Healthy Life Ad
Health Tips

သက်ရှည်ကျန်းမာဖို့ရာ စားသင့်တဲ့ အာဟာရဓာတ်တွေရဲ့ ထူးထူးခြားခြားဂုဏ်သတ္တိ

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

နေ့စဉ်စားသောက်နေတဲ့ အစားအသောက်တွေက သက်ရှည်ကျန်းမာရေးအတွက် တကယ်ပဲ အထောက်အကူပြုရဲ့လား၊ သင့်မှာ ဘယ်လိုကျန်းမာရေးပြဿနာတွေ ခံစားနေရလို့ ဘယ်လိုအာဟာရဓာတ်တွေကို ပိုမိုဖြည့်တင်းပေးဖို့ လိုအပ်နေသလဲ စတဲ့ အကြောင်းတွေကို သိစေဖို့ အာဟာရဓာတ်တွေရဲ့ ထူးခြားဂုဏ်သတ္တိတွေကို လေ့လာကြည့်ရအောင်။

အသက်ရှည်စေရန်အတွက် အင်တီအောက်ဆီးဒင့်

အင်တီအောက်ဆီးဒင့် များစွာပါဝင်တဲ့ အစားအသောက်တွေကို စားတာက မကောင်းတဲ့ ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်ပေးနိုင်ပါတယ်။ ဖရီးရယ်ဒီကယ်တွေက အိုမင်းတဲ့ဖြစ်စဉ်ကို မြန်စေပါတယ်။ ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်ပေးမယ့် အင်တီအောက်ဆီးဒင့်တွေကို ခရမ်းချဉ်သီး၊ စတော်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီး အစရှိတဲ့ သစ်သီးတွေနဲ့ အရောင်စုံဟင်းသီးဟင်းရွက်တွေထဲမှာ တွေ့ရနိုင်ပါတယ်။ မျှတတဲ့ အာဟာရဓာတ်ကို ရရှိဖို့နဲ့ ကင်ဆာနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ကျစေဖို့အတွက် တစ်နေ့မှာ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် ငါးကြိမ်မှ ကိုးကြိမ်အထိ စားပေးပါ။


ရောင်ရမ်းမှုလျော့ကျစေရန်အတွက် သံလွင်ဆီ

သံလွင်ဆီက မှတ်ဉာဏ်ကို ကောင်းမွန်စေတဲ့ မပြည့်ဝဆီဖြစ်ပါတယ်။ သံလွင်ဆီစစ်စစ်မှာ ပါဝင်တဲ့ Oleocanthol ဒြပ်ပေါင်းဟာ သဘာဝရောင်ရမ်းမှု ကျစေတဲ့ အာနိသင်ရှိပြီး အိုင်ဗျူပရိုဖင်နဲ့ တခြား NSAIDs တွေလို အစွမ်းရှိပါတယ်။ အမျိုးသားတွေကို လေ့လာမှုတစ်ရပ်အရ သံလွင်ဆီစစ်စစ်ဟာ ကောင်းတဲ့ကိုလက်စထရော (HDL)ကို တိုးစေပြီး သွေးကြောနံရံရှိ အဆီတွေကို ကင်းစေတာကြောင့် နှလုံးသွေးကြောကျဉ်းတဲ့ အခြေအနေကို မဖြစ်စေနိုင်ပါဘူး။


ကင်ဆာကာကွယ်ရန်အတွက် ဘယ်ရီသီးများ

စတော်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီး စတဲ့ဘယ်ရီသီးတွေက ပိုလီဖီနောဆိုတဲ့ အင်တီအောက်ဆီးဒင့် ပေါများတာကြောင့် ကင်ဆာကို တွန်းလှန်ပေးနိုင်ပါတယ်။


ဦးနှောက်ကျန်းမာရေး ကောင်းစေရန်အတွက် ငါး

သင်စားတဲ့ ဟင်းရွက်သုပ်ထဲမှာ ကြက်သားထည့်မယ့်အစား အဆီပါတဲ့ငါး(တူနာ၊ ဆယ်လ်မွန်)ကို ထည့်ပါ။ ငါးကို ဦးနှောက်အတွက် အာဟာရလို့ ခေါ်ဆိုကြတာက ဖက်တီးအက်စစ် DHA နဲ့ EPA တို့ ပါဝင်တာကြောင့်ပါ။ ငါးကို တစ်ပတ်မှာ တစ်ကြိမ်-နှစ်ကြိမ်ခန့်စားပေးတာက ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း လျော့ကျတဲ့ အတိတ်မေ့ရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ အဆီများတဲ့ ငါးမှာပါတဲ့ အိုမီဂါ ၃ ဖက်တီးအက်စစ်ဟာ သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောနဲ့ ထရိုင်ဂလစ်စရိုက်အဆီတို့ကို လျော့ကျစေကာ ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။


