Healthy Life Ad
Q & A

ကျန်းမာဖို့အရေး သိလိုရာမေး

Q. အလေးမလိုက်တာ ခါးမျက်သွားလို့ ဘာဆေးသောက်ရမလဲ။

A. ဒါကတော့ ဆေးဆိုင်မှာ အလွယ်တကူဝယ်လို့ရတဲ့ အကိုက်အခဲပျောက်ဆေးတွေ အကုန်လုံး သောက်လို့ရပါတယ်။ ခါးကို မတ်မတ်ထားရပါမယ်။ အကိုက်အခဲပျောက်ဆေးကို အစာစားပြီးတိုင်း ၂ ရက်တန်သည်၊ ၃ ရက်တန်သည် သောက်ကြည့်မယ်။ ကုန်းကုန်းကွကွ မလုပ်ရပါဘူး၊ ပက်လက်ကုလားထိုင်ပေါ် မထိုင်ရပါဘူး။ အလေးအပင်မ,မသင့်သေးပါဘူး။ ဒါကိုမှ ၃ ရက်လောက်နေလို့ မသက်သာရင်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) ဖြေကြားသည်။

Q. သမီးက ကိုယ်ဝန်ဆောင်တစ်ယောက်ပါ။ ၄လကျော်ရှိပါပြီ။ တစ်ခါတစ်ခါမောပြီး အသက်ရှူမဝဖြစ်တတ်ပါတယ်။ ကလေးလည်း သိပ်မထွားသလို ခံစားနေရပါတယ်။ ဖြစ်တတ်ပါသလားရှင်။ ဆေးကတော့ obimin သောက်နေပါတယ်။

A. ကလေးမထွားသလိုဆိုတာက ခံစားရမယ့် ကိစ္စမဟုတ်ပါဘူး။ ပေါင်ချိန်ထားရမှာ ဖြစ်ပါတယ်။ ကိုယ်အလေးချိန် မှန်မှန်ချိန်လို့ သတ်မှတ်ထားတဲ့ ပေါင်ချိန်အတွင်း တိုးနေတယ်ဆိုရင် ကလေးကြီးထွားမှုရှိတယ်လို့ ပြောနိုင်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ ပေါင်ချိန်မတက်ဘူး၊ အစားအသောက်ပျက်တယ်ဆိုရင်တော့ သက်ဆိုင်ရာ သားဖွားမီးယပ်အထူးကု ဆရာဝန်နဲ့ စစ်ဆေးသင့်ပါတယ်။ အသက်ရှူမဝ၊ မောတယ်ဆိုတာ ကလေးကြီးထွားလာတဲ့အခါ အသက်ရှူရာမှာ အနှောင့်အယှက်ရှိတဲ့အတွက် အနည်းနဲ့အများ ဖြစ်တတ်ပါတယ်။ တစ်ခါတစ်ခါဖြစ်တယ်ဆိုတော့ ဘာနဲ့ဆက်စပ်ဖြစ်တာလဲ၊ ထမင်းစားတာများပြီးချိန်မှာ ဖြစ်တာလား၊ စိတ်ကျဉ်းကြပ်/စိတ်ရှုပ်ချိန်မှာ ဖြစ်တာလား၊ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ကြည့်ပါ။ စိတ်အေးအေးထားပြီး အိပ်ရေးဝ၀ အိပ်စက်အနားယူပါ။ အစားအသောက်ကို ပုံမှန်စားသောက်ပေးပါ။ တစ်ခါတစ်ခါက ဘာမှမဖြစ်ပေမယ့် အသက်ရှူမဝတာက စိပ်လာရင်တော့ ကိုယ်ပြနေတဲ့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) ဖြေကြားသည်။

Q. အသက်က ၃၀ပါ။ ခေါင်းတခြမ်းကိုက်တာ ဆရာ။ မျက်လုံး၊ နားထင် တချက်တချက်ထိုးနေလို့ပါ ဆရာ။

A. ခေါင်းတခြမ်းကိုက်ရတဲ့ အကြောင်းရင်းကို ရှာရပါမယ်။ အဖြစ်နိုင်ဆုံးကတော့ အိပ်ရေးပျက်တာရယ်၊ အအေးမိတာရယ်ပါ။ ကိုက်တဲ့ မျက်နှာတစ်ခြမ်းဘက်ကို အဲကွန်းလေ၊ ပန်ကာလေ၊ ပြင်ပလေ တိုးတိုက်တဲ့သူတွေမှာလည်း ခေါင်းတစ်ခြမ်းကိုက်တဲ့ လက္ခဏာ ခံစားရလေ့ရှိပါတယ်။ ဒီကြားထဲမှာ အအေးမမိအောင် ဂရုစိုက်ပေးပါ။ အိပ်ရေးဝ၀ အိပ်ပေးပါ။ အကိုက်အခဲပျောက်ဆေး သောက်ပေးလို့ရပါတယ်။ ဘယ်အချိန်မှာ အထူးဂရုစိုက်ရမလဲဆိုတော့ ခေါင်းတစ်ခြမ်းကိုက်ရာကနေ တစ်ချက်တစ်ချက်မှာ ဒုတ်ဒုတ် ဒုတ်ဒုတ် ဆိုပြီး ထိုးကိုက်တယ်၊ မျက်စိအကြည့်ဝါးတယ်၊ မျက်ရည်ပူကျတယ်၊ အဖျားနဲ့တွဲတယ်ဆိုရင် ဆရာဝန်နဲ့ ပြရပါမယ်။ ဒါဆိုရင် အတွင်းခံရောဂါ ရှိနိုင်ပါတယ်။

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) ဖြေကြားသည်။

Most Popular

Healthy Life Ad
To Top