Healthy Life Ad
Health Tips

အရိုးပါးရောဂါ ဘာကြောင့်ဖြစ်ရသလဲ၊ ဘယ်လိုကာကွယ်ရမလဲ၊ ဖြစ်ရင်ဘာလုပ်သင့်သလဲ

——၊ ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး) ၊——-

အသက် ၃၅ နှစ်ကျော်ရင် အထူးသဖြင့် အမျိုးသမီးတွေရဲ့ အရိုးသိပ်သည်းဆက ကျကျလာပါတယ်။ အမျိုးသမီးတွေ အသက်ကြီးလာရင် ခါးနာတယ်၊ ဒူးနာတယ် . .ဒါတွေအားလုံးက အရိုးပါး/အရိုးပွရောဂါ (Osteoporosis) ကြောင့်ပဲဖြစ်ပါတယ်။ ဒီရောဂါဖြစ်ရင် အရိုးပါးတယ်၊ အရိုးကြွပ်ဆတ်တယ်၊ အရိုးတွေက အချိန်မရွေးကျိုးနိုင်တယ်။ တချို့အမျိုးသမီးတွေဆိုရင် သွေးဆုံးချိန်ရောက်သွားတဲ့အခါ အရိုးပါးနိုင်ခြေက သိပ်ကိုလွယ်သွားပြီ။ အဲဒီတော့ သူတို့တွေက အရိုးကျိုးလွယ်တယ်။ အရိုးပါးတဲ့အတွက် လဲလို့ကျိုးတာမဟုတ်ဘဲနဲ့ ကျိုးလို့လဲတာဖြစ်ပါတယ်။

အရိုးပါးရောဂါ ဘာကြောင့်ဖြစ်ရသလဲ

အရိုးပါးရောဂါက တစ်ခါတလေ မျိုးရိုးနဲ့လည်း ဆက်နွှယ်မှုရှိပါတယ်။ အဖေ၊ အမေမှာ အရိုးကျိုးတယ်ဆိုရင် များသောအားဖြင့် သားသမီးတွေမှာလည်း လိုက်ကျိုးတတ်ပါတယ်။ အရိုးသိပ်သည်းဆက အရမ်းနည်းနေလို့ပါ။ လေ့ကျင့်ခန်းလုံးဝ မရှိသူတွေမှာလည်း အရိုးပါးရောဂါ ဖြစ်တတ်ပါတယ်။ ကယ်လ်ဆီယမ်နဲ့ ဗီတာမင်ဒီနည်းလွန်းသူတွေမှာ ဖြစ်တတ်တယ်။ စီးကရက်သောက်သူတွေ၊ အရက်အလွန်အကျွံ သောက်သူတွေမှာလည်း အရိုးပါးရောဂါ ဖြစ်တတ်ပါတယ်။ ခန္ဓာကိုယ်အရွယ်အစားနဲ့ အရိုးသေးငယ်တဲ့ သူတွေမှာလည်း ဖြစ်တတ်ပါတယ်။ အာရှတိုက်သားတွေက အရိုးသေးတာများတဲ့အတွက် အရိုးပါးရောဂါ အဖြစ်များပါတယ်။ ဂေါက်အဆစ်ရောင်ရောဂါ ဖြစ်သူတွေမှာလည်း ဖြစ်တတ်ပါတယ်။

အရိုးပါးရောဂါ ရှိ၊ မရှိ စစ်လို့ရနေပါပြီ

အခုနောက်ပိုင်းမှာ အရိုးပါးရောဂါ ရှိ၊ မရှိ အရိုးသိပ်သည်းဆ (Bone Density)ကို စစ်လို့ရနေပါပြီ။ ဖြစ်နိုင်ရင် အသက် ၅၀ ကျော်လာရင် စတင်စစ်သင့်ပါပြီ။

အရိုးပါးရောဂါ၏ နောက်ဆက်တွဲ

အရိုးပါးရောဂါရပြီ၊ အရိုးကျိုးပြီဆိုရင် နောက်ဆက်တွဲထိခိုက်မှုတွေက အများကြီးပါ။ အရိုးကျိုးပြီး အိပ်ရာထဲလဲသွားရင် ဘဝနေထိုင်မှုအရည်အသွေးက ကျသွားပါတယ်။ ကျိုးပြီးအိပ်ရာထဲ အကြာကြီးလှဲနေရရင် သွေးတွေပိတ်နိုင်တယ်၊ အိပ်ရာနာဖြစ်နိုင်တယ်၊ သွေးခဲပိတ်တာတွေဖြစ်နိုင်တယ်။ စိတ်ဓာတ်ကျနိုင်တယ်။ ပုံမှန်အတိုင်း သွားလာလှုပ်ရှားလို့ မရတော့ဘူး။

အရိုးပါးရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်သင့်သလဲ

အရိုးပါးရောဂါမဖြစ်အောင် ဘဝနေထိုင်စားသောက်မှုပုံစံကို ပြောင်းလဲရပါမယ်။

– စီးကရက်သောက်နေရင် ဖြတ်ရမယ်၊ အရက်အလွန်အမင်းသောက်နေရင် လျှော့ချရပါမယ်။

– လေ့ကျင့်ခန်းလုပ်ရပါမယ်။ လေ့ကျင့်ခန်းမလုပ်နိုင်ရင်တောင် လမ်းလျှောက်တာမျိုးလုပ်ပေးရမယ်။

– ကယ်လ်ဆီယမ်များတဲ့ အစားအသောက်တွေကို စားပေးရမယ်။ အထူးသဖြင့် နို့သောက်သင့်ပါတယ်။ ဒိန်ချဉ်သောက်ရမယ်၊ ဒိန်ခဲစားပေးရပါမယ်။ ဆာဒင်းငါး၊ ဆယ်လ်မွန်ငါး၊ တို့ဟူး၊ ဗာဒံစေ့၊ လိမ္မော်သီး၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီစိမ်း၊ လိမ္မော်ရည် စတာတွေကို စားပေးရပါမယ်။ အမျိုးသမီးတစ်ယောက်အတွက် တစ်နေ့တာ ကယ်လ်ဆီယမ်လိုအပ်ချက်က ၁၀ဝ၀ ကနေ ၁၂၀ဝ မီလီဂရမ် ဖြစ်ပါတယ်။ နွားနို့တစ်ခွက်ကို ကယ်လ်ဆီယမ် ၃၆၀ မီလီဂရမ် ပါဝင်ပါတယ်။ တစ်ရက်နွားနို့သုံးခွက်သောက်ရင် လုံလောက်ပါတယ်။ အဲဒီလောက်မသောက်ဖြစ်ရင် ကညွတ်တို့လို အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေလည်း စားပေးရပါမယ်။

– ဗီတာမင်ဒီပါတဲ့ ငါးသေးသေးလေးတွေ စားပေးရပါမယ်။ ဗီတာမင်ဒီဆိုရင် လူတစ်ယောက်အတွက် ၆၀ဝ-၈၀ဝ IU ပဲလိုအပ်ပါတယ်။ အစားအသောက်ကို မျှတအောင်မစားဖြစ်ဘူးဆိုရင် ကယ်လ်ဆီယမ်နဲ့ ဗီတာမင်ဒီပေါင်းစပ်ပါဝင်တဲ့ ဆေးတွေသောက်ရပါမယ်။

– အရိုးအတွက် မဂ္ဂနီဆီယမ်ကလည်း အရေးပါတာကြောင့် မဂ္ဂနီဆီယမ်ပါဝင်မှုများတဲ့ ဟင်းနုနယ်ရွက်၊ ခရမ်းချဉ်သီး၊ အာလူး၊ ကန်စွန်းဥ၊ သင်္ဘောသီး စတာတွေကို စားပေးရပါမယ်။

– သွေးဆုံးပြီး အမျိုးသမီးတွေဆိုရင် အရိုးပါး/အရိုးပွရောဂါ ဖြစ်နိုင်ခြေများတဲ့အတွက် ဟော်မုန်းအစားထိုးကုထုံး (HRT) ယူရပါမယ်။ ဒါဆို ဒီရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

အရိုးပါးရောဂါ ဖြစ်ပြီးသွားရင် . .

အရိုးပါးရောဂါဖြစ်ပြီးသွားရင် ကယ်လ်ဆီယမ်နဲ့ ဗီတာမင်ဒီပါတဲ့ဆေးကို မှီဝဲရပါမယ်။ အရိုးတွေက ကြွပ်ဆတ်ပြီး နာကျင်ကိုက်ခဲနေတဲ့အတွက် အကိုက်အခဲပျောက်ဆေး မှီဝဲရပါမယ်။ အရိုးပါးရောဂါဖြစ်နှုန်းက အခုအခါမှာ ပိုများလာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နွားနို့သောက်တာနည်းပြီး အဆင်သင့်အစားအသောက်တွေ စားတာများလာလို့ပါ။ လူတွေက သဘာဝအစားအသောက်တွေကို သိပ်မစားကြတော့တဲ့အတွက် ကယ်လ်ဆီယမ်ရရှိမှုက နည်းလာပါတယ်။ ဥပမာ ကော်ဖီဖျော်သောက်ရင် ရယ်ဒီမိတ်ကော်ဖီမစ်တွေ သောက်လာကြတယ်၊ နွားနို့နဲ့ ကော်ဖီမှုန့်ဖျော်သောက်မှ ကယ်လ်ဆီယမ်ရမှာပါ။ ဘဝနေထိုင်စားသောက်မှု ပုံစံပြောင်းလာတဲ့အတွက် အရိုးပါးရောဂါဖြစ်နှုန်းကလည်း မြင့်တက်လာတာဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top