Healthy Life Ad
Health Tips

ဆယ်ကျော်သက်အရွယ်နှင့် အာဟာရ

—၊ ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ၊—

ဆယ်ကျော်သက်အရွယ် ကလေးတွေကို သင့်တင့်မျှတတဲ့ အစာတွေစားပြီး ညီညွတ်မျှတတဲ့ ကိုယ်အလေးချိန်နဲ့ ကောင်းမွန်တဲ့ ကျန်းမာရေးရရှိစေချင်ပါတယ်။ အခုခေတ်ကလေးတွေက ကျောင်းနဲ့ကျူရှင် သွားနေတာနဲ့ အချိန်ကုန်နေကြပါတယ်။ ဒီတော့ အနည်းဆုံး အားကစားတစ်ခုခုလောက်တော့ လုပ်စေချင်ပါတယ်။ ကလေးတွေကြိုက်တဲ့ အားကစား- ပင်ပေါင်ပဲရိုက်ရိုက်၊ ဘောလုံးပဲကန်ကန် အနည်းဆုံး တစ်ရက်ကို နာရီဝက်နဲ့ တစ်နာရီအကြာ လှုပ်ရှားမှုလေးတွေလုပ်ဖို့ လိုအပ်ပါတယ်။ နောက်ပြီး ကွန်ပျူတာဂိမ်း၊ ဖုန်းနဲ့ဂိမ်းဆော့တာတွေလည်း နည်းသထက်နည်းစေချင်ပါတယ်။ တချို့မိဘတွေက ဟိုဟာမစားနဲ့၊ ဒီဟာမစားနဲ့ဆိုပြီး ကလေးကို လိုက်ချုပ်ခြယ်တာရှိပါတယ်။ ဒီတော့ မိဘတွေကိုယ်တိုင်က အာဟာရနဲ့ပတ်သတ်ပြီး စနစ်တကျ သိရှိနားလည်ပြီး ကလေးတွေကို ကျွေးပေးဖို့လိုပါတယ်။ တချို့မိဘကျတော့လည်း အရမ်းကျွေးပါတယ်။ အရမ်းကျွေးလွန်းတော့ ကလေးက အသက်ကြီးတဲ့အခါ ကိုယ်အလေးချိန်မထိန်းနိုင်တော့ပါဘူး။ ကလေးကိုချစ်လို့ များများကျွေးပေမယ့် ကျန်းမာရေးချို့တဲ့အောင် တွန်းပို့ပေးသလို ဖြစ်နေပါတယ်။ ဒီတော့ မျှမျှတတ ဂရုတစိုက်ကျွေးဖို့ လိုပါတယ်။ ကလေးတွေနဲ့ အနီးကပ်နေတဲ့သူတွေဖြစ်တဲ့ မိဘနဲ့ ကျောင်းဆရာ၊ ဆရာမတွေက အဓိကနားလည်ပြီး ကလေးတွေကို အာဟာရပြည့်ဝမျှတအောင် ပူးပေါင်းလုပ်ဆောင်ပေးပါလို့ အကြံပြုလိုက်ပါတယ်။

နံနက်စာမရှောင်သင့်

မနက်စာကို ဘယ်တော့မှမရှောင်ပါနဲ့။ အစာစားတဲ့အခါ စုံစုံလင်လင်စားပါ။ အများအားဖြင့် ဆယ်ကျော်သက်အရွယ်တွေက ကျောင်းသွားရတာကြောင့် အိပ်ရာကမထနိုင်တာ၊ ကျူရှင်စောစောသွားရတာတွေနဲ့ မနက်စာကို မစားတော့ဘဲ ဒီအတိုင်းနေလိုက်တာမျိုးရှိပါတယ်။ တစ်ခါတလေ နေ့လယ်ပိုင်း ဗိုက်အရမ်းဆာတာကြောင့် အချိုများတဲ့ မုန့်တွေပဲ အများကြီးစားလိုက်တာမျိုး ရှိပါတယ်။ မနက်စာ မစားထားတဲ့အတွက် ခန္ဓာကိုယ်ထဲမှာလည်း ဂလူးကိုစ့်အဆင့်ကလည်း ကျနေတာကြောင့် ပေါင်မုန့်တွေ၊ အဆီများတဲ့မုန့်တွေ၊ အချိုများတဲ့မုန့်တွေကို စားလိုက်တာမျိုးရှိပါတယ်။ ဒါကြောင့် မနက်စာစားမှသာ ဇီဝရုပ်ဖြစ်ပျက်မှုကို လှုံဆော်မှုဖြစ်စေမှာ ဖြစ်ပါတယ်။