ဝမ်းမှန်မှန်သွားစေရန်အတွက် အမျှင်ဓာတ်

ထမင်းစားတိုင်း အမျှင်ဓာတ်ပါတဲ့ ပဲတွေကို တစ်ပတ်မှာ သုံးကြိမ်-လေးကြိမ်လောက် ထည့်စားပေးပါ။ ပဲအမျိုးမျိုးထဲမှာပါတဲ့ အမျှင်ဓာတ်ဟာ သွေးဖိအားကို လျော့ကျစေပြီး သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေပါတယ်။ အစာကြေညက်စေပြီး ဝမ်းမချုပ်အောင် ကာကွယ်ပေးပါတယ်။ ပဲပါတဲ့အစာကို စားထားတာကြောင့် အချိန်ကြာကြာ ဗိုက်ပြည့်နေစေပြီး ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်ပါတယ်။ ပဲကို ဟင်းရွက်သုပ်တွေထဲ ထည့်စားတာ၊ စွပ်ပြုတ်ပြုတ်တဲ့အခါ အသားအစား ပဲထည့်စားတာတွေကို ပြုလုပ်ပေးပါ။ ပဲအမျိုးမျိုးမှာ Complex ကာဗိုဟိုက်ဒရိတ်လည်း ပါဝင်တာကြောင့် သွေးတွင်းဂလူးကို့စ်အဆင့်ကို ထိန်းချုပ်ထားနိုင်တဲ့အတွက် ဆီးချိုသွေးချိုရောဂါ ရှိသူတွေအတွက် သင့်တော်ပါတယ်။

နာတာရှည်ရောဂါများ ကင်းစေရန်အတွက် အသီးအနှံများ

အသီးအနှံတွေထဲမှာ အမျှင်ဓာတ်၊ ဖိုင်တိုနျူထရီးယန့်နဲ့ ဗီတာမင်၊ သတ္တုဓာတ်တွေ အစုံပါဝင်တာကြောင့် နာတာရှည်ရောဂါတွေကို ကင်းဝေးစေပါတယ်။ အစိမ်းရောင်ဟင်းရွက်တွေထဲမှာ ပါဝင်တဲ့ ဗီတာမင်ကေဟာ အရိုးတွေကို သန်မာစေပါတယ်။ ရွှေဖရုံသီးနဲ့ မုန်လာဥနီမှာ ပါဝင်တဲ့ ဗီတာမင်အေဟာ မျက်စိနဲ့ အရေပြားကို ကျန်းမာစေပြီး ကူးစက်ပိုးဝင်တဲ့ အခြေအနေတွေကို ကာကွယ်ပေးနိုင်ပါတယ်။ လေ့လာမှုတစ်ရပ်အရ ခရမ်းချဉ်သီးပါတဲ့ ဟင်းလျာတွေကို တစ်ပတ်မှာ ၁၀ ကြိမ်ခန့်စားတဲ့ အမျိုးသားတွေဟာ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေကို ၃၅ ရာခိုင်နှုန်း လျော့ကျစေတယ်လို့ သိရပါတယ်။
alignnone size-medium wp-image-57168
နှလုံးကျန်းမာရေးအတွက် ဟင်းခတ်အမွှေးအကြိုင်

ဟင်းလျာတွေ ပြင်ဆင်ချက်ပြုတ်ရာမှာ ဆားထည့်မယ့်အစား ဟင်းခတ်အမွှေးအကြိုင်တွေကို ထည့်ပေးတာက နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

လေဖြတ်ခြင်း ကင်းစေရန်အတွက် အခွံမာသီး

အခွံမာသီးမှာ ကိုလက်စထရောကင်းတဲ့ အပင်ထွက်ပရိုတင်းနဲ့ တခြားအာဟာရဓာတ်တွေအပြင် ဗာဒံစေ့လို အခွံမာစေ့မှာ ဗီတာမင်အီးလည်း ပါတာကြောင့် လေဖြတ်နိုင်ခြေကို လျော့ကျစေပါတယ်။ မြေပဲမှာ အင်တီအောက်ဆီးဒင့် ပါဝင်ပါတယ်။ သီဟိုဠ်စေ့မှာ မပြည့်ဝဆီပါဝင်တာကြောင့် မကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေကာ ကောင်းတဲ့ကိုလက်စထရောကို မြင့်တက်စေပါတယ်။ အခွံမာသီးတိုင်းကတော့ အဆီမကင်းနိုင်ပါဘူး။ ဒါကြောင့် အခွံမာသီးတွေကို အသင့်အတင့်ပဲ စားသင့်တာ ဖြစ်ပါတယ်။
alignnone size-medium wp-image-57169
အရိုးပွရောဂါ မဖြစ်စေရန်အတွက် ဗီတာမင် ဒီ

ဗီတာမင်ဒီပါတဲ့ နို့နဲ့နို့ထွက်ပစ္စည်းတွေက ကယ်လ်စီယမ်စုပ်ယူမှုကိုလည်း အားပေးပါတယ်။ ဒါကြောင့် အရိုးပါးတာနဲ့ အရိုးပွရောဂါတွေရဲ့ ဖြစ်နှုန်းကို လျော့ကျစေတာ ဖြစ်ပါတယ်။ ဗီတာမင်ဒီဟာ အူမကြီး၊ ရင်သား၊ ဆီးကျိတ် စတဲ့နေရာတွေမှာ ကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top