Healthy Life Ad
Health Tips

လေအေးပေးစက်နှင့် သင့်ကျန်းမာရေး

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

အခုခေတ်မှာ လေအေးပေးစက် အပြည့်တပ်ဆင်ထားတဲ့ ရုံးခန်း၊ အလုပ်ခန်းတွေမှာ အလုပ်လုပ်ရတာက စံသတ်မှတ်ချက်တစ်ခုလို ဖြစ်လာနေပါတယ်။ တကယ်တော့ လေအေးပေးစက်က ပူအိုက်စွတ်စိုတဲ့ ရာသီဥတုမှာ လူတွေကို နေရတာသက်သောင့်သက်သာရှိစေပြီး လေအေးလေသန့်ရရှိစေလို့ အမောပြေစေပါတယ်။ အဆောက်အအုံတွေက အလွန်တင်းတင်းကျပ်ကျပ် တည်ဆောက်ထားတာကြောင့် အခန်းတွင်းမှာ လူလုပ်အသုံးအဆောင်ပစ္စည်းတွေ အသုံးများကာ ဓာတုပစ္စည်းပါဝင်တဲ့ အိမ်သန့်ရှင်းရေးသုံးပစ္စည်းနဲ့ ပိုးသတ်ဆေးတွေကြောင့် ညစ်ညမ်းတဲ့လေထုနဲ့ ထိတွေ့မှုပိုများလာပါတယ်။ ဒီနေရာမှာ လေဝင်လေထွက်ကောင်းပြီး လေတွေက သန့် ရှင်းနေရင် အဆင်ပြေပေမယ့် လေအလုံအလောက်မထွက်ရှိတဲ့ လေအေးပေးစက်နဲ့ဆိုရင် ကျန်းမာရေးထိခိုက်နိုင်ပါတယ်။

လေအေးပေးစက် ဖွင့်ထားပေမယ့် လေအလုံအလောက်မရှိဘဲ ကျဉ်းမြောင်းလွန်းတဲ့ အဆောက်အအုံထဲမှာ ပိတ်လှောင်ပြီး နေထိုင်ရတယ်ဆိုရင် နာမကျန်းမှုရောဂါစု (Sick Building Syndrome) အဖြစ်များပါတယ်။ လက္ခဏာတွေကတော့ ခေါင်းကိုက်တာ၊ မူးဝေတာ၊ နှာခေါင်းပိတ်တာ၊ မျက်စိယားတာ၊ မျက်ရည်ကျတာ၊ လည်ချောင်းယားတာ၊ ပျို့ချင်အန်ချင်ဖြစ်တာ၊ နုံးတာနဲ့ အာရုံစူးစိုက်နိုင်စွမ်းမကောင်းတာ စတာတွေ ဖြစ်ပေါ်တတ်ပါတယ်။ အခန်းတွင်း လေရရှိမှုလျော့နည်းတာကြောင့် အသက်ရှူလမ်းကြောင်း ပိုးဝင်တာနဲ့ ဓာတ်မတည့်မှုတွေကို ပိုဆိုးစေနိုင်ပါတယ်။ လေအေးပေးစနစ် ကောင်းမွန်မှုမရှိတဲ့ အဆောက်အအုံအများစုအတွင်းမှာ တူညီတဲ့လေတွေက တစ်နေရာတည်း လှည့်လည်နေတာကြောင့် ညစ်ညမ်းတဲ့လေတွေ ရှိနေတတ်ပါတယ်။ ဒီလိုလေထုညစ်ညမ်းမှုကြောင့် အခန်းတွင်း အလုပ်လုပ်နေသူတွေရဲ့ အရည်အသွေးကို လျော့ကျစေနိုင်ပါတယ်။

သတိပြုရန်

• လေအေးပေးစက်ဖွင့်တဲ့အခါ အလုပ်လုပ်နိုင်စွမ်းကို ထိခိုက်မှုမရှိအောင် သတိထားပါ။

• အလုပ်ကိုရောက်ပြီး မကြာခင်အတောအတွင်း နှာချေတာ၊ ချောင်းဆိုးတာတို့ စတင်ဖြစ်ပေါ်ရင် လေအေးပေးစက်ကို ချိန်ညှိပါ။

• လူအနည်းငယ်က လေအေးပေးစက်နဲ့ ဓာတ်မတည့်တာမျိုး ဖြစ်တတ်ပါတယ်။ လေအေးပေးစက်က ထွက်လာတဲ့ လေကြောင့် နှာခေါင်းပိတ်တာ၊ ခြေဖျားလက်ဖျားအေးတာ ဒါမှမဟုတ် ပူတာတွေ ခံစားရတတ်ပါတယ်။

• လေအေးပေးစက်ကြောင့် ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေ ကြုံတွေ့နေရရင် အခန်းအကျယ်နဲ့ လေအေးပေးစက်ရဲ့ လုပ်ဆောင်နိုင်စွမ်း ကိုက်ညီမှုရှိသလားဆိုတာ ဆန်းစစ်လေ့လာသင့်ပါတယ်။

• အဖျားကြီးပြီး အပူရှပ်၊ ဂယောင်ခြောက်ခြား၊ သတိလစ်ချင်တဲ့သူတွေမှာ အပူဓာတ်ထိန်းညှိပေးလို့ အပူရှိန်များလွန်းပြီး ဦးနောက်ထိခိုက်တဲ့ အခြေအနေမဖြစ်အောင် တားနိုင်လို့ အကျိုးရှိပါတယ်။ ဒါပေမဲ့ အဲယားကွန်းက လူနာအတွက် အဖျားတက်ခါစ ချမ်းနေရင် အနေရခက်စေပါတယ်။ ဒါပေမဲ့ အဖျားတက်လာလို့ အဖျားကြီးလာရင်တော့ အဲယားကွန်းရှိတာက နေသာပြီး အဖျားကျစေပါတယ်။ ချမ်းတဲ့ခံစားချက်ရှိနေရင် အဲယားကွန်းကို အနည်းဆုံး လေဝင်တာရှိအောင် လျှော့နိုင်ပါတယ်။ စောင်ထူထူခြုံထားပေးပါ။ ပူတဲ့အဆင့်ကို ရောက်သွားရင်တော့ အအေးဓာတ် အနေတော်ပေးထားတာ ပိုကောင်းပါတယ်။ စောင်သိပ်မထူတာ ခြုံထားရပါမယ်။ အအေးလွန်တာနဲ့ အပူလွန်ကဲတာ နှစ်ခုစလုံးရှောင်ရပါမယ်။

Most Popular

Healthy Life Ad
To Top