Healthy Life Ad
Q & A

အစာရေမျိုပြွန် ရောင်ရမ်းခြင်း (Oesophagitis)

—–၊ ပါမောက္ခဦးအေးမွန် (ခွဲစိတ်ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း ၊—–

Q. ဘာကြောင့် အစာရေမျိုပြွန် ရောင်ရမ်းရပါသလဲ ဆရာ။

A. Oesophagus လို့ခေါ်တဲ့ အစာရေမျိုပြွန်က အရှည်အားဖြင့် ၂၅ စင်တီမီတာ ရှိပါတယ်။ ဒါက အာခံတွင်းနဲ့ အစာအိမ်ကို ဆက်ပေးထားတဲ့ ပြွန်ဖြစ်ပါတယ်။ အစာရေမျိုပြွန်ရောင်တာက အဓိကအားဖြင့် အစာရေမျိုပြွန် အပေါ်ပိုင်းရောင်တာနဲ့ အစာရေမျိုပြွန် အောက်ပိုင်းရောင်တာဆိုပြီး ရှိပါတယ်။ အစာရေမျိုပြွန် အောက်ပိုင်းရောင်တာက အဖြစ်များပြီး အပေါ်ပိုင်းရောင်တာက ရှားရှားပါးပါးပဲ ဖြစ်တတ်ပါတယ်။

(၁) အစာတွေပြန်တက်ပြီးဖြစ်တဲ့ စားချဉ်ပြန်တာ (GERD) က အစာရေမျိုပြွန်အောက်ပိုင်း ရောင်တာကြောင့် ဖြစ်တာများပါတယ်။

(၂) တခြားဓာတ်မတည့်မှု တစ်ခုခုကြောင့် အစာရေမျိုပြွန်ရောင်ရမ်းတတ်ပါတယ်။ အဲဒါက အစားအသောက်နဲ့မတည့်လို့ ဖြစ်တတ်ပါတယ်။ အဓိက မတည့်တတ်တာက ဂျုံ၊ ဥအမျိုးမျိုး၊ ပဲ စတဲ့ အစားအသောက်တွေနဲ့ မတည့်လို့ ဖြစ်တတ်တာပါ။

(၃) ဆေးဝါးတချို့ကြောင့်လည်း အစာရေမျိုပြွန် ရောင်တတ်ပါတယ်။ ဥပမာပြောရရင် အကိုက်အခဲပျောက်ဆေး(Pain Killers)တွေနဲ့ ပဋိဇီဝပိုးသတ်ဆေး (Antibiotics) တွေ၊ ပိုတက်စီယမ်ပါတဲ့ ဆေးတွေကြောင့် အဖြစ်များပါတယ်။ ဒီဆေးတွေသောက်ပြီး ရေသိပ်မသောက်ရင် ဆေးတွေက အစာရေမျိုနံရံမှာ ကပ်ညိပြီး ရောင်တတ်ပါတယ်။

(၄) ပိုးဝင်တာကြောင့်လည်း အစာရေမျိုပြွန် ရောင်တတ်ပါတယ်။ ကိုယ်ခံစွမ်းအားကျနေသူ (ဥပမာ-ဆီးချိုရောဂါရှိရင်၊ AIDS ရောဂါရှိရင်) ပိုးဝင်ကူးစက်လွယ်ပြီး အစာရေမျိုပြွန် ရောင်တတ်ပါတယ်။ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ ဖန်းဂတ်စ်နဲ့ ကန်ဒီဒါမှိုပိုး စတာတွေ ကပ်ညိမှုကြောင့် အစာရေမျိုပြွန် ရောင်ရမ်းတတ်ပါတယ်။

(၅) ရင်ဘတ်ကို ဓာတ်ရောင်ခြည်ပေးပြီး ကုသမှုခံယူထားရတဲ့ အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာ ဝေဒနာရှင်တွေမှာလည်း အစာရေမျိုပြွန်ရောင်ရမ်းတာကို တွေ့ရပါတယ်။

(၆) ရှားရှားပါးပါးပြောရရင် အက်စစ်နဲ့ အယ်ကာလီတွေကို မှားသောက်တာကြောင့် အစာရေမျိုပြွန် ရောင်ရမ်းတတ်ပါတယ်။

(၇) ကင်ဆာဆေးတွေနဲ့ စတီးရွိုက်ဆေးတွေကို ကြာကြာစားတဲ့သူတွေကလည်း အစာရေမျိုပြွန် ရောင်တတ်ပါတယ်။

