Healthy Life Ad
Q & A

အဆစ်တွင်းသွေးဝင်ခြင်း (Haemarthrosis)

—–၊ ပါမောက္ခဦးနေဝင်း (အရိုးအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း ၊—–

Q. အဆစ်တွင်းသွေးဝင်ခြင်း (Haemarthrosis) အကြောင်းကို သိပါရစေ ဆရာ။

A. Haem ဆိုတာ သွေးကိုဆိုလိုပြီး Arthrosis ဆိုတာ အဆစ်ရောင်တာကို ဆိုလိုပါတယ်။ Haemarthrosis ဆိုတော့ အဆစ်ထဲသွေးဝင်ခြင်းလို့ ခေါ်ပါတယ်။ အဆစ်တိုင်း သွေးဝင်နိုင်ခြေ ရှိပေမယ့် အများအားဖြင့် ဒီလိုအဆစ်ထဲ သွေးဝင်တာက ဒူးအဆစ်မှာ အဖြစ်များပါတယ်။

Q. အဆစ်ထဲသွေးဝင်တာက အဖြစ်များပါသလား ဆရာ။

A. အဆစ်ထဲသွေးဝင်တာက အဖြစ်များပါတယ်။ အများအားဖြင့် ထိမိခိုက်မိရင် ဖြစ်တတ်တဲ့အတွက် လူငယ်ပိုင်းတွေမှာ အဖြစ်များပါတယ်။

Q. အဆစ်တွင်းသွေးဝင်မှု အဖြစ်များရတဲ့ အကြောင်းရင်းကို သိပါရစေ ဆရာ။

A. ဒူးအဆစ်ထဲ သွေးဝင်မှု အဖြစ်များရတဲ့ အဓိကအကြောင်းရင်းက ထိမိခိုက်မိလို့ ဖြစ်ရတာပါ။ ထိမိခိုက်မိတဲ့အခါ ဒူးအဆစ်ရောင်တယ်၊ နာတယ်၊ လမ်းလျှောက်တဲ့အခါ ထော့နဲ့ထော့နဲ့ ဖြစ်တတ်တယ်၊ အဲဒီလို ဒူးဆစ်ကြီးရောင်ပြီး ဆရာတို့ဆီ ရောက်လာကြတာ များပါတယ်။ ထိမိခိုက်မိတဲ့ ရာဇဝင်ရှိတယ်၊ ပြုတ်ကျတယ် စတဲ့ ထိခိုက်တဲ့ ကျန်းမာရေးရာဇဝင် (History of Trauma) ရှိပါတယ်။ ရောင်တဲ့ဒူးကို စမ်းကြည့်လိုက်တော့ ပျော့စိစိ ဖြစ်နေတတ်ပါတယ်။ ဒါက ဒူးထဲမှာ အရည်တစ်မျိုး ရှိနေတတ်တယ်။ ဒူးအဆစ်ထဲ အရည်ရှိတာ စမ်းတဲ့နည်းကို Fluctuation ရှိတယ်လို့ ပြောပါတယ်။ အဲဒီလို ဖြစ်တဲ့အခါ ဒူးက ကွေးလို့ဆန့်လို့လည်း မကောင်းပါဘူး။

Q. အဆစ်တွင်း သွေးဝင်တာက ဘယ်သူတွေမှာ ပိုအဖြစ်များပါသလဲ ဆရာ။

A. ယောကျာ်းလေးတွေ Haemophilia ဆိုတဲ့ ရောဂါရှိရင် မကြာခဏ အဆစ်ထဲ သွေးဝင်တတ်ပါတယ်။ မကြာခဏ အဆစ်ထဲ သွေးဝင်ရင် အဆစ်က ပျက်စီးသွားတတ်ပါတယ်။ နောက်တစ်ခုက သွေးကျဲဆေးတွေ သောက်သုံးမှုများရင် ကြာရှည်စွဲသောက်ရင် အဆစ်ထဲသွေးဝင်တတ်ပါတယ်။ တကယ်လို့ အဆစ်တွေရောင်လာတယ်၊ သွေးတွေရှိနေတယ်ဆိုရင် ဆေးတွေနဲ့ပတ်သက်ပြီး စဉ်းစားဖို့ လိုပါတယ်။