“ဆယ်ကျော်သက်အရွယ်မှာ အာဟာရမျှတအောင်စားဖို့ အရေးကြီးပါတယ်။ မြန်မာလူမျိုးတွေကို ကြည့်လိုက်မယ်ဆိုရင် အရပ်ပုတဲ့သူတွေရှိပါတယ်။ ငယ်ငယ်က အသားများများမစားခဲ့ဘူး။ နွားနို့မသောက်ခဲ့ဘူး။ နို့သောက်ဆိုလည်း မကြိုက်လို့မသောက်ဘူးဆိုတာတွေလည်း ရှိပါတယ်။ အရပ်ပုတယ်ဆိုတာ Malnutrition အာဟာရချို့တဲ့ခြင်းတစ်မျိုးပါ။ Chronic Malnutrition လို့လည်း ပြောပါတယ်။”

သရေစာစားတော့မယ်ဆိုရင်

ဘာကိုစားမှာလဲ။ ဘာဂါစားမှာလား၊ အသီးတွေစားမှာလား၊ ဒိန်ချဉ်သောက်မှာလား၊ အဲဒါတွေကို အမြဲတမ်းတွေးပါ။ အခုဆိုရင် အချိုရည်အရမ်းသောက်တာတွေ ရှိလာပါတယ်။ ဒီတော့ သောက်တဲ့ပမာဏကို ကန့်သတ်ထားပေးပါလို့ ဆရာမက ပြောချင်ပါတယ်။ တစ်ပတ် ဘယ်လောက်သောက်မယ်ပေါ့။ အရမ်းကြိုက်ရင် တစ်ပတ်သုံးဘူးလောက်ပဲ သောက်မယ်ဆိုပြီး ကန့်သတ်ထားပေးရပါမယ်။ ကိုယ်စားတဲ့အစာရဲ့ အရွယ်အစားကို သိရပါမယ်။ ဥပမာ- ကိုယ်က ဇလုံနဲ့စားနေတာလား။ ပန်းကန်ပြားနဲ့စားနေတာလား။ အများကြီးစားမိနေရင်တော့ ဆယ်ကျော်သက်အရွယ်ကတည်းက ဝလာနိုင်ပါတယ်။ ဆယ်ကျော်သက်အရွယ်မှာဝရင် အသက်ကြီးတဲ့အထိ ဝသွားနိုင်တဲ့ အခြေအနေဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဆယ်ကျော်သက်အရွယ်တွေကို ကိုယ်အလေးချိန်မတက်အောင် ထိန်းဖို့က အရမ်းအရေးကြီးပါတယ်။ နောက်ပြီး မုန့်တွေကို အိမ်ကယူသွားတာပဲဖြစ်ဖြစ်၊ ဆိုင်ကဝယ်စားတာပဲဖြစ်ဖြစ် အဆီများတာ၊ အချိုများတာတွေ ယူသွားမယ့်အစား ကျန်းမာရေးနဲ့ ညီညွတ်မယ့်အစာတွေ ယူသွားဖို့ စဉ်းစားသင့်ပါတယ်။ ဥပမာ- သစ်သီးတွေယူသွားတာ၊ တခြားကယ်လိုရီနည်းတဲ့ အရာတွေကိုလည်း ထုတ်သွားတာမျိုး လုပ်ရပါတယ်။

ဆယ်ကျော်သက် မိန်းကလေးနှင့် ရာသီစက်ဝန်းစောခြင်း

ဖြစ်ရတဲ့ဖြစ်စဉ်ကိုတော့ သေချာမသိရသေးပါဘူး။ ဒါပေမဲ့ တစ်ခုပြောနိုင်တာက လူအများစု သက်တမ်းတိုလာပါတယ်။ သက်တမ်းတိုလာတာကြောင့် သဘာဝတရားအရ ကလေးတွေလည်း ရာသီလာချိန် စောတယ်လို့ပဲ ပြောရမှာပေါ့။ ရာသီစက်ဝန်းဖြစ်တာစောလို့ အမျိုးသမီးရောဂါတွေ ဖြစ်ပွားတာနဲ့တော့ ဆက်နွယ်တာမျိုးမရှိပါဘူး။ ဖြစ်ပွားရတဲ့ ရောဂါ ၂၀ ရာခိုင်နှုန်းက မျိုးရိုးလိုက်တာနဲ့ဆိုင်ပြီး ကျန်တဲ့ ၈၀ ရာခိုင်နှုန်းကတော့ ပတ်ဝန်းကျင်အခြေအနေနဲ့ ဘဝနေထိုင်မှုပုံစံကြောင့်ပဲ ဖြစ်ပါတယ်။