ဒီအထဲမှာ ဆရာတို့ ခွဲစိတ်ဆရာဝန်တွေနဲ့ ဆိုင်တဲ့အပိုင်းက စားချဉ့်ပြန်တာကြောင့်ဖြစ်တဲ့ အစာရေမျိုပြွန်ရောင်ရမ်းတာပဲ ဖြစ်ပါတယ်။

Q. အစာရေမျိုပြွန် ရောင်ရမ်းတဲ့အခါ ဘယ်လိုလက္ခဏာတွေကို တွေ့ရတတ်ပါသလဲ ဆရာ။

A. အစာရေမျိုပြွန်ရောင်ရမ်းတဲ့အခါ အဓိကတွေ့ရတဲ့ လက္ခဏာက အစာမျိုရခက်တာပဲ ဖြစ်ပါတယ်။ အစာကိုမျိုလို့မရဘဲ အစာနင်နေတတ်ပါတယ်။ ဒါက ရင်ဘတ်အောင့်တာနဲ့ မှားတတ်သလို နှလုံးရောဂါနဲ့ မှားတတ်ပါတယ်။ အစာရေမျိုပြွန်အောက်ပိုင်းရောင်ရင် လေနာတာနဲ့ မှားတတ်ပါတယ်။ အစာရေမျိုပြွန် အပေါ်ပိုင်းရောင်ရင် လည်ချောင်းနာတာနဲ့ မှားတတ်ပါတယ်။ အစာရေမျိုပြွန်ရောင်တဲ့အခါ အဓိကပြတတ်တဲ့ လက္ခဏာက အစာမျိုရင် နာတာပဲဖြစ်ပါတယ်။

“ဘားအံဘက်က အသက် ၂၅ နှစ်အရွယ် မိန်းကလေးတစ်ဦးပါ။ စားချဉ့်ပြန်တာကြောင့် အစာရေမျိုပြွန်ရောင်ရမ်းတာက အသက်ကြီးမှ ဖြစ်တတ်ပေမယ့် သူက အသက်ငယ်ငယ်နဲ့ ဖြစ်နေပါတယ်။ သူခံစားရတဲ့ လက္ခဏာက ရင်ခေါင်းအောင့်နေလို့ ဘာကိုမှစားလို့မရတာပါ။ ဒါနဲ့ ဆရာဝန်ဆီ သွားပြတော့ ရိုးရိုးအစာကြေဆေးပဲ ပေးလိုက်တယ်လို့ ပြောပြပါတယ်” . . .

Q. အစာရေမျိုပြွန်ရောင်ရမ်းမှုမှာ ရောဂါအဆင့်ရှိပါသလား ဆရာ။

A. ရောဂါအဆင့် ရှိပါတယ်။ ရောဂါအစပိုင်းအဆင့်က ရုတ်တရက်နဲ့ ခဏပဲဖြစ်တဲ့ အစာရေမျိုပြွန် ရောင်ရမ်းတာပါ။ ဆေးဝါးတချို ့ကြောင့်၊ အစာမှားတာကြောင့် ဖြစ်တတ်ပါတယ်။ ၄-၅ ရက်နေရင် ပြန်ကောင်းသွားနိုင်ပါတယ်။ အက်စစ်လျှံတက်ပြီးဖြစ်တဲ့ စားချင့်ပြန်တာကြောင့် အစာရေမျိုပြွန်ရောင်ရမ်းတာကတော့ ကြာတတ်ပါတယ်။ နောက်တစ်ချက်က အစာရေမျိုပြွန်ရောင်တဲ့အခါ ဘယ်လောက်အရှည်ရောင်သလဲဆိုတဲ့ အချက်က အရေးကြီးပါတယ်။ ကိုယ်ခံအားကျပြီး ပိုးဝင်တာနဲ့ ကင်ဆာကြောင့် အစာရေမျိုပြွန်ရောင်ရင် ရောင်တဲ့အပိုင်းက ရှည်တတ်ပါတယ်။ တကယ်လို့ ပတ်ချာလည် အပြည့်ရောင်ရင် ရောဂါက ပိုဆိုးပါတယ်။ ပိုလည်းကြာတတ်ပါတယ်။

