Healthy Life Ad
Q & A

ကလေးမွေးရင် ခွဲမွေးသင့်သလား/ ရိုးရိုးမွေးသင့်သလား

—–၊ ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ၊—–

Q. ကိုယ်ဝန်ရှိလာရင် ခွဲမွေးသင့်သလား၊ ရိုးရိုးမွေးသင့်သလား။ ခွဲမွေးတာနဲ့ ရိုးရိုးမွေးတာမှာ ဘယ်ဟာက ပိုကောင်းပါသလဲ ဆရာ။

A. ကိုယ်ဝန်ဆောင်ချိန်မှာ ခွဲမွေးရင်ကောင်းလား၊ ရိုးရိုးမွေးတာ ကောင်းလားဆိုတာကလည်း ခေတ်စားတဲ့ အကြောင်းအရာပဲ ဖြစ်ပါတယ်။ ဟိုးအရင်ခေတ်ကဆိုရင်တော့ ရိုးရိုးမွေးတာကပဲ ကောင်းတယ်ဆိုတာ သေချာတာပေါ့။ ဘာလို့လဲဆိုတော့ ခွဲမွေးတာက အလွန်အန္တရာယ်များတယ်လေ။ ရိုးရိုးမွေးလို့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အခြေအနေကျမှ ခွဲမွေးရတာကိုး။ ခွဲမွေးရင် မေ့ဆေး၊ ထုံဆေးအန္တရာယ်၊ ခွဲရင်းဖြစ်နိုင်တဲ့ အန္တရာယ်၊ သွေးသွန်တာ၊ ဆီးအိမ်တွေ ထိခိုက်သွားတာ စတာတွေ ဖြစ်တတ်သလို ဗိုက်ခွဲမွေးရင် နောက်တစ်ခါ ရိုးရိုးမွေးဖို့ ခက်ခဲသွားတတ်တယ်၊ ကလေးတစ်ယောက်မွေးတိုင်း ဗိုက်ခွဲမွေးရတာ ပိုခက်ခဲလာတယ် . . စသဖြင့် အဲဒီလိုမျိုး အန္တရာယ်တွေ ရှိပါတယ်။

ရိုးရိုးမွေးတာကရော အန္တရာယ်မရှိဘူးလားဆိုတော့လည်း ရိုးရိုးမွေးတာကလည်း တစ်ခါတလေ အန္တရာယ်ရှိပါတယ်။ ရိုးရိုးမွေးတာကလည်း မွေးနိုင်ဖို့ ကြိုးစားကြည့်ရတာ။ ရိုးရိုးမွေးဖို့ ကြိုးစားကြည့်ရင်းနဲ့ ချောချောမောမော မွေးသွားရင်၊ ဘာပြဿနာမှမရှိရင် အဆင်ပြေတယ်ဆိုပေမယ့် တစ်ခါတလေ မွေးရင်းဖွားရင်းနဲ့ အကြာကြီး ဗိုက်နာပြီး မမွေးနိုင်လို့ ခွဲမွေးလိုက်ရတာ ရှိသလို အကြာကြီး ဗိုက်နာပြီးမှ မမွေးနိုင်လို့ ကလေးကအထဲမှာ မွန်းသွားတာလည်း ရှိတတ်ပါတယ်။ တစ်ခါတလေကျရင် မွေးဖို့ကြိုးစားရင်း အမေက ဘယ်လိုမှ မမွေးနိုင်တော့တဲ့အခါ ညှပ်ဆွဲမွေးရတာ၊ တစ်ခါတလေ အမေရဲ့ မွေးလမ်းကြောင်း စုတ်ပြဲသွားတာ စတဲ့ အန္တရာယ်တွေ ရှိပါတယ်။ တစ်ခါတလေကျရင် ကလေးက အကြီးကြီးဖြစ်နေတာ၊ မိခင်က အရိုးကွင်းကျဉ်းနေတာ စတာတွေလည်း ရှိနေတတ်ပြန်ပါတယ်။

“သေချာပေါက်လိုအပ်ချက်တစ်ခုကတော့ ရိုးရိုးပဲမွေးမွေး၊ ခွဲပဲမွေးမွေး မွေးဖွားပေးမယ့် ဆရာဝန်၊ ဆရာမရဲ့ ကျွမ်းကျင်မှုကတော့ သေချာပေါက် လိုအပ်ပါတယ်။ ကျွမ်းကျင်တဲ့ဆရာဝန်၊ ဆရာမတွေရဲ့ လက်ထဲမှာတော့ ရိုးရိုးမွေးမွေး၊ ခွဲပဲမွေးမွေး အန္တရာယ်နည်းပါတယ်။ မကျွမ်းကျင်ရင်တော့ ဘယ်လိုပဲမွေးမွေး အန္တရာယ်များပါတယ်။”

