Healthy Life Ad
Health Tips

နှာခေါင်းစည်းဝတ်ထားချိန်မှာ ခံတွင်းအနံ့ဆိုးထွက်ရတဲ့ နောက်ကွယ်ကအကြောင်းရင်း ၁၀

——-၊ စူး (ဆေးဝါးတက္ကသိုလ်) ၊——–

COVID-19 ကပ်ရောဂါ ဖြစ်ပွားချိန်အတွင်း နှာခေါင်းစည်းကို တောက်လျှောက်ဝတ်ထားရင်းနဲ့ ခံတွင်းအနံ့ဆိုးထွက်တာကို ရုတ်တရက် ခံစားလိုက်ရပါသလား။ ဒီလိုဖြစ်တာက သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ ဒီလိုခံတွင်းအနံ့ဆိုး ထွက်ရခြင်းရဲ့ နောက်ကွယ်မှာဖြစ်စေတဲ့ အကြောင်းရင်းကြီး ၁၀ ခုတောင် ရှိနေပါတယ်။ ဒါတွေကို ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတာ လေ့လာကြည့်ရအောင်။

(၁) သွားတိုက်နည်း မမှန်လို့ပါ

သွားနဲ့ခံတွင်း ထိန်းသိမ်းမှုနည်းစနစ် မကောင်းတဲ့အတွက် ခံတွင်းအနံ့ဆိုး ထွက်ရတာပါ။ သွားကြားထဲ စားကြွင်းစားကျန်ညပ်နေရင် ဘက်တီရီးယားပေါက်ဖွားရာက ကြက်ဥပုပ်နံ့လို အနံ့ဆိုးထွက်တတ်ပါတယ်။

ဘယ်လိုဖြေရှင်းမလဲ

နှာခေါင်းစည်းတပ်ထားရင်း ခံတွင်းအနံ့ဆိုး ထွက်နေရင် သွားကြားထဲက စားကြွင်းစားကျန်တွေကို သွားကြားပွတ်ကြိုးနဲ့ ဖယ်ထုတ်ဖို့ လိုနေပါပြီ။ တစ်နေ့နှစ်ကြိမ် သွားတိုက်ရုံတင်မက သွားကြားပွတ်ကြိုး သုံးပေးရပါမယ်။

(၂) အနံ့ပြင်းတာတွေ စားသောက်မိလို့ပါ

ကော်ဖီ၊ ကြက်သွန်ဖြူ၊ ငါး၊ ဘဲဥ၊ ကြက်သွန်နီ၊ ဟင်းခတ်အမွှေးအကြိုင် ပူပူစပ်စပ်တွေကလည်း ခံတွင်းအနံ့ဆိုး ထွက်စေနိုင်ပါတယ်။ ပူစီနံ၊ ပီကေတွေက ဒီအနံ့ကို ဖုံးကွယ်နိုင်ပေမယ့် ယာယီပါပဲ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူတွေထဲက အနံ့ပြင်းတဲ့ ဓာတ်တွေက စားပြီး ၇၂ နာရီအတွင်း အသက်ရှူထုတ်တဲ့အခါ ပြန်ထွက်နေတတ်လို့ပါ။

ဘယ်လိုဖြေရှင်းမလဲ

သံပရာသီး၊ တရုတ်နံနံ၊ ပန်းသီး၊ မုန်လာဥနီတို့လို အစာတွေကို ပြန်စားပေးပါ၊ တံတွေးအထွက်နှုန်းတိုးပြီး ခံတွင်းထဲက အညစ်အကြေးတွေကို ဆေးကြောလိုက်သလို ဖြစ်စေပါတယ်။ ရေလည်းသောက်ပေါ့။

(၃) အချိုတွေ အလွန်အမင်းစားလို့ပါ

သကြားများတဲ့ကိတ်၊ ကွတ်ကီးတွေကို စားတာများရင်လည်း အနံ့ဆိုးထွက်စေနိုင်ပါတယ်။

ဘယ်လိုဖြေရှင်းမလဲ

အချိုတွေစားတဲ့အခါ စေးကပ်တာတွေရှောင်ပါ။ သကြားနည်းတဲ့ ပလိန်းကိတ်လို အမျိုးအစားရွေးစားပါ။

(၄) ကာဗိုဟိုက်ဒရိတ် အစားနည်းပြီး ပရိုတင်းအစားများလို့ပါ

ပရိုတင်းများများ၊ ကာဗိုဟိုက်ဒရိတ်နည်းနည်းစားရင် ဆီးနဲ့ အသက်ရှူထုတ်ရာကနေ အနံ့ပြင်းထွက်စေနိုင်ပါတယ်။