Q. အစာရေမျိုပြွန် ရောင်ရမ်းမှုဖြစ်စေတဲ့ အစားအသောက်တွေ ရှိပါသလား ဆရာ။

A. စားချဉ့်ပြန်တာကြောင့် အစာရေမျိုပြွန်ရောင်ရမ်းတာက အစားအသောက်နဲ့ ဆက်စပ်နေပါတယ်။ ခရမ်းချဉ်သီး၊ ချဉ်တဲ့အသီး၊ အရက်၊ ကဖင်းဓာတ်၊ အပူအစပ်လွန်ကဲတဲ့အစာ၊ ကြက်သွန်၊ ချောကလက် စတာတွေက အစာရေမျိုပြွန် ရောင်စေနိုင်ပါတယ်။ နောက်ဖြစ်နိုင်ခြေများတဲ့ အချက်တွေကတော့ အဝလွန်တာ၊ ဆေးလိပ်သောက်တာ၊ ကိုယ်ဝန်ဆောင်တာတို့ ဖြစ်ကြပါတယ်။ အစားအသောက်နဲ့ ဓာတ်မတည့်မှုဖြစ်တာကြောင့် အစာရေမျိုပြွန်ရောင်တာက မျိုးရိုးလိုက်တတ်ပါတယ်။ ဒါက လူနည်းစုပဲ ဖြစ်တတ်ပါတယ်။ ဆေးသောက်ပြီး ရေသောက်လေ့မရှိရင်၊ ဆေးသောက်ပြီး ချက်ချင်းလှဲအိပ်ရင်လည်း အစာရေမျိုပြွန် ရောင်တတ်ပါတယ်။ အစာရေမျိုပြွန်ရောင်တာက အသက်ကြီးတဲ့သူတွေမှာ အဖြစ်များပါတယ်။

Q. အစာရေမျိုပြွန်ရောင်ရမ်းမှုကြောင့် အသက်အန္တရာယ် စိုးရိမ်ရပါသလား ဆရာ။

A. အစာရေမျိုပြွန်ရောင်တာက ရုတ်တရက်ဖြစ်တာဆိုရင် မစိုးရိမ်ရပါဘူး။ ဒါပေမဲ့ အစာရေမျိုပြွန်ရောင်တာက အကြာကြီးဖြစ်နေရင် အစာကိုမစားနိုင်ဘဲ အာဟာရချို ့တဲ့မှု ဖြစ်တတ်ပါတယ်။ အာဟာရချို့တဲ့တဲ့အခါ ကိုယ်ခံစွမ်းအားက ကျလာတတ်ပြီး တခြားရောဂါတွေ ဝင်တတ်ပါတယ်။ စားချဉ့်ပြန်ရောဂါဖြစ်တာကြာသွားပြီး ကုသမှုမခံယူရင် အစာရေမျိုပြွန် ကင်ဆာဖြစ်သွားတတ်ပါတယ်။ အစာရေမျိုပြွန်ရောင်တာ ကြာသွားရင်လည်း လမ်းကြောင်းကျဉ်းသွားတတ်ပါတယ်။ အဲဒီအခါ အစာကို စားလို့မရတော့ဘဲ ရောဂါအခြေအနေ ပိုဆိုးသွားတတ်ပါတယ်။ နောက်ပိုင်းမှာ အရည်ကိုတောင် မျိုလို့မရတော့တာမျိုး ဖြစ်သွားတတ်ပါတယ်။

Q. အစာရေမျိုပြွန်ရောင်ရမ်းမှုကို ဘယ်လိုရောဂါရှာဖွေစမ်းသပ်မှု ပြုလုပ်နိုင်ပါသလဲ ဆရာ။

A. အစာရေမျိုပြွန်ရောင်ရမ်းမှုကို အရင်ဆုံး ဆရာဝန်က စမ်းသပ်တဲ့နည်းနဲ့ ရောဂါရှာရပါတယ်။ တကယ်လို့ သံသယရှိရင် အစာအိမ်မှန်ပြောင်းကြည့်နိုင်ပါတယ်။ အစာအိမ်မှန်ပြောင်းကြည့်လိုက်ရင် အစာရေမျိုပြွန်ရောင်တာကို တိတိကျကျ သိနိုင်ပါတယ်။ နောက်တစ်ခုက Barium Swallow လုပ်ပြီး ဓာတ်မှန်ရိုက်ကြည့်တာပါ။ ဒါပေမဲ့ မှန်ပြောင်းကြည့်ပြီး ရောဂါရှာတာက ပိုမိုသင့်တော်ပါတယ်။

