Healthy Life Ad
Health Tips

ဂတ်စ်ပါတဲ့ အချိုရည်တွေက သင်ထင်ထားတာထက် ပိုဆိုးရတဲ့ အကြောင်းရင်းများ

———၊ စူး(ဆေးဝါးတက္ကသိုလ်) ၊———

လူတွေက အရင်နှစ်ကထက် အချိုရည်တွေကို ပိုသောက်လာကြပါတယ်။ ဂတ်စ်ပါတဲ့ အချိုရည်တွေကို မကြာခဏသောက်လေ့ရှိတဲ့ မိန်းကလေးတွေက စောစောစီးစီး အပျိုဖော်ဝင်လေ့ရှိတယ်လို့ အမေရိကန် သုတေသီတွေက ဆိုပါတယ်။ ဂတ်စ်ပါတဲ့ရေ အပါအဝင် သကြားများများပါတဲ့ ဂတ်စ်ပါအချိုရည်တွေဟာ သင်ထင်ထားတာထက် ပိုပြီး ကျန်းမာရေးထိခိုက်စေနိုင်ပါတယ်။

(၁) အိုမင်းမှုကို တိုးစေခြင်း

သကြားပါတဲ့ ဂတ်စ်ပါအချိုရည်နှစ်ဘူးကို နေ့စဉ်သောက်သူတွေက ဘယ်တော့မှ မသောက်သူတွေထက် ပိုပြီး မြန်မြန်အိုစာတတ်ကြောင်း အမေရိကန် လေ့လာသူတွေက ဆိုပါတယ်။ အချိုရည်သောက်တာကြောင့် ဒီအင်န်အေပြောင်းလဲပြီး ဆဲလ်တွေ ၄ ဒသမ ၆ နှစ် ပိုအိုမင်းလာတယ်လို့ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။

(၂) သကြားစားချင်စိတ် တိုးစေခြင်း

တစ်နေ့မှာ သကြားပါတဲ့ ဂတ်စ်ပါအချိုရည် နှစ်ဘူးသောက်ရုံမျှနဲ့ လူတွေရဲ့ အချိုအရသာ လက်ခံမှုကို ပိုတိုးစေပြီး သကြားစားချင်စိတ် ပိုများစေတယ်လို့ ဘန်ဂေါမှ အရိုးအကြောဆရာဝန် ပီတာက ဆိုပါတယ်။ အချိုရည်ထဲမှာဂတ်စ်ပါလေလေ၊ သကြားစားချင်စိတ် ပိုများလေလေပဲ ဖြစ်ပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုက်ဟာ အက်စစ်အဖြစ်ပြုမူပြီး သကြားလို တခြားအရသာတွေကို တုံ့ပြန်နိုင်စွမ်းရှိပါတယ်။

(၃) ကင်ဆာနှင့် ဆက်စပ်နေခြင်း

တစ်ပတ်မှာ အချိုရည်သုံးခွက်ထက် ပိုသောက်တဲ့ အမျိုးသမီးတွေက ရင်သားကင်ဆာဖြစ်နှုန်း မြင့်မားနေပါတယ်။ ကွင်းဘက်ရှိလာဗယ်တက္ကသိုလ် လေ့လာသူတွေက အမျိုးသမီးတွေက သကြားနဲ့ ဂတ်စ်ပါ အချိုရည်များများ သောက်လေလေ၊ ရင်သားသိပ်သည်းဆ ပိုများပြီး ကင်ဆာဖြစ်နှုန်း ပိုများလေလေဖြစ်ကြောင်း ဆိုပါတယ်။ အကြောင်းကတော့ အချိုရည်တွေက အီစထရိုဂျင်ဟော်မုန်းအဆင့် ပိုများစေတာကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။

(၄) လေပွခြင်း

အချိုရည်သောက်တဲ့အခါ ကာဗွန်နစ်အက်စစ်လို့ခေါ်တဲ့ လေတွေက အစာအိမ်ထဲမှာပြည့်ပြီး အစာရေမျိုပြွန်ကို လေဆန်တက်လာပါတယ်။ လေပွတဲ့အခါ အပိုလေတွေကြောင့် ဝေဒနာ ပိုဆိုးစေပါတယ်။ ဂတ်စ်ပါတဲ့ အချိုရည်တွေက အူရောင်ရမ်းတဲ့ ရောဂါစုကို ပိုဆိုးစေနိုင်တဲ့အပြင် အစာခြေစနစ် ပြဿနာတွေနဲ့လည်း ဆက်စပ်မှုရှိနေပါတယ်။