“အဆစ်ထဲ သွေးဝင်ပြီး ဒူးနာတာက ရုတ်တရက်ဖြစ်တာပါ။ ပြီးတော့ ထိမိခိုက်မိတဲ့ ရာဇဝင်လည်း ရှိပါတယ်။ အဆစ်ထဲ သွေးဝင်ရင် တင်းပြီးရောင်တယ်ဆိုရင် အတော်နာတတ်ပါတယ်။ ပြီးတော့ အဆစ်ထဲမှာ အရိုးကျိုးတယ်၊ အရွတ်ပြတ်တယ်ဆိုရင် လမ်းတောင်မလျှောက်နိုင်လောက်အောင် နာတတ်ပါတယ်” . . .

Q. အဆစ်တွင်း သွေးဝင်တာနဲ့ ပတ်သက်ပြီး ဘယ်အချက်ကို အထူးသတိထားရပါသလဲ ဆရာ။

A. ဒူးပတ်ပတ်လည်မှာ ဒူးကိုထိန်းထားတဲ့ အရွတ်တွေရှိပါတယ်။ ဒူးအထဲမှာလည်း အရွတ်တွေ ရှိပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ဒဏ်ရာ ရတဲ့အခါ ဒီအရွတ်တွေ ပြဲတတ်ပါတယ်။ ဒူးထဲမှာ သွေးထွက်နေတယ်ဆိုရင် ဆရာတို့က ပေါ့ပေါ့တန်တန် မစဉ်းစားပါဘူး။ ဒူးအဆစ်တွေ ထိခိုက်တဲ့အခါ ဒူးပတ်ပတ်လည်မှာ ဒူးကိုထိန်းထားတဲ့ အရွတ်တွေထိခိုက်မှု ရှိတတ်တာကြောင့် ပေါ့ပေါ့ဆဆ မစဉ်းစားသင့်ပါဘူး။

Q. ဒူးအဆစ်ထဲ သွေးဝင်တဲ့အခြေအနေကို ဘယ်လိုစမ်းသပ်ရပါသလဲ ဆရာ။

A. တစ်ခါတလေမှာ ဒူးအဆစ်ကလည်း ရောင်နေတယ်၊ ရောင်တာကလည်း မကျနိုင်ဘူး..အဲဒီလို အခြေအနေမျိုးမှာ ဒူးအဆစ်ကို စမ်းသပ်ရတာ ခက်ခဲတတ်ပါတယ်။ အဲဒီအခါ ရောဂါအခြေအနေ သေချာသိအောင် မေ့ဆေးပေးပြီး စမ်းသပ်ရတဲ့ သဘောမျိုးတောင် ရှိပါတယ်။ စမ်းသပ်တော့ လက်နဲ့ပဲ စမ်းသပ်ပါတယ်။

