Healthy Life Ad
Health Tips

ခံတွင်းထဲမှာ မကောင်းတဲ့အရသာ ဘာကြောင့်ဖြစ်ပေါ်ရပါသလဲ . . .

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

လူတွေမှာ အရသာခံအဖုပေါင်း တစ်သောင်းကျော် ရှိနေကြပြီး အဲဒီအရသာခံအဖုတွေက လျှာ၊ အာခေါင်မိုး၊ ပါးစောင်၊ နှုတ်ခမ်းအပါအဝင် ခံတွင်းတစ်ခုလုံးအနှံ့ ရှိနေကြပါတယ်။ ဒီအရသာခံအဖုတွေရှိတာက အစားအစာတွေ၊ သရေစာတွေကို သဘောကျစားသောက်နေကြတဲ့ အကြောင်းရင်းတစ်ချက် ဖြစ်ပါတယ်။ ကျွန်မတို့စာသင်ကြားစဉ်က အရသာခံအာရုံမှာ ချို၊ ချဉ်၊ ငန်၊ ဖန်၊ စပ်၊ ခါး ဆိုပြီး ခြောက်မျိုးရှိကြောင်း လေ့လာဖူးပါတယ်။ ဒါပေမဲ့ လူအများစုဟာ တစ်ချိန်မဟုတ်တစ်ချိန်ဆိုသလို ပါးစပ်ထဲမှာ မကောင်းတဲ့အရသာ ဖြစ်ပေါ်နေတယ်လို့ ဆိုတတ်ကြပြီး ခံတွင်းပျက်တယ်လို့ ပြောလေ့ရှိပါတယ်။

ခံတွင်းထဲတွင် မကောင်းသောအရသာ ဖြစ်ပေါ်ရသည့် အကြောင်းရင်း

ခံတွင်းထဲမှာ အရသာခံအာရုံ ပြောင်းလဲပြီး ပုံမှန်မဟုတ်တဲ့ မကောင်းတဲ့အရသာ ပေါ်ရတာက အောက်ပါအကြောင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။

အချို့ဆေးဝါးများ မှီဝဲနေရခြင်း

ခံတွင်းထဲမှာ ဆိုးရွားတဲ့ အရသာကို ဖြစ်ပေါ်စေတာက တချို့ဆေးဝါးတွေကို သောက်သုံးတာကြောင့် ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ဇင့်(Zinc)ပါတဲ့ဆေးတွေသောက်ရင် ဖြစ်တတ်ပါတယ်။ သိုင်းရွိုက် ကုသဆေးတွေနဲ့ အာရုံကြောအတွက် ဆေးတွေသောက်နေရင် ခံတွင်းထဲမှာ သတ္တုအရသာ ဖြစ်ပေါ်နေတတ်ပါတယ်။ ဒါ့အပြင် ကင်ဆာဆေးသွင်းကုသမှု ခံယူတာလို အခြေအနေတွေကြောင့်လည်း ခံတွင်းထဲမှာ မကောင်းတဲ့အရသာ ဖြစ်နေတတ်ပါတယ်။

alignnone size-medium wp-image-54850
ခံတွင်းအနံ့ဆိုးထွက်ခြင်း

အရသာခံအာရုံကို စေ့ဆော်မှု ၇၅ ရာခိုင်နှုန်းနီးပါးဟာ အရသာခံအာရုံအပါအဝင် နာ့ဗ်ဆဲလ်တွေကနေ လာပါတယ်။ ဒါကြောင့် ခံတွင်းအနံ့ဆိုး ထွက်နေတယ်ဆိုရင် ခံတွင်းထဲက အရသာခံအာရုံမှာလည်း အပြောင်းအလဲတွေ ဖြစ်လာပြီး ခံတွင်းပျက်တတ်ပါတယ်။

alignnone size-medium wp-image-54851
သွားနှင့်ခံတွင်း ထိန်းသိမ်းမှုမကောင်းခြင်း

သွားနဲ့ခံတွင်းသန့်ရှင်းရေးကို အလေးမထားတာကြောင့် ခံတွင်းထဲမှာ မကောင်းတဲ့အရသာ ဖြစ်ပေါ်တတ်ပါတယ်။ ကျွန်မတို့စားလိုက်တဲ့ အစားအစာတွေကို ခံတွင်းထဲမှာရှိတဲ့ ဘက်တီးရီးယားတွေက ချေဖျက်လိုက်ပါတယ်။ သွားနဲ့ သွားဖုံးကြားက စားကြွင်းစားကျန်တွေဟာ ခံတွင်းထဲမှာရှိနေတဲ့ ဘက်တီးရီးယားတွေကို ရုတ်တရက်ကြီးထွားမှု ဖြစ်စေနိုင်တာကြောင့် ခံတွင်းအနံ့ဆိုး ထွက်စေရုံသာမက ခံတွင်းထဲမှာ မကောင်းတဲ့အရသာကိုလည်း ဖြစ်ပေါ်စေပါတယ်။

