Healthy Life Ad
Q & A

အိပ်စက်မှုအတွက် အရေးပါသည့် မယ်လတိုနင်

—–၊ ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း ၊—–

Q. မယ်လတိုနင်အကြောင်း သိပါရစေ ဆရာ။

A. မယ်လတိုနင်ဆိုတာ ဦးနှောက်မှာရှိတဲ့ ပိုင်နီရယ်ဂလင်း (Pineal Gland) ကနေ ထွက်ရှိတဲ့ ဟော်မုန်းတစ်မျိုး ဖြစ်ပါတယ်။ နေဝင်ပြီး မှောင်လာတဲ့အခါ ပိုင်နီရယ်ဂလင်းက မယ်လတိုနင်ဟော်မုန်းတွေကို စတင်ထုတ်လုပ်ပြီး သွေးထဲရောက်ရှိစေပါတယ်။ ယေဘုယျအားဖြင့် မယ်လတိုနင်ဓာတ်က ည ၉ နာရီလောက်မှာ စတင်အထွက်များလာပါတယ်။ ဒါကြောင့် သွေးထဲမှာ မယ်လတိုနင်ဓာတ်တွေ သိသိသာသာ မြင့်တက်လာပြီး ခန္ဓာကိုယ်က တက်ကြွမှု လျော့ကျလာပါတယ်။ အဲဒီအချိန်မှာ အိပ်ချင်စိတ် ဖြစ်ပေါ်လာပါတယ်။ သွေးထဲက မယ်လတိုနင်အဆင့်ဟာ ညကစပြီး နောက်တစ်နေ့မနက် အလင်းရောင်မကျရောက်ခင်အထိ အချိန် ၁၂ နာရီလောက် မြင့်တက်နေပါတယ်။

Q. မယ်လတိုနင်ရဲ ့လုပ်ငန်းဆောင်တာကို သိပါရစေဆရာ။

A. မယ်လတိုနင်ဟာ ခန္ဓာကိုယ်မှာ အိပ်စက်မှု၊ လေ့လာသင်ကြားမှု စတာတွေ ပါဝင်တဲ့ လုပ်ငန်းဆောင်တာတွေအတွက် အရေးပါပါတယ်။ ဆဲလ်တွေထဲက ဖရီးရယ်ဒီကယ်တွေကို တွန်းဖယ်ပေးတဲ့အစွမ်းထက် အင်တီအောက်ဆီးဒင့် တစ်မျိုးဖြစ်တာကြောင့် အိုမင်းမှုကို ဟန့်တားပေးသလို ကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ ဟော်မုန်းလုပ်ငန်းဆောင်တာအများစုရဲ ့ ကြားခံအနေနဲ့ ဆောင်ရွက်ပြီး ကိုယ်ခံအားစနစ် ကျန်းမာဖို့နဲ့ ဗိုင်းရပ်စ်တွေမဝင်ဖို့ ကာကွယ်ထိန်းသိမ်းပေးပါတယ်။

“မယ်လတိုနင်ကို ရာသီဥတုကြောင့်ဖြစ်တဲ့ စိတ်ကျဝေဒနာ (Seasonal Affective Disorder) ရှိသူတွေမှာလည်း ပေးနိုင်ပါတယ်။ သူတို့က အအိပ်လွန်၊ အစားလွန်တာ၊ အာရုံစူးစိုက်နိုင်စွမ်း ခက်ခဲတာနဲ့ စိတ်ဓာတ်ကျတာတွေ ဖြစ်တတ်ပါတယ်။ ဒါကို မယ်လတိုနင်အားဖြည့်ဆေးပေးလိုက်ရင် သက်သာတတ်ပါတယ်” . . .