ဒူးဆစ်ပတ်ပတ်လည်မှာရှိတဲ့ အရိုးတွေကျိုးရင်လည်း သွေးဝင်တတ်ပါတယ်။ အဲဒီလို အရိုးကျိုးတဲ့အခါ အဆစ်က ရောင်နေတတ်ပါတယ်။ အဲဒီအခါ ဓာတ်မှန်ရိုက်ကြည့်ရပါတယ်။ ဆရာတို့တိုင်းပြည်မှာ အကြမ်းအားဖြင့် ဓာတ်မှန်အများစုရဲ့ အရည်အသွေး (Quality)က အတော်လေး ညံ့နေတတ်ပါတယ်။ တစ်ခါတလေ ဓာတ်မှန်ရိုက်ပင် ရိုက်ငြားသော်လည်း အရိုးကျိုးတာက မပေါ်ပါဘူး။ ဒီလိုလေးတွေ ဖြစ်တတ်ပါတယ်။ အခုခေတ်မှာတော့ Digital X-ray ဆိုပြီး ဒီဂျစ်တယ်ဓာတ်မှန်တွေ ပေါ်လာတော့ အဲဒါလေးတွေက ပိုပြီး အရည်အသွေးကောင်းတယ်၊ ပိုပေါ်လွင်မှုရှိပါတယ်။ ဒါကြောင့် တစ်ခါတလေ ဓာတ်မှန်အရည်အသွေးမကောင်းရင် ဒီဂျစ်တယ်ဓာတ်မှန်နဲ့ ပြန်ရိုက်ရတာမျိုး ရှိပါတယ်။ မဟုတ်ရင် လွတ်သွားတတ်လို့ပါ။ တစ်ခါတလေကျရင် အရည်အသွေးကောင်းတဲ့ ဓာတ်မှန်နဲ့တောင် မမြင်ရတဲ့ အရိုးကျိုးနေတာတွေလည်း ရှိတတ်ပါတယ်။ အဲဒီအခါ CT Scan ထပ်ရိုက်ရပါတယ်။ တစ်ခါတလေ အဆစ်ပတ်ပတ်လည်မှာ အရိုးကျိုးရင် အဆစ်ထဲဝင်သွားတတ်တယ်။ အဲဒီအခါ ခွဲစိတ်ကုသမှု လုပ်ပေးရပါတယ်။ ဆုံးဖြတ်ချက်ကို သေချာချနိုင်ဖို့ ရောဂါအတိအကျသိအောင် ရှာဖွေမှုတွေက အရေးပါပါတယ်။

Q. အဆစ်ထဲသွေးဝင်ပြီး ရောင်ရမ်းနေတာနဲ့ ပတ်သက်ပြီး မလုပ်သင့်တဲ့ အပြုအမူတွေရှိရင် သိပါရစေ ဆရာ။

A. အဆစ်ထဲသွေးဝင်ပြီး ရောင်ရမ်းနေရင် အပ်နဲ့စုပ်ထုတ်တာမျိုးကို မလုပ်ပါနဲ့၊ မလုပ်သင့်ပါဘူးလို့ အလေးအနက် ပြောချင်ပါတယ်။ လွယ်ကူတဲ့ နည်းလမ်းလို့ ယူဆပြီး အပ်နဲ့သွေးတွေကို စုပ်ထုတ်တာက ဒူးဆစ်ထဲပြည်ပိုးဝင်ပြီး ပြဿနာတက်နိုင်ပါတယ်။ နောက်တစ်ခုကလည်း သွေးဝင်နေတဲ့အချိန်မှာ စုပ်ထုတ်လိုက်ရင် နောက်ထပ်သွေးပြန်ဝင်ပြီး ပြန်ဖောင်းသွားနိုင်ပါတယ်။ ဒီနည်းလမ်းက အန္တရာယ်ရှိလို့ ဆရာတို့က သိပ်အားမပေးပါဘူး။

Q. အဆစ်တွင်းသွေးဝင်တာကို ဘယ်လိုကုသမှု ပေးနိုင်ပါသလဲ ဆရာ။

A. ဒူးအဆစ်ထဲ သွေးဝင်တဲ့အခြေအနေကို ပေါ့ပေါ့တန်တန် မစဉ်းစားပါနဲ့။ လူနာက သွေးမတိတ်တဲ့ ရောဂါရှိသလား၊ သွေးကျဲဆေးတွေ သောက်နေသလား၊ ထိခိုက်မှုအတိုင်းအတာက ဘယ်လောက်ဆိုးသလဲ၊ ဆီးချိုရောဂါ ရှိသလား စတဲ့ အခြေအနေတွေကိုလည်း သုံးသပ်ပြီး ကုသမှုပေးရပါတယ်။

