Healthy Life Ad
Health Tips

ကျောက်ကပ်ကျန်းမာရေးကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန်

———၊ ငွေကြယ်စင်ယံ ၊———

အသက်ငယ်သူပဲဖြစ်ဖြစ်၊ ကြီးသူပဲဖြစ်ဖြစ် ကျောက်ကပ်ကျန်းမာဖို့ အလွန့်အလွန် အရေးကြီးပါတယ်။ ကျောက်ကပ်ဟာ ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ပေးနေတဲ့အတွက် ကျောက်ကပ်ကျန်းမာရေးကို ထိန်းသိမ်းသင့်တာပါ။ သင်က အခု ကျောက်ကပ်ကျန်းမာနေတယ်ဆိုရင် ကျောက်ကပ်ကျန်းမာရေးကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ နည်းလမ်းတွေရှိပါတယ်။

(၁) ကျန်းမာရေးနှင့် မညီညွတ်သော အလေ့အကျင့်များကို ရပ်တန့်ပါ

အဲဒီအလေ့အကျင့်တွေက ဆေးလိပ်သောက်တာ၊ အရက်သောက်တာနဲ့ ဆေးဝါးမှီဝဲတာတို့ ဖြစ်ကြပါတယ်။

(၂) ကျန်းမာရေးနှင့် ညီညွတ်သော အစာများစားပါ

ကျန်းမာရေးနဲ့အညီ စားသောက်တာက ကျောက်ကပ်ကို ကျန်းမာစေရုံသာမက နှလုံး၊ အဆုတ်၊ ဦးနှောက်နဲ့ တခြားအင်္ဂါ အစိတ်အပိုင်းတွေကိုလည်း ကျန်းမာစေပါတယ်။ သင့်အနေနဲ့ နေ့စဉ် သစ်သီးဝလံတွေ(လိမ္မော်သီး၊ ငှက်ပျောသီး၊ ပန်းသီး)၊ ဟင်းသီးဟင်းရွက်တွေ(မုန်လာဥနီ၊ ဆလတ်ရွက်၊ ပန်းဂေါ်ဖီစိမ်း၊ ပဲသီး)၊ ငါး(တူနာ)၊ အသား(အများကြီးမစားသင့်ဘဲ လက်သီးအရွယ်အစားပဲ စားသင့်)တို့ကို စားပေးသင့်ပါတယ်။

(၃)ခန္ဓာကိုယ်အလေးချိန်ကို ထိန်းထားပါ

သင့်ခန္ဓာကိုယ်အလေးချိန်နဲ့ အရပ်အချိုးရလဒ် BMI ကို စစ်ဆေးပါ။ သင်က ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ကိုယ်အလေးချိန်က ပိုများနေရင် ကိုယ်အလေးချိန်ကို လျှော့ချသင့်ပါတယ်။

(၄) သကြားမှီဝဲမှုကို စောင့်ကြည့်ပါ

သကြားများများစားတာနဲ့ သကြားပါဝင်တဲ့ အစားအသောက်တွေကို စားသောက်တာကြောင့် ကျန်းမာရေး ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် သကြားပါတဲ့ အစာတွေကို စားမယ်ဆိုရင် အသင့်အတင့်ပဲ စားသင့်ပါတယ်။

(၅) လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်းလုပ်တာကြောင့် သွေးလှည့်ပတ်စီးဆင်းမှုကို ကောင်းမွန်စေပြီး ကျောက်ကပ်ကျန်းမာစေပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းအစီအစဉ် ရေးဆွဲပြီး လိုက်နာလုပ်ဆောင်သင့်ပါတယ်။

သတိပြုရန်

ဆေးဝါးတစ်မျိုးကို မသောက်ခင်၊ ဒါမှမဟုတ် သောက်လက်စဆေးဝါးကို မရပ်ခင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

Most Popular

Healthy Life Ad
To Top