Q. မယ်လတိုနင်ဆေးကို ဘယ်လိုသတ်မှတ်ထားပါသလဲ ဆရာ။

A. အမေရိကန်မှာ FDA က မယ်လတိုနင် (Melatonin) ဆေးကို အားဖြည့်ဆေးအဖြစ် သတ်မှတ်ထားပါတယ်။ ဒါကြောင့် ဆရာဝန်ရဲ့ ဆေးညွှန်းစာမလိုဘဲ ဝယ်ယူနိုင်ပါတယ်။ ပုံမှန်ဆေးပမာဏ ၁-၃ မီလီဂရမ်ကို မှီဝဲရင် သွေးထဲက မယ်လတိုနင်ဓာတ်ဟာ ပုံမှန်ထက် ၁-၂၀ ဆအထိ မြင့်တက်လာတတ်ပါတယ်။

Q. မယ်လတိုနင်က ဘယ်အရွယ်မှာ အထွက်များပါသလဲ ဆရာ။

A. မယ်လတိုနင်ဟာ ညဘက်အိပ်ချိန် ရောက်လာတဲ့အခါ အသက် ၃-၄ လ အရွယ်မှာ စတင်ထွက်ရှိလာပါတယ်။ အသက် ၁-၃ နှစ်အတွင်းမှာ အမြင့်ဆုံးပမာဏ ထွက်ရှိတတ်ပါတယ်။ အရွယ်ရောက်ခါစအရွယ်မှာ အနည်းငယ် လျော့ကျသွားတတ်ပါတယ်။ နောက်ပိုင်း အသက်ကြီးလာတဲ့အခါ သိသိသာသာ လျော့နည်းသွားတတ်ပါတယ်။ အသက် ၇၀ အရွယ်တွေမှာ ထွက်ရှိတဲ့ မယ်လတိုနင်ဓာတ်က လူငယ်တွေနဲ့ယှဉ်ရင် လေးပုံတစ်ပုံပဲ ရှိပါတယ်။ ဒါကြောင့် အသက်ကြီးလာလို့ မယ်လတိုနင် အထွက်နှုန်းလျော့ကျသွားတဲ့အတွက် ညဘက်ကောင်းကောင်း အိပ်ပျော်ဖို့ ခက်ခဲလာပါတော့တယ်။

Q. အိပ်မပျော်လို့ မယ်လတိုနင်ကို မှီဝဲချင်တယ်ဆိုရင် ဘယ်လိုမှီဝဲသင့်ပါသလဲ ဆရာ။

A. ညအိပ်ရာမဝင်ခင် ၂၀-၄၀ မိနစ်ခြားပြီး မှီဝဲပေးရပါမယ်။ ဒါဆိုရင် အိပ်ရာထဲ လှဲနေရတဲ့အချိန်နဲ့ အိပ်ပျော်တဲ့အချိန်ကြား ကွာဟချက်က လျော့ကျသွားပါလိမ့်မယ်။ ပြီးတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားပါလိမ့်မယ်။ မယ်လတိုနင်က လေယာဉ်အကြာကြီးစီးခဲ့ရတဲ့သူတွေမှာဖြစ်တဲ့ Jet Lag ဝေဒနာနဲ့ ညဆိုင်းအလုပ်လုပ်ရတဲ့သူတွေမှာ အသုံးဝင်ပါတယ်။

Q. မယ်လတိုနင်ကြောင့် ကင်ဆာကို ဘယ်လိုလျော့ကျစေတာပါလဲ ဆရာ။

A. ကင်ဆာတချို့က မယ်လတိုနင်အဆင့်နဲ့ ဆက်နွှယ်မှုရှိတယ်လို့ လေ့လာမှုတချို့က ထင်မြင်ထားကြပါတယ်။ ရင်သားကင်ဆာလူနာနဲ့ ဆီးကျိတ်ကင်ဆာလူနာတွေမှာ မယ်လတိုနင်အဆင့်ဟာ ပုံမှန်ထက် တစ်ဝက်လောက် လျော့ကျနေတယ်လို့ ဆိုကြပါတယ်။ မယ်လတိုနင်အဆင့်က အသက်ကြီးလာလေလေ၊ လျော့ကျသွားလေလေ ဖြစ်တာကြောင့် မယ်လတိုနင်ချို့တဲ့မှုက တချို့သက်ကြီးရောဂါဝေဒနာတွေကို ဖြစ်စေတယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်ထားကြပါတယ်။ မယ်လတိုနင်ဟော်မုန်း သက်ရောက်မှုရှိတဲ့ ရောဂါတွေက အယ်လ်ဇိုင်းမားရောဂါ၊ ဂလူးကို့စ်ကို ခံနိုင်ရည်မရှိတာ၊ ကိုယ်ခံအားစနစ် လုပ်ငန်းဆောင်တာ ထိခိုက်တာနဲ့ ကင်ဆာတို့ဖြစ်ကြတယ်လို့ ထင်မြင်ထားကြပါတယ်။