Q. အဆစ်ထဲ သွေးဝင်တဲ့အခါ ခွဲစိတ်ကုသမှုပေးရတဲ့ အခြေအနေတွေကို သိပါရစေ ဆရာ။

A. ဒူးအဆစ်ထဲ သွေးဝင်တာက သိပ်ဆိုးရွားတဲ့ ပြဿနာမဟုတ်ပေမယ့် အဆစ်ထဲကအရွတ်တွေ ပြတ်သွားရင် အန္တရာယ်ရှိပါတယ်။ Anterior Cruciate Ligament တွေနဲ့ Posterior Cruciate Ligament တွေပြတ်သွားရင် သေချာခွဲစိတ်ကုသဖို့ လိုအပ်ပါတယ်။ အဆစ်ထဲ အရိုးကျိုးတယ်ဆိုရင်လည်း အများအားဖြင့် ခွဲစိတ်ကုသဖို့ လိုပါတယ်။ တိကျတဲ့ကုသမှုကို ပေးဖို့လည်း လိုပါတယ်။ တကယ်လို့ ဆိုးဆိုးရွားရွား အရွတ်ပြဲတာ၊ အရိုးကျိုးတာ မရှိဘူးဆိုရင်တော့ အနားပေးမယ်၊ ချိုင်းထောက်နဲ့ လမ်းလျှောက်ခိုင်းမယ်၊ တစ်ခါတလေ ဒူးဆစ်ကို အနားပေးဖို့အတွက် ကျောက်ပတ်တီးစည်းပေးဖို့ လိုအပ်ပါတယ်။ အရိုးကျိုးရင်၊ အဆစ်ပါသွားရင် ခွဲစိတ်ကုသရပါတယ်။ Anterior Cruciate Ligament ပြတ်သွားရင် ခွဲစိတ်ကုသလိုက်တဲ့အခါ ပြန်ကောင်းသွားနိုင်ပါတယ်။ ဒီကုသမှုတွေလုပ်ပြီး နောက်ပိုင်းမှာတော့ ကြွက်သားနဲ့ အဆစ်တွေအတွက် ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းတွေ လုပ်ပေးဖို့လိုပါတယ်။

Q. OA ဒူးနာနဲ့ အဆစ်ထဲသွေးဝင်ပြီး ဒူးနာတာက ဘာကွာခြားမှု ရှိပါသလဲ ဆရာ။

A. OA ဒူးနာရောဂါက အသက်အရွယ်ကြီးမှ ဖြစ်တာများပါတယ်။ ထိမိခိုက်မိတဲ့ ရောဂါရာဇဝင် မရှိပါဘူး။ ဆရာတို့ဆီရောက်ရင် ဒူးနာတာ နည်းနည်းကြာနေပြီ၊ အထိုင်အထနာတယ်၊ လှေကားအဆင်းအတက်လုပ်ရင် နာတယ်၊ ကြမ်းပြင်ပေါ်ထိုင်ရင် နာတယ်၊ လမ်းလျှောက်တာများရင် ပိုနာတယ်.. အစရှိတဲ့ လက္ခဏာတွေနဲ့ တွဲနေတတ်ပါတယ်။ အဓိက ကွာခြားတာက OA ဒူးနာက ရုတ်တရက်ဖြစ်တာ မဟုတ်ပါဘူး။ အဆစ်ထဲသွေးဝင်ပြီး ဒူးနာတာက ရုတ်တရက်ဖြစ်တာပါ။ ပြီးတော့ ထိမိခိုက်မိတဲ့ ရာဇဝင်လည်း ရှိပါတယ်။ အဆစ်ထဲသွေးဝင်ရင် တင်းပြီးရောင်တယ်ဆိုရင် အတော်နာတတ်ပါတယ်။ ပြီးတော့ အဆစ်ထဲမှာ အရိုးကျိုးတယ်၊ အရွတ်ပြတ်တယ်ဆိုရင် လမ်းတောင်မလျှောက်နိုင်လောက်အောင် နာတတ်ပါတယ်။

