Healthy Life Ad
Q & A

ကျောက်ကပ်ကျန်းမာရေး သိလိုရာမေး(၃)

—–၊ ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါ အထူးကုဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း ၊—–

ဆေးဝါးအသောက်များခြင်းနှင့် ကျောက်ကပ်ပျက်ခြင်း

Q. ဆေးတွေအသောက်များရင် ကျောက်ကပ်ပျက်တယ်ဆိုတာ ဟုတ်ပါသလားရှင့်။
Cherry Moe(FB)

A. ကျောက်ကပ်ရဲ့ အဓိကတာဝန်က ရေနဲ့ခန္ဓာကိုယ်က မလိုအပ်တဲ့ စွန့်ပစ်ပစ္စည်းတွေကို စွန့်ထုတ်တာကို ဆိုလိုပါတယ်။ ကျောက်ကပ်ထိခိုက်စေမယ့် ဆေးဝါးနဲ့ ဓာတုပစ္စည်းတွေကို ရှောင်ကြဉ်ရပါမယ်။ ဆေးမြီးတိုတွေနဲ့ ဆေးဝါးတွေကို မလိုလားအပ်ဘဲ သောက်သုံးတာက ကျောက်ကပ်ကျန်းမာရေးအတွက် မသင့်တော်ပါဘူး။ ဆေးဝါးတွေကို ကျောက်ကပ်နဲ့ အသည်းကနေ စွန့်ထုတ်ပေးရတဲ့အတွက် ဘယ်ဆေးအမျိုးအစားက ကျောက်ကပ်ကစွန့်ထုတ်တယ်၊ ဘယ်ဆေးအမျိုးအစားက အသည်းကစွန့်ထုတ်တယ်၊ ဘယ်ပမာဏပေးရင် ထိခိုက်မှုမရှိဘူး စသဖြင့် ဆရာဝန်တွေက သေချာလေ့လာသင်ကြားပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် အင်္ဂလိပ်ဆေးတွေ ပေးတဲ့အခါ ဆရာဝန်တွေက လူနာတစ်ဦးချင်းစီအလိုက် သင့်တော်တဲ့ ဆေးအမျိုးအစားနဲ့ သင့်တော်တဲ့ ဆေးပမာဏတွေကို ရွေးချယ်ပေးရပါတယ်။ တခြားဆေးတွေဖြစ်တဲ့ ဆေးမြီးတိုတွေနဲ့ တခြားဆေးတွေကတော့ ဘယ်ပမာဏပေးရမလဲ၊ ဘယ်လိုစွန့်ထုတ်သလဲ စသဖြင့် စနစ်တကျ ဖော်ပြထားမှု အားနည်းတာကြောင့် အဲဒီဆေးတွေကို ဖြစ်နိုင်ရင် မသောက်စေချင်ပါဘူး။ ဆေးပမာဏ၊ ဆေးအညွှန်း၊ ဆေးရဲ့လုပ်ဆောင်မှု စသဖြင့် တိတိကျကျ သုတေသနလုပ်ပြီး ဖော်ပြထားတဲ့ ဆေးမျိုးကိုပဲ ရွေးချယ်သောက်စေချင်ပါတယ်။

“လူငယ်လူလတ်ပိုင်းမှာ ဖြစ်တယ်ဆိုရင်တော့ ကျဉ်ချောင်းထဲကို အကြောင်းအမျိုးမျိုးကြောင့် ဆီးပိုက်ထည့်ဖူးတဲ့သူတွေ၊ အကြောင်းအမျိုးမျိုးကြောင့် လိင်ဆက်ဆံရာကတစ်ဆင့် ကူးစက်ရောဂါ (STD) တစ်မျိုးဖြစ်တဲ့ ဂနိုရောဂါတို့လို ရောဂါမျိုးဖြစ်ဖူးတဲ့သူတွေက ကျဉ်ချောင်းကျဉ်းသွားတတ်ပါတယ်” . . .