ဆယ်ကျော်သက်အရွယ်မှာ အစားအစာမျိုးစုံ စားတဲ့အခါ

ဆယ်ကျော်သက်အရွယ်မှာ အစုံစားရမှာပါ။ မိန်းကလေးက ဒါစားမှ၊ ယောကျာ်းလေးက ဒါတွေစားမှဆိုပြီး မခွဲခြားပါဘူး။ အဲဒါကြောင့် မိန်းကလေးတွေက အဲဒီအချိန်မှာ အရမ်းအရပ်ထွက်ပြီး မြင့်တက်လာတာမျိုး တွေ့ရတာဖြစ်ပါတယ်။ မိန်းကလေးနဲ့ ယောကျာ်းလေး ကြီးထွားတဲ့အခါမှာလည်း မိန်းကလေးကစောပါတယ်။ ယောကျာ်းလေးက ၁၅ နှစ်နောက်ပိုင်းရောက်မှ ထွားလာတာများပါတယ်။ ဒါကြောင့် မိန်းကလေးတွေ ငါးတန်း၊ ခြောက်တန်းလောက်ဆို အရပ်တွေမြင့်နေပြီး ယောကျာ်းလေးတွေကျတော့ ရှစ်တန်း၊ ကိုးတန်းလောက်ရောက်မှ တစ်ခါတည်း အရပ်တွေထိုးတက်လာတာမျိုး ဖြစ်ပါတယ်။ ယောကျာ်းလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးနှုန်းကိုက နောက်ကျပါတယ်။ မိန်းကလေးကတော့ ပိုစောပါတယ်။

ဆယ်ကျော်သက်တွေ ပရိုတင်းဓာတ်ရရှိဖို့

အသားကို တစ်နေ့ မနက်နှစ်တုံး၊ ညနှစ်တုံးလောက် စားပေးသင့်ပါတယ်။ ဒါပေမဲ့ ဆရာမတို့က တစ်နေ့နှစ်တုံးလောက်ပဲ စားကြတာများတော့ တကယ်တမ်းထွားသင့်သလောက် ထွားမလာပါဘူး။ ကြက်ဥဆိုလည်း တစ်နေ့နှစ်လုံး၊ နွားနို့ဆို မနက်တစ်ခွက်၊ ညတစ်ခွက် သောက်သင့်ပါတယ်။ တချို့ကလေးတွေက လုံးဝမစားဘဲ တချို့ကလေးတွေကျ အသားတွေအများကြီးစားတာမျိုး ရှိပါတယ်။ အဲဒီတော့ အဝလွန်တာတွေ ဖြစ်ကုန်ရော။ ဒီတော့ ချင့်ချိန်ပြီး အာဟာရမျှတအောင် စားပေးပါ။ အရပ်ထွက်သင့်တဲ့အချိန်မှာ မထွက်ဘဲ ပုနေရင် စိုးရိမ်ရပါတယ်။ အဲဒါကြောင့် ဆယ်ကျော်သက်အရွယ်မှာ အာဟာရမျှတအောင်စားဖို့ အရေးကြီးပါတယ်။ မြန်မာလူမျိုးတွေကို ကြည့်လိုက်မယ်ဆို အရပ်ပုတဲ့သူတွေရှိပါတယ်။ ငယ်ငယ်က အသားများများမစားခဲ့ဘူး။ နွားနို့မသောက်ခဲ့ဘူး။ နို့သောက်ဆိုလည်း မကြိုက်လို့မသောက်ဘူးဆိုတာတွေလည်း ရှိပါတယ်။ အရပ်ပုတယ်ဆိုတာ Malnutrition အာဟာရချို့တဲ့ခြင်းတစ်မျိုးပါ။ Chronic Malnutrition လို့လည်း ပြောပါတယ်။

Most Popular

Healthy Life Ad
To Top