Q. အစာရေမျိုပြွန်ရောင်ရမ်းမှုကို ဆေးဝါးနဲ့ ကုသလို့ရပါသလားဆရာ။ ခွဲစိတ်ကုသမှုပြုလုပ်ဖို့ လိုအပ်ပါသလား ဆရာ။

A. အစာရေမျိုပြွန် ရောင်ရမ်းမှုဖြစ်စေတဲ့ အကြောင်းရင်းကို အရင်ရှာရပါတယ်။ ဥပမာ-ဆီးချိုရောဂါကြောင့် ကိုယ်ခံစွမ်းအားကျပြီး ပိုးဝင်လို့ အစာရေမျိုပြွန်ရောင်တယ်ဆိုရင် ဆီးချိုကို ထိန်းရပါတယ်။ HIV ကြောင့် ကိုယ်ခံအားကျပြီး ပိုးဝင်လို့ အစာရေမျိုပြွန်ရောင်တယ်ဆိုရင်လည်း HIV ကို ကုသရပါတယ်။ ဓာတ်မတည့်မှုကြောင့်ဖြစ်ရင် ဓာတ်မတည့်တာကို ကုရပါတယ်။ စတီးရွိုက်ဆေးကို သောက်လို့ရပါတယ်။ စတီးရွိုက်ဆေးကို ရှူရတာမျိုးလည်း ရှိပါတယ်။
စားချဉ့်ပြန်တာကြောင့် အစာရေမျိုပြွန် ရောင်ရမ်းတယ်ဆိုရင်တော့ ဆေးနဲ့အရင်ကုသရပါတယ်။ တကယ်လို့မရရင် ခွဲစိတ်ပြီး ကုသရပါတယ်။

Q. အစာရေမျိုပြွန် ရောင်ရမ်းမှုမဖြစ်အောင် ဘယ်လိုကာကွယ်သင့်ပါသလဲ ဆရာ။

A. အစာရေမျိုပြွန် ရောင်ရမ်းမှုမဖြစ်စေဖို့ ဓာတ်မတည့်မှုဖြစ်တတ်တဲ့ အစားအသောက်တွေကို ရှောင်ရပါမယ်။ စားချဉ့်ပြန်တာမဖြစ်အောင် အစာကို တစ်ခါတည်း အများကြီးမစားဘဲနဲ့ နည်းနည်းနဲ့ ခဏခဏစားပေးရပါမယ်။ အစာစားပြီး သုံးနာရီကြာမှ အိပ်ရာဝင်ရပါမယ်။ ဆေးသောက်ပြီးရင်လည်း ရေကို များများသောက်ပေးရပါမယ်။ ဆေးသောက်ပြီး နာရီဝက်ကြာမှ အိပ်စက်ရပါမယ်။ လှဲလျောင်းရပါမယ်။ ကိုယ်အလေးချိန်များပြီး ဝနေရင် ပိန်အောင်လုပ်ရပါမယ်။

Q. အစာရေမျိုပြွန်ရောင်ရမ်းမှုက မျိုးရိုးလိုက်ပြီး ဖြစ်တတ်ပါသလားဆရာ။

A. ဓာတ်မတည့်မှုကြောင့် အစာရေမျိုပြွန် ရောင်ရမ်းမှုဖြစ်တာက မျိုးရိုးလိုက်တတ်ပါတယ်။ တခြားအကြောင်းရင်းတွေကြောင့်ဖြစ်တဲ့ အစာရေမျိုပြွန်ရောင်ရမ်းမှုကတော့ မျိုးရိုးမလိုက်တတ်ပါဘူး။

Q. အစာရေမျိုပြွန်ရောင်ရမ်းတာက ဘယ်အသက်အရွယ်တွေမှာ အဖြစ်များပါသလဲ ဆရာ။

A. အသက်အရွယ်ကတော့ ဓာတ်မတည့်မှုကြောင့် အစာရေမျိုပြွန်ရောင်ရမ်းတယ်ဆိုရင် အသက်အရွယ်မရွေး ဖြစ်တတ်ပါတယ်။ စားချဉ့်ပြန်တာကြောင့် အစာရေမျိုပြွန်ရောင်ရမ်းတာကတော့ အသက် ၄၀-၅၀ အရွယ်လောက်မှာ အဖြစ်များပါတယ်။