ဘယ်လိုဖြေရှင်းမလဲ

ရေများများသောက်ပါ။ သကြားမပါတဲ့ ပူရှိန်း၊ ပီကေကိုဝါးပေးပါ။

(၅) ပါးစပ်နဲ့ အသက်ရှူလို့ပါ

ညဘက်မှာ တံတွေးအထွက်နှုန်း ကျသွားတာကြောင့် သွားတိုက်အိပ်သူတွေမှာတောင် မနက်မိုးလင်းရင် ခံတွင်းနံ့နံတတ်ပါတယ်။ ဟောက်တဲ့သူ၊ ပါးစပ်နဲ့ အသက်ရှူတဲ့သူဆိုရင် ခံတွင်းပိုခြောက်လို့ အနံ့ပိုဆိုးတတ်ပါတယ်။

ဘယ်လိုဖြေရှင်းမလဲ

ရေများများသောက်ပြီး နေ့ရောညပါ ခံတွင်းသန့်ရှင်းရေးကို ကောင်းကောင်းလုပ်ရပါမယ်။ သွားဆရာဝန်နဲ့ ပုံမှန်စစ်ဆေးပြသမှုလည်း လုပ်ပေးပါ။

(၆) သောက်နေတဲ့ ဆေးတချို့ကြောင့်ပါ

လူသုံးများတဲ့ ဆေးရာပေါင်းများစွာက အာခြောက်စေပြီး ခံတွင်းအနံ့ဆိုး ထွက်စေနိုင်ပါတယ်။ စိုးရိမ်သောကများတာ၊ စိတ်ဓာတ်ကျတာ၊ သွေးတိုးတာ၊ ကြွက်သားနာတာ စတာတွေအတွက် ပေးတဲ့ဆေးတွေက အဖြစ်များပါတယ်။

ဘယ်လိုဖြေရှင်းမလဲ

သင်သောက်နေတဲ့ ဆေးတွေက အာခြောက်စေတဲ့ ဘေးထွက်ဆိုးကျိုး ရှိသလားဆိုတာ ဆန်းစစ်ပြီး အစားထိုးဆေးများ ညွှန်ပေးနိုင်မလားဆိုတာ ဆရာဝန်နဲ့ တိုင်ပင်ပါ။

(၇) နှာခေါင်းပိတ်နေလို့ပါ

နှာခေါင်းပိတ်နေတာ၊ ဓာတ်မတည့်မှုရှိတာတွေကြောင့် ပါးစပ်နဲ့ အသက်ရှူရင်လည်း တံတွေးစီးဆင်းမှု လျော့ကျကာ အာခြောက်တတ်ပါတယ်။

ဘယ်လိုဖြေရှင်းမလဲ

နှာခေါင်းပိတ်ရင် ဆားရည်အစက်ချတဲ့နည်းနဲ့ ဖြေရှင်းကြည့်ပါ။

(၈) ဆေးလိပ်သောက်လို့ပါ

ဆေးလိပ်သောက်ရင် ဆေးလိပ်နံ့ထွက်နေမှာပါပဲ။

ဘယ်လိုဖြေရှင်းမလဲ

ဒါကတော့ ပြောပြဖို့မလိုပါဘူး။ ဆေးလိပ်ဖြတ်ရမှာပေါ့။

(၉) အရက်သောက်လို့ပါ

အရက်သောက်ရင်လည်း အာခြောက်တတ်ပါတယ်။

ဘယ်လိုဖြေရှင်းမလဲ

ရေများများသောက်ပေးဖို့ မမေ့ပါနဲ့၊ သွားတိုက်တာ၊ သွားကြားထိုးကြိုးသုံးတာတွေကိုလည်း တတ်နိုင်သလောက် လုပ်ကြည့်ပေးပါဦး။

(၁၀) အခြေခံကျန်းမာရေးပြဿနာ ရှိလို့ပါ

ရင်ပူတဲ့ဝေဒနာရှိရင်လည်း ခံတွင်းအနံ့ဆိုး ထွက်တတ်ပါတယ်။ အမျိုးအစား (၁) ဆီးချိုရောဂါ ရှိသူတွေမှာလည်း သစ်သီးနံ့လိုမျိုးခံတွင်းနံ့ ထွက်တတ်ပါတယ်။ နာတာရှည်ကျောက်ကပ်ရောဂါ ရှိသူတွေမှာလည်း ငါးညှီနံ့လိုခံတွင်းနံ့ ရှိတတ်ပါတယ်။

ဘယ်လိုဖြေရှင်းမလဲ

သွားကို သေချာတိုက်ပေးဖို့နဲ့ အခြေခံရောဂါတွေကို သေချာထိန်းချုပ်နိုင်အောင် ကုသမှုခံယူဖို့ လိုအပ်ပါတယ်။

Most Popular

Healthy Life Ad
To Top