alignnone size-medium wp-image-54852
ကိုယ်ဝန်ရှိခြင်း

ကိုယ်ဝန်ရှိချိန်အတောအတွင်းမှာ ခံတွင်းထဲမကောင်းတဲ့အရသာ ဖြစ်ပေါ်တတ်ပြီး ခံတွင်းပျက်တတ်ပါတယ်။ ဒီအချိန်မှာ အနံ့ခံအာရုံလည်း ထိခိုက်နေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဖျားတဲ့အခါ ခါးသက်တဲ့အရသာ ဖြစ်ပေါ်တတ်ပါတယ်။ အထူးသဖြင့် အစာစားပြီးချိန်မှာ ဖြစ်တတ်ပါတယ်။

ရောဂါဝေဒနာများ ခံစားရခြင်း

အအေးမိတာ၊ တုပ်ကွေးဖြစ်တာ၊ ဖျားတာ၊ နှာခေါင်းဝေဒနာ စတာတွေလို ကျန်းမာရေးပြဿနာတွေကြောင့် ခံတွင်းထဲမှာ မကောင်းတဲ့အရသာ ဖြစ်ပေါ်တတ်ပါတယ်။ ဒီအခြေအနေက မှို၊ ဖုန် စတဲ့ ဓာတ်မတည့်မှုတွေကြောင့် ဖြစ်တတ်ပြီး အရသာခံအာရုံကို ထိခိုက်စေနိုင်ပါတယ်။ ဆီးချိုသွေးချိုရောဂါလို တခြားကျန်းမာရေး အခြေအနေတွေကြောင့်လည်း အစာစားပြီးချိန်မှာ အရသာခံအာရုံကို ထိခိုက်စေနိုင်ကာ အစာစားပြီးချိန်မှာ ခံတွင်းထဲ ဆိုးရွားတဲ့အရသာ ဖြစ်ပေါ်တတ်ပါတယ်။ အစာအိမ်အတွင်းက အစာတွေ အထက်ကို ပြန်လှန်တက်တဲ့အခြေအနေ (Acid Reflux) ကြောင့်လည်း ခံတွင်းထဲမှာ မကောင်းတဲ့အရသာ ဖြစ်ပေါ်တတ်ပါတယ်။

ခံတွင်းထဲတွင် မကောင်းသောအရသာ မဖြစ်စေရန် ကာကွယ်မှု

• သွားနဲ့ခံတွင်းသန့်စင်အောင် သေချာထိန်းသိမ်း ပေးသင့်ပါတယ်။ သွားတွေကို နံနက်စာစားပြီးတစ်ကြိမ်၊ ညအိပ်ရာမဝင်ခင်တစ်ကြိမ် ပုံမှန်တိုက်ပေးပါ။ နေ့စဉ် သွားကြားထိုးကြိုးသုံးကာ သန့်စင်ပေးပါ။ အစာစားပြီးတိုင်း ပလုတ်ကျင်းပေးပါ။

• ခံတွင်းထဲမှာ ရေဓာတ်ပြည့်ဝပြီး အာမခြောက်အောင် ရေကိုများများသောက်ပါ။ အာခြောက်နေရင် ခံတွင်းထဲမှာ မကောင်းတဲ့အရသာ ဖြစ်ပေါ်တတ်ပါတယ်။

• ခံတွင်းကို ဆားရေနဲ့တစ်နေ့နှစ်ကြိမ် ပလုတ်ကျင်းပေးတာက ခံတွင်းသန့်ရှင်းရေးကို ကောင်းမွန်စေပါတယ်။

• သင်စားတဲ့ အစားအစာထဲ သစ်သီးဝလံတွေနဲ့ ဟင်းသီးဟင်းရွက် အများအပြားပါဝင်ပါစေ။ လိမ္မော်သီး၊ သံပုရာသီး စတဲ့ ချဉ်တဲ့သစ်သီးတွေကို စားတာက တံတွေးထွက်နှုန်းတိုးစေပြီး ခံတွင်းထဲက မကောင်းတဲ့အရသာ ဖြစ်ပေါ်မှုကို လျော့ကျစေပါတယ်။

• သင်သောက်နေတဲ့ ဆေးဝါးတွေကြောင့် ခံတွင်းအရသာ ပြောင်းလဲတယ်လို့ ထင်နေရင် ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးပြီး ဘေးထွက်ဆိုးကျိုးမရှိတဲ့ ဆေးပြောင်းပေးနိုင်မလားဆိုတာကို တိုင်ပင်ပါ။

Most Popular

Healthy Life Ad
To Top