(၅) အရိုးထိခိုက်မှုရှိခြင်း

ဂတ်စ်ပါတဲ့ အချိုရည်များများ သောက်တာကြောင့် အရိုးတွေကို ထိခိုက်စေနိုင်တယ်လို့ အမေရိကန် လေ့လာသူတွေက ဆိုပါတယ်။ နေ့စဉ် ဂတ်စ်ပါတဲ့အချိုရည်သောက်တဲ့ အမျိုးသမီးတွေက တစ်ပတ်မှာတစ်ကြိမ်ပဲ သောက်သူတွေထက် တင်ပဆုံရိုးသိပ်သည်းဆ နည်းတယ်လို့ ဘော့စတွန်တက္ကသိုလ် လေ့လာမှုအရ သိရပါတယ်။ ဂတ်စ်ပါတဲ့ အချိုရည်ဟာ အရိုးကျန်းမာရေးအပေါ် ဆိုးဝါးတဲ့ သက်ရောက်မှုရှိစေတယ်ဆိုတဲ့ တွေ့ရှိချက်က မရှင်းလင်းပေမယ့် အမျိုးသမီးတွေက အချိုရည်ကို အသင့်အတင့်ပဲ သောက်သင့်ပါတယ်။

(၆) စောစီးစွာ အပျိုဖော်ဝင်စေခြင်း

သကြားပါဝင်မှုများတဲ့ အရည်ကို တစ်နေ့တစ်ခွက်ထက် ပိုသောက်တာကြောင့် မိန်းကလေးတွေမှာ လစဉ်ရာသီ စောစောလာနိုင်တယ်လို့ အမေရိကန် သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ မြီးကောင်ပေါက်စအရွယ် မိန်းကလေး ခြောက်ထောင်ကို လေ့လာမှုအရ တစ်နေ့သကြားပါတဲ့ အချိုရည်တစ်ခွက်ခွဲကျော် သောက်သူတွေက တစ်ပတ်မှာ နှစ်ခွက်အောက် သောက်သူတွေထက် ၂ ဒသမ ၇ လစောပြီး ပထမဆုံး ရာသီလာတတ်တယ်လို့ သိရပါတယ်။ သကြားများများပါတဲ့ အရည်သောက်တာကြောင့် အင်ဆူလင်ဟော်မုန်း မြင့်တက်ပြီး အမျိုးသမီးလိင်ဟော်မုန်း အီစထရိုဂျင် ပိုမိုမြင့်တက်မှု ရှိတယ်လို့ သိရပါတယ်။

(၇) အသည်း ထိခိုက်ခြင်း

သစ်သီးဖျော်ရည် များများပါတဲ့ ဂတ်စ်ပါအချိုရည်တွေက အသည်းအဆီဖုံးရောဂါနဲ့ ဆက်စပ်မှု ရှိနေပါတယ်။ ၂၀ဝ၉ အစ္စရေးလေ့လာမှုအရ တစ်နေ့မှာ ဂတ်စ်ပါအချိုရည် နှစ်ဘူးသောက်သူတွေက အသည်းခြောက်တာနဲ့ အသည်းကင်ဆာ အကြိုအခြေအနေဖြစ်တဲ့ အသည်းထိခိုက်နိုင်ခြေ ငါးဆပိုများတယ်လို့ သိရပါတယ်။ အချိုရည်မှာ သကြားပါဝင်မှုများပြီး အသည်းက အလွယ်တကူ စုပ်ယူကာ အဆီအဖြစ် ကူးပြောင်းသွားနိုင်လို့ ဖြစ်တယ်လို့ သိရပါတယ်။

(၈) သွားများကို ထိခိုက်စေခြင်း

သကြားက သွားချေးဖတ်ရှိ ဘက်တီးရီးယားတွေနဲ့ ဓာတ်ပြုပြီး သွားချေးဖတ်ဖြစ်စေတဲ့ အန္တရာယ် ရှိတဲ့အက်ဆစ်တွေ ထွက်ရှိစေပါတယ်။ သကြားပါတဲ့ အချိုရည်တွေက ခံတွင်းကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ သကြားပါတဲ့ ဂတ်စ်ပါအချိုရည်တွေကို သောက်ပြီးပြီးချင်း သုံးမိနစ်အတွင်းမှာပဲ သွားတွေကို ထိခိုက်စေပါတယ်။ သကြားပါဝင်မှုနည်းတဲ့ အချိုရည်ကတောင် သွားတွေကို ထိခိုက်စေနိုင်ပါတယ်။ ဂတ်စ်ပါတဲ့ရေမှာ ကာဗွန်နစ်အက်စစ် ပါဝင်တဲ့အတွက် သွားတွေကို ထိခိုက်စေနိုင်ပါတယ်။

(၉) ကလေးဝမ်းဗိုက်ကို ထိခိုက်စေခြင်း

ဂတ်စ်ပါအချိုရည်တွေက အစာအိမ်ကို မသက်မသာ ဖြစ်စေပါတယ်။ အထူးသဖြင့် ကလေးငယ်တွေအတွက် ပိုထိခိုက်မှု ဖြစ်နိုင်ပါတယ်။ အစာအိမ်နဲ့ အူအမြှေးပါးတွေက အစာအိမ်ရောဂါပိုးတွေကြောင့် ယာယီထိခိုက်မှုဖြစ်ပြီး သကြားများများပါတဲ့ အချိုရည်တွေကြောင့် ပိုဆိုးစေနိုင်ပါတယ်။ အကြောင်းကတော့ ဘက်တီးရီးယားပိုးတွေက သကြားတွေကို စားသောက်ပြီး ပွားများနေတာကြောင့်ပါ။

Most Popular

Healthy Life Ad
To Top