Q. မယ်လတိုနင်ကို လေယာဉ်အကြာကြီးစီးရတဲ့ Jet lag ဝေဒနာရှိသူတွေမှာ သုံးတဲ့အခါ ဘယ်လိုသက်ရောက်မှုတွေ ရှိပါသလဲ ဆရာ။

A. မယ်လတိုနင်သုံးတဲ့အခါ ကောင်းကောင်းအိပ်ပျော်စေပါတယ်။ ဘေးထွက်ဆိုးကျိုးက ခေါင်းမူးတာ၊ ခေါင်းကိုက်တာ၊ ဗိုက်မဆာတာနဲ့ နေ့ခင်းဘက် အိပ်ငိုက်တာတို့ ဖြစ်တတ်ပါတယ်။

Q. မယ်လတိုနင် မမှီဝဲသင့်တဲ့ အခြေအနေတွေရှိရင် ပြောပြပေးပါ ဆရာ။

A. မယ်လတိုနင်ကို မမှီဝဲသင့်တဲ့ အခြေအနေတွေကတော့-

• ကိုယ်ဝန်ရှိရင်၊

• ကလေးနို့တိုက်နေရရင်၊

• ပြင်းထန်တဲ့ဓာတ်မတည့်မှု ဒါမှမဟုတ် ကိုယ်ခံအားလွန်ကဲတဲ့ရောဂါ (Auto-immune Disease) ရှိရင်၊

• ကိုယ်ခံအားစနစ်ဆိုင်ရာ ကင်ဆာတစ်မျိုး ခံစားနေရရင်၊

• ကလေးယူဖို့ ကြိုးစားနေတဲ့ အမျိုးသမီးဖြစ်ရင်၊

• စိတ်ရောဂါအပြင်းစား ခံစားနေရရင်၊

• စတီးရွိုက်လိုဆေးတွေ မှီဝဲနေရင်၊

• MAO တားဆေးတွေ မှီဝဲနေရင်၊

• အတက်ရောဂါ (Epilepsy) ရှိရင် မမှီဝဲသင့်ပါဘူး။

Q. မယ်လတိုနင်နဲ့ ပတ်သက်ပြီး တခြားပြောလိုတာရှိရင် သိပါရစေ ဆရာ။

A. မယ်လတိုနင်ကို ရာသီဥတုကြောင့်ဖြစ်တဲ့ စိတ်ကျဝေဒနာ (Seasonal Affective Disorder) ရှိသူတွေမှာလည်း ပေးနိုင်ပါတယ်။ သူတို့က အအိပ်လွန်၊ အစားလွန်တာ၊ အာရုံစူးစိုက်နိုင်စွမ်း ခက်ခဲတာနဲ့ စိတ်ဓာတ်ကျတာတွေ ဖြစ်တတ်ပါတယ်။ ဒါကို မယ်လတိုနင်အားဖြည့်ဆေး ပေးလိုက်ရင် သက်သာတတ်ပါတယ်။ တချို့လေ့လာမှုတွေအရ မယ်လတိုနင်က အယ်ဇိုင်းမားရောဂါ၊ ပါကင်ဆန်ရောဂါတို့လို ဦးနှောက်အာရုံကြောရောဂါတွေကို သက်သာစေပြီး ကင်ဆာရောဂါရှင်တွေမှာ အသက်ရှင်နှုန်းကို တိုးစေတယ်လို့ ဆိုထားပါတယ်။ လေဖြတ်တာကြောင့် ထိခိုက်မှုမဖြစ်အောင် ကာကွယ်ပေးသလို ခေါင်းတစ်ခြမ်းကိုက်ရောဂါမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ပြီးတော့ ည ည နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေပါတယ်။ မယ်လတိုနင်ဆေးကို ပမာဏများများ မှီဝဲတာကြောင့် ဖြစ်တတ်တဲ့ ဘေးထွက်ဆိုးကျိုးက နေ့ခင်းဘက်အိပ်ငိုက်တာနဲ့ ကိုယ်အပူချိန်ကျဆင်းတာပဲ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top