Healthy Life Ad
Health Tips

အဆုတ်ကင်ဆာဖြင့် သေဆုံးသွားသူက အခြားသူများကို ဆေးလိပ်အမြန်ဖြတ်ကြရန် သေတမ်းစာတွင် ရေးသားခဲ့

——-၊ ကိုထက် ၊——-

နယူးရော့ခ်မှာနေထိုင်တဲ့ ဂျော့ဖယ်ရီဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁၃ ရက်နေ့က အဆုတ်ကင်ဆာနဲ့ သေဆုံးသွားခဲ့ပါတယ်။ သေဆုံးချိန်မှာ အသက် ၆၆ နှစ်ရှိပြီဖြစ်တဲ့ ဂျော့ဟာ အဆုတ်ကင်ဆာ အဆင့် ၄ ဖြစ်နေကြောင်းကို ပြီးခဲ့တဲ့ နိုဝင်ဘာလက စတင်သိရှိခဲ့တာပါ။ ဂျော့ဟာ ဆေးလိပ်အလွန်သောက်သုံးသူဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှာ ဆေးလိပ်သောက်တာကြောင့် အချိန်မတိုင်ခင် အသက်သေဆုံးနှုန်းဟာ အများဆုံးထဲမှာ ပါကြောင်းကို ကမ္ဘာ့ရောဂါ ထိန်းချုပ်ကုသရေးနဲ့ ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

ကလေးငါးဦးဖခင်၊ ဆေးလိပ်စွဲနေသူ ဂျော့ဟာ ဆေးလိပ်သောက်လာတာ နှစ်ပေါင်းများစွာရှိပြီဖြစ်ပြီး သေဆုံးတော့မယ်ဆိုတာ သိလိုက်ရချိန်မှာတော့ အလွန်နောက်တရခဲ့ကာ တခြားဆေးလိပ်သောက်သူတွေကို နောက်မကျသေးခင်မှာ ဆေးလိပ်အမြန်ဖြတ်ကြဖို့ တောင်းပန်တိုက်တွန်းကြောင်း သူရဲ့သေတမ်းစာမှာ ထည့်သွင်းရေးသားခဲ့တယ်လို့ ဆိုပါတယ်။ ဂျော့ကိုယ်တိုင် ရေးသားခဲ့တဲ့ သေတမ်းစာကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့က သတင်းမီဒီယာတချို့မှာ ဖော်ပြပေးခဲ့တယ်လို့လဲ သိရပါတယ်။

“ကျွန်တော်က တော်တော်လေးကို မိုက်မဲခဲ့ပါတယ်၊ ကျွန်တော်တို့အားလုံး ဆေးလိပ်ကမကောင်းဘူးဆိုတာ သိသိနဲ့ကို ဘာမှမဖြစ်ပါဘူးလေဆိုပြီး မျက်ကွယ်ပြုပြီး လုပ်ချင်တာကိုပဲ လုပ်နေခဲ့ကြတယ်”လို့ ဂျော့က သေတမ်းစာထဲမှာ ရေးသားခဲ့ပါတယ်။ “ဆေးလိပ်က ကိုယ့်ကိုယ်ကိုယ်ပဲ ဒုက္ခပေးတာမဟုတ်ပါဘူး၊ ကိုယ်ချစ်တဲ့သူတွေကိုပါ ဒုက္ခပေးပါတယ်။ ငွေကုန်တယ်၊ ရောဂါတွေဖြစ်တယ်၊ ဝေဒနာတွေခံစားရတယ်၊ အခုတော့ ခန္ဓာကိုယ်ပါ ပျက်စီးရပါပြီ၊ အရမ်းချစ်ရတဲ့ မိသားစုနဲ့လည်း ကျွန်တော့်ခွဲရပါပြီ၊ ဒီအကျင့်ကြီးရှိနေရင် မြန်မြန်သာဖြတ်ကြပါ”လို့ ရေးသားခဲ့ပါတယ်။

“လေးနှစ်အရွယ်လောက်ထဲက ဆေးလိပ်ကို ခိုးပြီးစမ်းသောက်ခဲ့ဖူးတယ်လို့ အဖေပြောပြခဲ့ဖူးတယ်၊ နှလုံးဖောက်တုန်းက ဆေးလိပ်ဖြတ်ဖို့ ကြိုးစားခိုင်းခဲ့ပါသေးတယ်၊ နေပြန်ကောင်းတော့ ပြန်သောက်တာပဲ မရဘူး”လို့ သမီးဖြစ်သူက ပြောပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလက ကင်ဆာဖြစ်နေမှန်း သိလိုက်ရချိန်မှာတော့ တစ်ကိုယ်လုံးကို ကင်ဆာဆဲလ်တွေ ပြန့်နေပြီး ကုလို့မရတော့တဲ့အဆင့်ကို ရောက်နေခဲ့ပြီဖြစ်ပါတယ်။ “၆၆ နှစ်မှာ ကျွန်တော့်ဘဝ ဇာတ်သိမ်းပါပြီ၊ ပျော်စရာအမှတ်တရတွေ အများကြီးကြုံခဲ့ပြီးပြီ ဆိုပေမယ့် မလုပ်လိုက်ရသေးတဲ့ ကိစ္စတွေလည်း အများကြီးကျန်နေပါသေးတယ်”လို့ ဂျော့မသေခင်က ပြောခဲ့တယ်လို့ သိရပါတယ်။

ဂျော့က မသေဆုံးခင်မှာ သူ့နာရေးအတွက် ကုန်ကျမယ့်ငွေတွေကို အမေရိကန်ကင်ဆာအဖွဲ့အစည်းနဲ့ မိဘမဲ့ဂေဟာတွေမှာသာ သွားလှူပေးဖို့မှာခဲ့ပြီး သူရဲ့ခန္ဓာကိုယ်ကိုလည်း ကင်ဆာလေ့လာရေးနဲ့ ကုသမှုဆိုင်ရာ လေ့ကျင့်ရေးစင်တာတစ်ခုကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ စစ်တမ်းများအရ အမေရိကန်မှာ နှစ်စဉ် ဆေးလိပ်ကြောင့် သေဆုံးသူဦးရေ လေးသောင်းရှစ်ထောင်ခန့် ရှိတယ်လို့ သိရပါတယ်။ ဒါအပြင် တစ်ကမ္ဘာလုံးမှာလည်း သေဆုံးနှုန်းမြင့်မားတဲ့ အကြောင်းရင်းတစ်ခုလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ “ဘဝက ပျော်ဖို့ကောင်းပါတယ်၊ ဆေးလိပ်လေးကြောင့်နဲ့တော့ အပျက်မခံပါနဲ့”လို့ ဂျော့က မှာတမ်းချွေခဲ့ပါတယ်။

(Ref;DM 22-2-19)

Most Popular

Healthy Life Ad
To Top