Healthy Life Ad
Q & A

အသည်းအဆီဖုံးခြင်းနှင့် အသည်းခြောက်ရောဂါရှိသူတို့ ဘာစားသင့်သလဲ

—–၊ ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး) ၊—–

Q. အသည်းအဆီဖုံးခြင်းနဲ့ အသည်းခြောက်ရောဂါ တွဲဖြစ်နေသူတွေအနေနဲ့ ဘယ်လိုအာဟာရတွေကို စားသောက်သင့်ပါသလဲခင်ဗျ။

A. အသည်းအဆီဖုံးတာ(Fatty Liver)နဲ့ အသည်းခြောက်တာ တွဲဖြစ်တာမျိုးလည်း ရှိပါတယ်။ အသည်းအဆီဖုံးရောဂါ အဖြစ်များတဲ့သူတွေကတော့ အရက်သောက်တဲ့သူတွေရယ်၊ အဝလွန်တဲ့ လူတွေရယ်ပါ။ အခုနောက်ပိုင်း တွေ့ရှိချက်တွေအရတော့ အရမ်းကြီးကို အစာရေစာ အငတ်ခံတဲ့သူတွေမှာလည်း ဖြစ်တတ်တယ်လို့ ဆရာမတို့ သိရပါတယ်။ ဥပုပ်စောင့်တဲ့သူတွေလည်း ဖြစ်လေ့ရှိပါတယ်။ အဓိက,ကတော့ အဆီထုတ်လုပ်တဲ့လုပ်ငန်းစဉ် ပြောင်းလဲဖြစ်ပေါ်လို့ ဆိုပြီးတော့ ကောက်ချက်ချနိုင်ပါတယ်။ အရင်တုန်းက ဆရာမတို့ သိထားတာက ခန္ဓာကိုယ်မှာ ကိုလက်စထရောဓာတ်များရင် အသည်းမှာသွားစုပြီး အသည်းက အဆီဓာတ်များရာက Fatty Liver ဖြစ်သွားတယ်ပေါ့။ အခုနောက်ပိုင်းမှသာ Starvation လို့ခေါ်တဲ့ အစာအငတ်ခံရာက အသည်းအဆီဖုံးတာ ဖြစ်နိုင်တယ်လို့ တွေ့ရှိချက်တွေ ရှိလာတာဖြစ်ပါတယ်။ ဒီတော့ ဘုန်းတော်ကြီးတွေမှာ အသည်းအဆီဖုံးတာတွေ တွေ့လာပါတယ်။ အဆီအအိမ့်ကြောင့်လည်း ဖြစ်နိုင်သလို ဥပုပ်စောင့်တာကြောင့်လည်း ဖြစ်နိုင်တယ်လို့ ကောက်ချက်ချလို့ ရပါတယ်။

အဲလို အသည်းအဆီဖုံးတာနဲ့ အသည်းခြောက်တာတွဲပြီး ခံစားနေရတဲ့ လူနာတွေအနေနဲ့ ဘာတွေစားသောက်သင့်လဲဆိုတော့ Well Balanced Diet လို့ခေါ်တဲ့ သင့်တင့်မျှတတဲ့ အစာတွေစားပေးရင် လုံလောက်ပါတယ်။ အဖြူရောင်အသား၊ ဟင်းသီးဟင်းရွက်၊ သစ်သီး စတာတွေကို စားချင်စဖွယ် ချက်ပြုတ်ပေးပါ။ အဆီဓာတ်တွေ၊ ကယ်လိုရီဓာတ်တွေ ထည့်ဖြည့်စရာ မလိုတော့ပါဘူး။ ရှောင်သင့်တဲ့အချက်တွေလည်း ရှိပါတယ်။

ဆေးတွေကို မလိုအပ်ဘဲ သောက်တာမျိုးလည်း မလုပ်ပါနဲ့။ အပြုသဘောနဲ့ ပြောရမယ်ဆိုရင် တိုင်းရင်းဆေးဝါးတွေကို အလွန်အကျွံသောက်တာမျိုး မလုပ်သင့်ပါဘူး။ သာမန်လူတွေ တစ်ခါတလေ သောက်တာလောက်က ကိစ္စမရှိပေမယ့် အသည်းခြောက်တဲ့ လူနာတွေကတော့ သိကျွမ်းနားလည်ပြီး တာဝန်ယူနိုင်တဲ့ ပုဂ္ဂိုလ်မျိုးကို မေးမြန်းပြီးမှ လိုအပ်တာတွေ ပြုလုပ်သင့်ပါတယ်။

အသည်းခြောက်တာဖြစ်ရတဲ့ အဓိကအကြောင်းရင်းကတော့ အရက်ဖြစ်တာကြောင့် အရက်ဖြတ်ကို ဖြတ်ရမှာပါ။ ဆားစားတာလည်း လျှော့ရပါမယ်။ အသည်းခြောက်တဲ့ လူနာတွေကို အဓိက အာဟာရဓာတ်ပြည့်နေဖို့က ဂရုစိုက်ရမှာ ဖြစ်ပါတယ်။ အလိုလိုနေရင်း မူးမောပြီး ပျို့အန်ချင်နေတာကြောင့် အစာတွေကတော့ မဝင်သလောက် ဖြစ်နေတတ်ပါတယ်။ ကစီဓာတ်ကို ၅၀-၆၀ ရာခိုင်နှုန်း၊ ၃၀ ရာခိုင်နှုန်း အသားဓာတ်၊ ၁၀-၂၀ ရာခိုင်နှုန်း အဆီဓာတ်ဖြည့်ပေးရမှာ ဖြစ်တာကြောင့် တစ်နေ့ကို လေးကြိမ်ကနေ ခြောက်ကြိမ်ထိစားဖို့ တိုက်တွန်းပေးရမှာပါ။ ဖြစ်နိုင်ရင် နှစ်နာရီခြားတစ်ခါ အစာတစ်ခုလောက် ဝင်နိုင်ရင် ကောင်းပါတယ်။

ညအိပ်ရာဝင်ခါနီးထိ အစာစားချင်တယ်ဆိုရင် ကျွေးနိုင်ပါတယ်။ အဲလို ညအိပ်ခါနီးမှာ စားတယ်ဆိုရင် မနက်အိပ်ရာထတဲ့အခါ အန်ချင်စိတ်လျော့နည်းစေပါတယ်။ မုန့်တစ်ချပ်လောက်ဖြစ်ဖြစ်၊ ဖျော်ရည်တစ်ခွက်လောက်ဖြစ်ဖြစ်၊ နွားနို့တစ်ခွက်လောက်၊ စွတ်ပြုတ်တစ်ပန်းကန်လောက် သောက်နိုင်တယ်ဆိုရင် အဆင်ပြေပါတယ်။ မနက်မိုးလင်းအိပ်ရာထလို့ အန်ချင်တယ်ဆိုရင် အသီးဖျော်ရည်တစ်ခွက်လောက် သောက်ပေးပါ။ အရွက်တွေကို မရောနိစ့်နဲ့ သုပ်စားတာမျိုး၊ မုန့်နဲ့တို့စားတာတို့လည်း လုပ်နိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top