ကျောက်ကပ်ကျောက်ကို သောက်ဆေးနဲ့ ချေနိုင်သလား

Q. ကျောက်ကပ်ကျောက် 9mm ပါ။ မချေဘဲ သောက်ဆေးနဲ့ ထွက်နိုင်မလား။
KO Kyaw Swe(FB)

Q. ကျောက်ကပ်မှာ ကျောက်တည်နေပါတယ်။ ငယ်သေးတယ်ပြောပါတယ်။ ဘယ်လိုနေထိုင်ပြီး ဘယ်လိုဆေးမျိုးကို သောက်ရမှာလဲခင်ဗျ။
Ko Htun Tun(FB)

A. စာအတိုင်းပြောရမယ်ဆိုရင် ၉ မီလီမီတာထက်ကျော်တဲ့ ကျောက်ကပ်ကျောက်တွေဆိုရင် ခွဲစိတ်ရတတ်တယ်လို့ ပြောပါတယ်။ ၉ မီလီမီတာအောက်ဆိုရင် ဆေးနဲ့သောက်ရင် ပျောက်ကင်းသွားနိုင်တယ်လို့ ရေးထားပါတယ်။ အခု ၉ မီလီမီတာဆိုတော့ ကြားထဲရောက်နေတဲ့အတွက် ဆီးလမ်းကြောင်းမှာ တစ်ဆို့ခြင်းမရှိရင် ကျောက်မှုန်တွေ ပျော်ဝင်သွားနိုင်တဲ့ဆေးမျိုးကို ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်သုံးပေးရပါမယ်၊ ရေကလည်း တစ်နေ့မှာ ၃ လီတာကျော်ကျော် သောက်ပေးရပါမယ်။ ဒါဆိုရင်တော့ ကျောက်က ပျော်ဝင်ပျောက်ကွယ်သွားနိုင်ပါတယ်။ ဒါပေမဲ့ ပြန်စစ်ကြည့်ဖို့တော့ လိုအပ်ပါတယ်။

ဆီးနည်းနည်းနှင့် အကြာကြီးသွားခြင်း

Q. ဆီးသွားတဲ့အခါ နည်းနည်းနဲ့ အကြာကြီးသွားတယ်။ ဆေးနည်းပြောပြပေးပါ။
Htet Aung(FB)

A. ဆီးသွားတဲ့အခါ နည်းနည်းနဲ့ ကြာကြာသွားတာက အများအားဖြင့် အမျိုးသားတွေ ဖြစ်လေ့ရှိပါတယ်။ အမျိုးသားတွေမှာ အသက်ကြီးတဲ့သူတွေဆိုရင် ဆီးကျိတ်ကြီးလာတဲ့အတွက် ဆီးလမ်းကြောင်းကို ဖိမိပြီး ဆီးလမ်းကြောင်းကျဉ်းရာက ဆီးသွားတဲ့အခါ နည်းနည်းနဲ့ အကြာကြီး ဖြစ်တတ်တာပါ။ လူငယ်လူလတ်ပိုင်းမှာ ဖြစ်တယ်ဆိုရင်တော့ ကျဉ်ချောင်းထဲကို အကြောင်းအမျိုးမျိုးကြောင့် ဆီးပိုက်ထည့်ဖူးတဲ့သူတွေ၊ အကြောင်းအမျိုးမျိုးကြောင့် လိင်ဆက်ဆံရာကတစ်ဆင့် ကူးစက်ရောဂါ (STD) တစ်မျိုးဖြစ်တဲ့ ဂနိုရောဂါတို့လို ရောဂါမျိုးဖြစ်ဖူးတဲ့သူတွေက ကျဉ်ချောင်းကျဉ်းသွားတတ်ပါတယ်။ အဲဒီလို ကျဉ်းသွားရင် ဆီးနည်းနည်းနဲ့ ကြာကြာသွားတတ်ပါတယ်။ ဒါ့အပြင် ဆီးကျောက်က ဆီးလမ်းကြောင်းမှာ သွားပိတ်နေရင်လည်း ရုတ်တရက် ဆီးလုံးကြီးရာကနေ ဆီးလုံးသေးသွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဆီးသွားနည်းပြီး ကြာကြာသွားတာက ဖြည်းဖြည်းချင်း ဖြစ်လာတယ်ဆိုရင် ဆီးကျိတ်ကြီးတာ၊ ဆီးပိုက်ထည့်ဖူးတာနဲ့ ဂနိုရောဂါဖြစ်ဖူးတာတို့ကို ထည့်စဉ်းစားရပါတယ်။ ဆီးသွားများရာကနေ ရုတ်တရက် ဆီးသွားနည်းသွားတယ်ဆိုရင်တော့ ဆီးကျောက်တစ်သလားလို့ စဉ်းစားရပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် ဆီးသွားနည်းပြီး ကြာကြာသွားနေတယ်ဆိုရင် သက်ဆိုင်ရာဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ကုလို့ရတဲ့ ရောဂါတွေချည်းဖြစ်လို့ ကိုယ်ခံစားနေရတဲ့ ဝေဒနာသက်သာအောင် ပြလိုက်ပါလို့ အကြံပြုချင်ပါတယ်။

Most Popular

Healthy Life Ad
To Top