ဆရာတို့အနေနဲ့ကတော့ မိခင်တွေအကုန်လုံးက ရိုးရိုးမွေးတာကောင်းတယ် ဒါမှမဟုတ် မိခင်တွေအကုန်လုံး ခွဲမွေးတာကောင်းတယ်ဆိုတာမျိုးတော့ မရှိပါဘူး။ တစ်ဦးချင်း တစ်ယောက်ချင်းစီ မူတည်ပြီး ရိုးရိုးမွေးသင့်သလား၊ ခွဲမွေးသင့်သလားဆိုတာကို စဉ်းစားရတာဖြစ်ပါတယ်။ ကလေးက ဘယ်လောက်ကြီးသလဲ၊ မိခင်ရဲ့ အရပ်အမောင်းက ဘယ်လောက်ရှိသလဲ၊ အရိုးကွင်းက ကျဉ်းနေလား၊ ကလေးရဲ့ အနေအထားက ဘယ်လိုရှိသလဲ စတာတွေကို ကြည့်ပြီးမှ ပြောနိုင်တာဖြစ်ပါတယ်။

တချို့မိခင်တွေကျတော့ သေချာပေါက် ခွဲမွေးရတာ ရှိပါတယ်။ ဥပမာအားဖြင့် မိခင်က အသက် ၄၀ လောက်ရှိနေပြီ၊ သားဦးကိုယ်ဝန်ကို ရိုးရိုးမွေးမယ်ဆိုရင် ဆရာတို့ သိပ်လက်မခံပါဘူး။ ရိုးရိုးမွေးတယ်ဆိုတာ ညဗိုက်နာရင် မနက်ခင်းမွေးဖို့ မသေချာပါဘူး။ မွေးဖို့ကြိုးစားရင်း ကြိုးစားရင်းနဲ့ ကလေးကအထဲမှာ မွန်းသွားတတ်တယ်။ ခွဲမွေးတာကျတော့ ဗိုက်ကိုခွဲပြီး ကလေးကိုထုတ်လိုက်တော့ တစ်မိနစ်အတွင်းမှာ ကလေးက အပြင်ထွက်သွားတယ်။

ခြုံပြောရရင် ခွဲမွေးသင့်သလား၊ ရိုးရိုးမွေးသင့်သလားဆိုတာ တစ်ဦးချင်းပေါ်မှာ မူတည်ပါတယ်။ မိခင်ရဲ့ အရပ်အမောင်း၊ ကလေးအနေအထား၊ မိခင်ရဲ့အသက်အရွယ် စသဖြင့် ဘက်ပေါင်းစုံက စဉ်းစားပြီးမှ ဆုံးဖြတ်ရတာပါ။ ခွဲမွေးတာကလည်း ကောင်းတာရှိသလို ဆိုးတာရှိတယ်။ ရိုးရိုးမွေးတာကလည်း ကောင်းတာရှိသလို ဆိုးတာရှိပါတယ်။ ဒါပေမဲ့ သေချာပေါက်လိုအပ်ချက်တစ်ခုကတော့ ရိုးရိုးပဲမွေးမွေး၊ ခွဲပဲမွေးမွေး မွေးဖွားပေးမယ့် ဆရာဝန်၊ ဆရာမရဲ ့ ကျွမ်းကျင်မှုကတော့ သေချာပေါက် လိုအပ်ပါတယ်။ ကျွမ်းကျင်တဲ့ဆရာဝန်၊ ဆရာမတွေရဲ့ လက်ထဲမှာတော့ ရိုးရိုးမွေးမွေး၊ ခွဲပဲမွေးမွေး အန္တရာယ်နည်းပါတယ်။ မကျွမ်းကျင်ရင်တော့ ဘယ်လိုပဲမွေးမွေး အန္တရာယ်များပါတယ်။ ခွဲမွေးရင် ပိုတောင် အန္တရာယ်များသေးတယ်။ ဒါကြောင့် ကျွမ်းကျင်တဲ့ ဆရာဝန်ထံ အပ်နှံပြီး ဘယ်လိုမွေးရင် ကောင်းမလဲဆိုတာ ဆုံးဖြတ်သင့်ပါတယ်။

Most Popular

Healthy Life Ad
To Top