Q. အစာရေမျိုပြွန်ရောင်ရမ်းတဲ့ လူနာတွေနဲ့ ပတ်သက်ပြီး ထူးထူးခြားခြား ဆရာ့အတွေ့အကြုံရှိရင် သိပါရစေဆရာ။

A. စားချဉ့်ပြန်တာကြောင့် အစာရေမျိုပြွန်ရောင်ရမ်းတဲ့ လူနာတစ်ဦးအကြောင်း ပြောပြချင်ပါတယ်။ သူက ဘားအံဘက်က အသက် ၂၅ နှစ်အရွယ် မိန်းကလေးတစ်ဦးပါ။ စားချဉ့်ပြန်တာကြောင့် အစာရေမျိုပြွန်ရောင်ရမ်းတာက အသက်ကြီးမှ ဖြစ်တတ်ပေမယ့် သူက အသက်ငယ်ငယ်နဲ့ ဖြစ်နေပါတယ်။ သူခံစားရတဲ့ လက္ခဏာက ရင်ခေါင်းအောင့်နေလို့ ဘာကိုမှ စားလို့မရတာပါ။ ဒါနဲ့ ဆရာဝန်ဆီသွားပြတော့ ရိုးရိုးအစာကြေဆေးပဲ ပေးလိုက်တယ်လို့ ပြောပြပါတယ်။ မသက်သာခဲ့ပါဘူး။ မသက်သာတော့ ဆေးရုံမှာလာပြပါတယ်။ အဲဒီမှာ တာဝန်ရှိ အထူးကုဆရာဝန်ကြီးတွေက မသင်္ကာတာနဲ့ အစာအိမ်မှန်ပြောင်းကြည့်ပြီး စစ်ဆေးလိုက်ပါတယ်။ အဲဒီအခါ အစာရေမျိုပြွန်က အတော်လေးရောင်နေတာကို တွေ့ရပါတယ်။ အစာအိမ်မှန်ပြောင်းနဲ့ကြည့်ရင် ကောင်းတာတစ်ခုက ရိုးရိုးအစာအိမ်ရောင်တာလား၊ ကင်ဆာလားဆိုတာ သိနိုင်ပါတယ်။ ဒီလူနာကောင်မလေးဖြစ်နေတဲ့ အစာရေမျိုပြွန်ရောင်တာက ရိုးရိုးရောင်တာဖြစ်ပြီး စားချဉ့်ပြန်တာကြောင့် ဖြစ်တယ်ဆိုတာ မှန်ပြောင်းစစ်ဆေးမှုအရ သိသွားပါတယ်။ အဲဒီအခါ သေချာအောင် အသားစယူစစ်ဆေးလိုက်တော့ အစာရေမျိုပြွန် ကျဉ်းနေပြီလား၊ ရိုးရိုးပဲရောင်တာလား၊ ကင်ဆာလားဆိုတာ ရှာပါတယ်။ ရိုးရိုးအစာရေမျိုပြွန် ရောင်တယ်ဆိုတာ သိလိုက်တော့ အရင်ဆုံး ဆေးဝါးနဲ့ ကုသမှုပေးပါတယ်။ ဆေးနဲ့ မသက်သာမှ ဆရာက ခွဲစိတ်ကုသပေးလိုက်ရပါတယ်။ င်္ Fundopligation နည်းနဲ့ ကုသပေးလိုက်တော့ ကောင်းသွားပါတယ်။ တကယ်လို့ အစာရေမျိုပြွန် ရောင်တာကို ကုသမှုမခံယူဘဲ အချိန်ကြာကြာဖြစ်နေရင် ကင်ဆာအဖြစ် ပြောင်းသွားတတ်ပါတယ်။

Q. အစာရေမျိုပြွန်ရောင်ရမ်းမှုနဲ့ ပတ်သက်ပြီး အများပြည်သူကို ပညာပေးလိုတာရှိရင် သိပါရစေ ဆရာ။

A. အစာရေမျိုပြွန်ရောင်ရမ်းတာက မြန်မာနိုင်ငံမှာတော့ သိပ်အဖြစ်မများပါဘူး။ နိုင်ငံခြားမှာတော့ အတော်အဖြစ်များတဲ့ ရောဂါပါ။ ဒီနေရာမှာ အရေးကြီးတာက ဗိုက်အောင့်တယ်၊ အစာမျိုလို့မရဘူးဆိုရင် ဆရာဝန်အများစုက အစာအိမ်အနာ (Peptic Ulcer) လို့ထင်ပြီး အစာအိမ်ဆေးပေးတာ များပါတယ်။ ဒါကို မှန်ပြောင်းနဲ့ စစ်ဆေးကြည့်ရင် သိသာပါတယ်။ ဒါကြောင့် အစာမျိုလို့မရဘူးဆိုရင် မပေါ့ဆဘဲ စနစ်တကျနားလည်တတ်ကျွမ်းတဲ့သူနဲ့ ပြသပါ၊ စနစ်တကျကုသရင် ပျောက်သွားပါတယ်။ အစာရေမျိုပြွန် ရောင်ရမ်းတာက ကင်ဆာအဖြစ်ပြောင်းတတ်တာကြောင့် စောစောကုသမှု ခံယူကြပါလို့ အကြံပြုပြောကြားလိုပါတယ်။

Most Popular

Healthy Life Ad
To Top