Healthy Life Ad
Health Tips

သင့်အသားအရေကို ရာသက်ပန် ထိခိုက်စေနိုင်သည့် အရာများ

မီမိုးမေ (ဆေးဝါးတက္ကသိုလ်)

အသားအရေ ရေရှည်ထိခိုက်မှု ဖြစ်ပေါ်တဲ့ လက္ခဏာတွေက အရေးကြောင်းထင်တာ၊ နီမြန်းတာနဲ့ အရေပြားကင်ဆာတို့ပဲ ဖြစ်ကြပါတယ်။ အသားအရေကို ရေရှည်ထိခိုက်မှု ဖြစ်စေနိုင်တဲ့ အချက်တွေက နေရောင်ခြည်၊ လေထုညစ်ညမ်းမှု၊ ဆေးလိပ်၊ ဓာတုဗေဒပစ္စည်းတချို့နဲ့ မျက်နှာအမူအရာတို့ပဲ ဖြစ်ကြပါတယ်။

နေဒဏ်ထိတွေ့မှု

နေရောင်ခြည်က အရေပြားထိခိုက်စေတဲ့ အကြီးမားဆုံး အကြောင်းရင်းပါ။ ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားချောမွေ့တင်းရင်းစေတဲ့ ကိုလာဂျင်နဲ့ အီလက်စတင်တို့ကို ပြိုကွဲစေပါတယ်။ ဒါ့အပြင် အရေပြားရောင်ခြယ်ပစ္စည်း အပြောင်းအလဲဖြစ်စေတဲ့ မယ်လနိုဆိုက်တွေ ထွက်ရှိစေပြီး အမည်းစက်၊ အညိုစက်ထင်တာ၊ အရေးကြောင်းထင်တာနဲ့ အရေပြားကင်ဆာတို့ကို ဖြစ်စေနိုင်ပါတယ်။ နေဒဏ်ကြောင့် အရေပြားထိခိုက်မှုကို ရှောင်လွှဲဖို့ နေရောင်ခြည်အပြင်းဆုံးဖြစ်တဲ့ နေ့ခင်းအချိန်မှာ နေကိုရှောင်သင့်ပါတယ်။ အပြင်သွားရတဲ့အခါ ဦးထုပ်ဝိုင်း ဒါမှမဟုတ် ထီးဆောင်းတာ၊ နေကာခရင်မ်လိမ်းတာတို့ကို လုပ်ဆောင်ပေးပါ။ အပြင်မှာ နေချိန် နှစ်နာရီကြာတိုင်း နေကာခရင်မ်ကို ထပ်လိမ်းပေးပါ။

ဖရီးရယ်ဒီကယ်လ်

အရေပြားကို နေရောင်ခြည်ကျရောက်တဲ့အခါ ဖရီးရယ်ဒီကယ်လ်လို့ခေါ်တဲ့ အန္တရာယ်ရှိတဲ့ ဒြပ်ပေါင်းတွေ ထွက်ရှိလာပါတယ်။ နေရောင်ခြည်ကရရှိတဲ့ ခရမ်းလွန်ရောင်ခြည်ဟာ ဒီအင်န်အေကို ထိခိုက်စေပြီး အသားအရေ ပျက်စီးစေပါတယ်။ ဗီတာမင်စီနဲ့ ဗီတာမင်အီးလို အင်တီအောက်ဆီးဒင့်ပါဝင်တဲ့ အသားအရေထိန်း ပစ္စည်းတချို့ဟာ အရေပြားပေါ်မှာ ဖရီးရယ်ဒီကယ်လ်ကြောင့်ဖြစ်တဲ့ အရေပြားအိုမင်းမှုကို လျော့ပါးစေပါတယ်။ အင်တီအောက်ဆီးဒင့်ပါတဲ့ လတ်လတ်ဆတ်ဆတ် သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်၊ အထူးသဖြင့် ဘယ်ရီသီး၊ ပန်းဂေါ်ဖီစိမ်း၊ မုန်လာဥနီနဲ့ ဟင်းနုနယ်ရွက်တို့ကို စားတာကြောင့် အသားအရေကို ကျန်းမာလှပစေပါတယ်။