Q. ထိခိုက်မှု တစ်ခုခုဖြစ်လာတဲ့အခါ လူနာတွေအနေနဲ့ ဆရာဝန်ဆီမပြခင် သက်သာအောင် ဘယ်လိုလုပ်ဆောင်သင့်ပါသလဲ ဆရာ။

A. ထိမိခိုက်မိပြီး ရောင်လာလို့ ပထမဆုံး ၂၄ နာရီက နေ ၄၈ နာရီအတွင်းမှာ ရေခဲအုံခိုင်းပါတယ်။ ရေခဲအုံလိုက်ရင် သွေးကြောတွေ ကျုံ့သွားပြီး ရောင်ရမ်းမှုနဲ့ အနာသက်သာသွားတတ်ပါတယ်။ ဒါဆိုရင် သွေးထွက်တာလည်း လျော့သွားပါတယ်။ နောက်ပိုင်းကျတော့ အပူကုထုံး (Heat Therapy) ပေးလို့ရပါတယ်။ ချင်းစိမ်းနဲ့မိဿလင်၊ ငရုတ်သီးပါတဲ့ လိမ်းဆေး၊ ဖယောင်းစိမ်တာ စတဲ့နည်းတွေ အားလုံးက အပူကုထုံးတွေပါပဲ။ အပူကုထုံးပေးလိုက်ရင် ကြွက်သားတွေ ပျော့ပျောင်းပြီး အနာသက်သာသွားတတ်ပါတယ်။ လူအများစု သုံးနေကြတဲ့ မြန်မာလိမ်းဆေး၊ တရုတ်လိမ်းဆေးတွေက အပူတွေများတော့ လိမ်းတော့လိမ်းပါ.. ဒါပေမဲ့ အရေပြားမလောင်စေနဲ့လို့ သေချာမှာရပါတယ်။ အထူးသဖြင့် ဆီးချိုရောဂါရှိသူတွေမှာ အရေပြားက ထုံနေတော့ အပူလိမ်းဆေးတွေ လိမ်းပြီးလောင်တာမျိုး ဖြစ်တတ်လို့ သတိထားခိုင်းရပါတယ်။

Q. အဆစ်တွင်း သွေးဝင်တာနဲ့ ပတ်သက်ပြီး အများပြည်သူကို အကြံဉာဏ်ပေးလိုတာရှိရင် သိပါရစေဆရာ။

A. ဒူးက ထိမိခိုက်မိပြီး နာသွားရင် ကောင်းသွားမှာပါ..ဟိုဆေးလိမ်း၊ ဒီဆေးလိမ်းပြီး မနေပါနဲ့။ တစ်ခုခုဖြစ်လာရင် မှန်းဆပြီး လုပ်လို့ရတဲ့ ကိစ္စမဟုတ်ပါဘူး။ ဒီလိုဒူးနာပြီး ရောင်နေရင် ဆရာဝန်နဲ့ တစ်ခေါက်လောက်တော့ ပြကြည့်ပါလို့ အကြံပြုလိုပါတယ်။ ဘာမှ အထွေအထူးမဖြစ်ရင် ကိစ္စမရှိပေမယ့် အဆစ်ထဲ အရိုးကျိုးတာ၊ အရွတ်ပြတ်တာတွေ ဖြစ်နေရင် မြန်မြန်ကုလေ လူနာအတွက် ပိုပြီးအကျိုးရှိလေ ဖြစ်ပါတယ်။ နောက်ကျသွားလေလေ၊ ကုသရတာ ခက်ခဲလေလေ၊ လူနာအတွက် ကုရတာချင်းတူပေမယ့် စောစောကုသတဲ့ ရလဒ်လောက် မကောင်းနိုင်တော့ပါဘူး။ ဒါကြောင့် မှန်ကန်တဲ့ ရောဂါတွေ့ရှိမှု ရရှိဖို့ အရေးကြီးတယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top