Healthy Life Ad
Health Tips

တုပ်ကွေးကို တွန်းလှန်နိုင်ရုံမက ဗိုက်အဆီကိုပါ ချေဖျက်ပေးနိုင်မည့် အစာလေးမျိုး

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

တုပ်ကွေးဖြစ်တတ်တဲ့ ရာသီမှာ ကျန်းကျန်းမာမာနေဖို့ အရေးကြီးပါတယ်။ ဒီအချိန်မှာ ကိုယ်ခံအားကောင်းမွန်ဖို့ ဗီတာမင်စီများများပါတဲ့ လိမ္မော်သီးကို စားလေ့ရှိကြပါတယ်။ အောက်ပါအစာတွေကတော့ ဗိုင်းရပ်စ်ကို တွန်းလှန်နိုင်ရုံသာမက အဆီကိုပါ ချေဖျက်ပေးမယ့် အလုပ်နှစ်မျိုးကို လုပ်ဆောင်နေကြတာကြောင့် သင့်ကို ကျန်းမာစေတဲ့ အစာတွေဖြစ်ပါတယ်။

(၁) ရှလကာရည်

လေ့လာမှုအရ ရှလကာရည်ဟာ အစာစားပြီးချိန် ရုတ်တရက် သွေးတွင်းသကြားဓာတ် မြင့်တက်မှုမဖြစ်အောင် ကာကွယ်နိုင်ကြောင်း သိရပါတယ်။ ရှလကာရည် ထမင်းစားဇွန်းနှစ်ဇွန်းနဲ့ ရေတစ်ခွက်ကို ရောသောက်ပေးပါ။ ဒါဆိုရင် ဗိုက်ပူတာကို လျော့ကျစေပြီး အအေးမိတာကို တွန်းလှန်နိုင်တဲ့အပြင် စွမ်းအင်ကိုလည်း တိုးစေပါတယ်။

(၂) ကြက်သွန်ဖြူနှင့် ကြက်သွန်နီ

ကြက်သွန်ဖြူနဲ့ ကြက်သွန်နီက ကူးစက်ပိုးဝင်မှုကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးနဲ့ ဘက်တီးရီးယားပိုးတွေကို သေစေတဲ့ ကိုယ်တွင်းဆဲလ်တွေကို အားကောင်းစေပါတယ်။ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီမှာ ဗီတာမင်စီလည်း များများပါဝင်တာကြောင့် ခန္ဓာကိုယ်မှာ အဆီကပ်ညိမှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။ တုပ်ကွေးကို တွန်းလှန်နိုင်ဖို့ရာအတွက် မုန်လာဥနီ၊ ကြက်ပေါင်တို့နဲ့အတူ ကြက်သွန်ဖြူ၊ ကြက်သွန်နီထည့်ကာ စွပ်ပြုတ်အဖြစ် သောက်ပါ။

(၃) ငရုတ်သီး

ပူစပ်ပူလောင် အရသာရှိတဲ့ ငရုတ်သီးဟာ အဆီကို ချေဖျက်ပေးတဲ့ အစာဖြစ်ပါတယ်။ ငရုတ်သီးမှာပါဝင်တဲ့ ကပ်ဆိုက်စင်ဓာတ်ဟာ ရင်ပြည့်ရင်ကယ်ဖြစ်တာကို သက်သာစေပြီး နှာခေါင်းတလျှောက်ရှိ အချွဲတွေကို ကျဲသွားစေတဲ့အတွက် တုပ်ကွေးဖြစ်နေချိန်မှာ အသက်ဝဝရှူနိုင်စေပါတယ်။

(၄) ချောကလက်

အင်တီအောက်ဆီးဒင့် ပါဝင်တဲ့ ကိုကိုး ဒါမှမဟုတ် အမည်းရောင်ချောကလက်ကို မှီဝဲတာက ရောဂါတွေကို ကင်းစင်စေတဲ့အပြင် ခါး၊ တင်ပါးနဲ့ ဝမ်းဗိုက်တစ်ဝိုက်မှာ စုပုံနေတဲ့ အဆီပိုတွေကို တွန်းလှန်နိုင်စွမ်း ရှိပါတယ်။ လေ့လာမှုအရ အမည်းရောင်ချောကလက် လေးထောင့်တစ်ကွက်စာ ပမာဏကို နေ့စဉ်စားတာကြောင့် တစ်ပတ်အကြာမှာ ကောင်းတဲ့ကိုလက်စထရောအဆင့် ၉ ရာခိုင်နှုန်း မြင့်တက်စေကြောင်း သိရပါတယ်။

Most Popular

Healthy Life Ad
To Top