စီးကရက် သောက်ခြင်း

ဆေးလိပ်သောက်သူရဲ့ အသားအရေက ဆေးလိပ်မသောက်သူရဲ့ အသားအရေလောက်တော့ မကျန်းမာနိုင်သလို ကောင်းကောင်း အနာမကျက်နိုင်ပါဘူး။ လွယ်လင့်တကူ အရေးကြောင်း ထင်စေနိုင်ပါတယ်။ စီးကရက်သောက်တာကြောင့် သွေးကြောအားလုံး ကျုံ့သွားတာနဲ့ ကျဉ်းသွားတာတို့ ဖြစ်ပေါ်တတ်လို့ပါ။ ဆေးလိပ်သောက်တဲ့အခါ အရေပြားက လိုအပ်တဲ့ အောက်ဆီဂျင်နဲ့ အာဟာရဓာတ်ရရှိမှု နည်းပြီး အရေးကြောင်း ထင်လွယ်စေပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်တာကြောင့် အရေပြားရှိ အီလက်စတင်အမျှင်တွေကို ထူထဲလာစေပြီး ပုံပန်းသဏ္ဌာန် မကျနတော့ဘဲ အရေပြားတွဲကျလာနိုင်ပါတယ်။ ဆေးလိပ်သောက်ဖန်များလေလေ၊ အရေးကြောင်းထင်နိုင်ခြေ များလေလေပါ။ သောက်တဲ့စီးကရက် အရေအတွက် များလေလေ၊ အရေပြားထိခိုက်နိုင်ခြေ များလေလေ ဖြစ်ပါတယ်။ ဆေးလိပ်ဖြတ်ဖို့ နည်းလမ်းကောင်းတွေ အများကြီးရှိပါတယ်။ ဥပမာ-ပီကေဝါးတာမျိုးပါ။ သင့်အတွက် သင့်တော်တဲ့ ဆေးလိပ်ဖြတ်နည်းကို လိုက်နာပြီး အသားအရေလှပအောင် ကြိုးစားသင့်ပါတယ်။

ဓာတုဗေဒပစ္စည်းများ

သန့်ရှင်းရေးသုံး ပစ္စည်းတွေနဲ့ အဝတ်လျှော် ကြေးချွတ်ဆပ်ပြာတွေထဲက ဓာတုပစ္စည်းတွေက အရေပြားကို နီမြန်းကာ စပ်ဖျဉ်းဖျဉ်းဖြစ်စေသလို တချို့လူတွေမှာ ဓာတ်မတည့်မှုကို ဖြစ်စေနိုင်ပါတယ်။ အမိုးနီးယားနဲ့ ကြေးချွတ်ဆေးတွေက အရေပြားကို စပ်ဖျဉ်းဖျဉ်းဖြစ်စေကာ အသားဖတ်လန်တာနဲ့ အရေပြားလောင်တာတို့ ဖြစ်တတ်ပါတယ်။ အသားအရေကို ဓာတ်မတည့်မှုဖြစ်စေတဲ့ အရာတွေကနေ ကာကွယ်ဖို့ အလွယ်ဆုံးနည်းက လက်အိတ်ဝတ်ပြီး ပန်းကန်ဆေးတာ၊ သန့်ရှင်းရေးလုပ်တာတို့ လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် သန့်ရှင်းရေးလုပ်ပြီးတိုင်း အရေပြားကို အစိုဓာတ်ထိန်းပေးပါ။ တချို့လူတွေဟာ ဓာတ်မတည့်မှု သက်သာစေဖို့ ဟစ္စတာမင်းတားဆေး မှီဝဲဖို့လိုပါတယ်။

ပြုံးရယ်ခြင်းနှင့် မျက်မှောင်ကြုတ်ခြင်း

ငယ်ရွယ်စဉ်အချိန်မှာ မကြာခဏ ပြုံးရယ်တာ၊ မျက်မှောင်ကြုတ်တာ အစရှိတဲ့ မျက်နှာအမူအရာတွေကြောင့် အရေပြားဟာ တင်းအားလျော့နည်းလာပြီး မရယ်တဲ့အခါနဲ့ မျက်မှောင်မကြုတ်တဲ့အခါတွေမှာတောင် အရေးကြောင်း ထင်နေတတ်ပါတယ်။ အိုမင်းတဲ့ လက္ခဏာတွေ မပေါ်စေဖို့ နေကာခရင်မ်ကို မှန်မှန်လိမ်းသင့်သလိုပဲ အသားအရေ ချောမွေ့စေဖို့ အရေးကြောင်းပျောက်ခရင်မ်ကိုလည်း လိမ်းသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top