပိုးရှိတဲ့သူတွေက သုတေသန အခိုင်အမာမရှိတဲ့ ဆေးမြီးတိုတွေကို လုံးဝမသုံးသင့်ပါဘူး။

အသည်းအားရှိအောင် စားသောက်နေထိုင်မှု မလုပ်တာပါ။ တွေ ့ကရာအစားအသောက်တွေကို စားသောက်တာမျိုး (ဥပမာ အရက်သောက်ချင်ရင် အလွန်အမင်းသောက်ပစ်တာမျိုး၊ အသားငါး ပင်လယ်စာတွေကို အစိမ်းစားတာမျိုး)

ဆီကြော်စာတွေ၊ ဟင်းအဆီအနှစ်တွေ မပါရင် ထမင်းမစားတာပါ။ ဒါကလည်း အသည်းထိခိုက်နေသူတွေ ဆင်ခြင်ရမယ့် အချက်ပါပဲ။

ဘီပိုး၊ စီပိုးရှိသူတွေအနေနဲ့ အကာအကွယ်မပါဘဲ လိင်ဆက်ဆံတာ။ ဒါကိုလည်း ဆင်ခြင်ရပါမယ်။

ဘီပိုး၊ စီပိုးရှိသူက တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းတွေ (ဥပမာ-လက်သည်းညှပ်၊ သွားတိုက်တံ၊ အမွှေးရိတ်သင်တုန်းဓား)ကို တခြား မိသားစုဝင်တွေနဲ့ ရောသုံးတာပါ။

အသည်းအားဆေးမသောက်တာ။

ဒီအချက်တွေကို ဆင်ခြင်ပြီး တတ်ကျွမ်းနားလည်တဲ့ သမားတော်နဲ့ ပြသသင့်ပါတယ်။

အသည်းကျန်းမာဖို့ ဘာတွေလုပ်ပေးနိုင်သလဲ

အသည်းကျန်းမာလိုသူတွေရော၊ အသည်းထိခိုက်နေလို့ ဆေးကုသမှုခံယူနေသူတွေရော အသည်းကျန်းမာဖို့အတွက် လိုက်နာသင့်တာတွေကတော့-

(၁) ဘီပိုးကာကွယ်ဆေးထိုးခြင်း(ဘီပိုးကာကွယ်ဆေးက ဆေးသုံးလုံးထိုးလိုက်တာနဲ့ ၉၅-၉၈ ရာခိုင်နှုန်းအထိ ကာကွယ်မှုပေးပါတယ်။ ဘီပိုးရှိနေသူဆိုရင်တော့ ဆေးကုရပါမယ်။)

(၂) အရက်ကိုမသောက်ဘဲနေခြင်း၊ တကယ်လို့ မသောက်ရမနေနိုင်ရင် အသင့်အတင့်ပဲ သောက်ခြင်း၊

(၃) မူးယစ်ဆေး၊ ဆေးလိပ်၊ ပြင်းတဲ့ ဆေးဝါးတွေကို ရှောင်ရှားခြင်း၊

(၄) ရေ၊ အရည်များများသောက်ခြင်း၊

(၅) ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အာဟာရတွေကို မှီဝဲခြင်း၊ အထူးသဖြင့် သြဂဲနစ်အစားအစာကို စားသုံးခြင်း၊

(၆) ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ခြင်း၊

(၇) အရောင်ဆိုးထားတဲ့၊ ဆိုးဆေးပါတဲ့ အစားအသောက်တွေကို ရှောင်ကြဉ်ခြင်း၊

(၈) တချို ့အသားတွေကို အစိမ်းစားတာ၊ သေချာမကျက်ဘဲ စားတာတို့ကိုဆင်ခြင်ခြင်း၊ အကင်စာတွေကို တတ်နိုင်သမျှ လျှော့စားခြင်း၊

(၉) ဆားအလွန်အမင်းပါတဲ့ တာရှည်ခံပြုပြင်ထားတဲ့ အစားအသောက် (ငါးခြောက်၊ ငါးဆားနယ်၊ ဝက်အူချောင်း စတာတွေ)ကို ဆင်ခြင်ခြင်း၊ အနီရောင်အသားတွေကို တတ်နိုင်သမျှ လျှော့စားခြင်း၊

(၁၀) အိပ်ရေးဝ၀အိပ်စက်နားယူခြင်း စတာတွေကို လိုက်နာပေးသင့်ပါတယ်။ ဘီပိုး၊ စီပိုးရှိသူတွေက အိပ်ရေးဝ၀အိပ်ပျော်ရင် ကျန်းမာရေးပိုကောင်းစေပါတယ်။

နှစ်စဉ် ဇူလိုင်လ ၂၈ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့အသည်းရောင်ရောဂါနေ့ရဲ ့ ၂၀၁၉ ခုနှစ်အတွက် ဆောင်ပုဒ်က “အသည်းရောင်ရောဂါကင်းဝေးဖို့ ရင်းနှီးမြှုပ်နှံဆောင်ရွက်စို့” (Invest in Eliminating Hepatitis) ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း အသည်းရောင်ရောဂါ ကင်းဝေးရေးဆိုင်ရာ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြသလို မြန်မာပြည်သူ/ ပြည်သားတစ်ဦးချင်းစီ တစ်ယောက်ချင်းစီကလည်း ကိုယ့်အသည်းကျန်းမာရေးကို အလေးထားဂရုပြုနေသွားကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

‘အသည်းရောဂါအန္တရာယ် ကင်းဝေးကြပါစေ’

Most Popular

Healthy Life Ad
To Top