Healthy Life Ad
Health Tips

လေ့ကျင့်ခန်းလုပ်တိုင်း ညစ်ညမ်းတဲ့လေထု မရှူမိစေဖို့ . . .

လေထုညစ်ညမ်းတာကြောင့် အသက်ရှုလမ်းကြောင်းကို ထိခိုက်မှုဖြစ်စေနိုင်ပါတယ်။ ညစ်ညမ်းတဲ့ အခိုးအငွေ့တွေကို ရှုရှိုက်မိတဲ့အခါ ခန္ဓာကိုယ်ထဲက ပြင်ပပစ္စည်းတွေကို တွန်းလှန်ပစ်တာကြောင့် ရောင်ရမ်းမှုဖြစ်လာပါတယ်။ ကြာရှည်ရောင်ရမ်းတာဟာ ခန္ဓာကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းတွေကို ထိခိုက်အားနည်းမှု ဖြစ်စေနိုင်ပါတယ်။ ညစ်ညမ်းတဲ့လေနဲ့ တာရှည်ထိတွေ ့ရတာကြောင့် ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်တာဟာ အံ့အားသင့်စရာတော့ မဟုတ်ပါဘူး။ ပုံမှန်လေ့ကျင့်ခန်းလုပ်တာဟာ သွေးတိုးရောဂါ၊ ခုခံစွမ်းအားစနစ်ကျဆင်းတာ၊ နှလုံးရောဂါထတာ၊ လေဖြတ်ရောဂါ၊ အမျိုးအစား(၂) ဆီးချိုသွေးချိုရောဂါနဲ့ တချို့သော ကင်ဆာရောဂါတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ညစ်ညမ်းတဲ့လေထုကို မရှူရှိုက်မိအောင် လေ့ကျင့်ခန်းလုပ်သင့်တဲ့ နည်းလမ်းတွေကို အကြံပြုဖော်ပြလိုက်ရပါတယ်။

(၁) နံနက်ခင်းစောစောအချိန် လေ့ကျင့်ခန်းလုပ်ပါ

အိုဇုန်းဟာ ယေဘုယျအားဖြင့် နံနက် ၆ နာရီ-၁၀နာရီအတောအတွင်းမှာ အနိမ့်ဆုံးဖြစ်တတ်တာကြောင့် အဲဒီအချိန်တွေမှာ လေ့ကျင့်ခန်းလုပ်တာ အကောင်းဆုံးပါ။ ဒါကြောင့် အိမ်ပြင်ထွက်ပြီး အသက်ဝ၀ရှူကာ လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် ယာဉ်သွားယာဉ်လာမများသေးတဲ့ နံနက်စောစောအချိန်မှာ လေ့ကျင့်ခန်းလုပ်သင့်တာပါ။

(၂) ဖြစ်နိုင်လျှင် ယာဉ်ကြောထူထပ်မှုနည်းသောလမ်းမှာ နေထိုင်ပါ

အချိန်မရလို့ အိမ်မှာလေ့ကျင့်ခန်းလုပ်မယ်ဆိုရင် သင့်အိမ်ကယာဉ်ကြော မထူထပ်တဲ့နေရာမျိုး၊ စက်ရုံနည်းပါးတဲ့ နေရာမျိုးမှာ ရှိတယ်ဆိုရင် အဆင်ပြေပါတယ်။

(၃) လေဝင်လေထွက်ကောင်းသော နေရာကိုရှာပါ

လေထုအညစ်ညမ်းဆုံးအချိန်တွေက ယေဘုယျအားဖြင့် ပူပြင်းနေတတ်ပါတယ်။ လေတိုက်ပြီး လေကောင်းလေသန့်ရှိတဲ့ နေရာတွေကသာ ကျန်းမာရေးအတွက် ကောင်းမွန်စေတာကြောင့် သင့်အနေနဲ့ အားကစားခန်းမတွေမှာ လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် လေဝင်လေထွက်ကောင်းတဲ့ နေရာဖြစ်မှ လုပ်သင့်ပါတယ်။

(၄) အင်ဆီအောက်ဆီးဒင့်ပါသော အာဟာရစားပါ

တစ်နေ့ကို လူတစ်ယောက်မှီဝဲသင့်တဲ့ ဗီတာမင် စီ ပမာဏ ၇၅ မီလီဂရမ်ရရှိအောင် ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနယ်ရွက်၊ လိမ္မော်သီး၊ ခရမ်းချဉ်သီး စတာတွေလို အင်တီအောက်ဆီးဒင့်ပေါများတဲ့ အစားအစာတွေကို စားပေးသင့်ပါတယ်။ ဒါဆိုရင် လေထုညစ်ညမ်းတာကြောင့် ထိခိုက်မှုမဖြစ်အောင် အဆုတ်ကို ခုခံပေးနိုင်ပါတယ်။ ဗီတာမင်စီဟာ ရောင်ရမ်းမှုကိုဖြစ်စေတဲ့ ဟစ္စတာမင်းထုတ်လုပ်မှုကိုလည်း လျော့ကျစေပါတယ်။

(၅) အသက်ပြင်းပြင်းရှုကာ အဆုတ်အားကောင်းအောင် လုပ်ဆောင်ပါ

လေကောင်းလေသန့်ရတဲ့နေရာမှာ လေ့ကျင့်ခန်းလုပ်တဲ့အခါတိုင်း အသက်ပြင်းပြင်းရှုပေးပါ။ ဒီနည်းလမ်းဟာ အဆုတ်တွေကို သန်စွမ်းကျန်းမာစေတဲ့ နည်းလမ်းကောင်းတစ်ရပ် ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top