Healthy Life Ad
Health Tips

သွေးပေါင်ကျစေသည့် အခြေအနေများ

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

သွေးပေါင်ကျတယ်ဆိုတာက ယေဘုယျအားဖြင့် ၉၀/၆၀ mmHg အောက်လျော့ရင် သွေးပေါင်ကျတယ်လို့ သတ်မှတ်ပါတယ်။

ကိုယ်ဝန်ဆောင်ခြင်း – ကိုယ်ဝန်ဆောင်ချိန်အတွင်း အမျိုးသမီးတစ်ဦးရဲ့ သွေးလှည့်ပတ်မှုစနစ်က မြန်မြန်ကျယ်ပြန့်လာတာကြောင့် သွေးဖိအားကို ကျသွားနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလ ပထမဆုံး ၂၄ပတ်အတွင်း အပေါ်သွေးဖိအားက ၅ – ၁၀ mmHg နဲ့ အောက်သွေးဖိအားက ၁၀-၁၅ mmHg ခန့် လျော့ကျမှုရှိတတ်ပါတယ်။ ကလေးမွေးပြီးတဲ့အခါမှာ သွေးဖိအားက ကိုယ်ဝန်မဆောင်ခင် အချိန်အတိုင်း ပြန်ရောက်သွားတတ်ပါတယ်။

နှလုံးပြဿနာများ – သွေးပေါင်ကျစေတဲ့ နှလုံးရောဂါ အခြေအနေတချို့က နှလုံးခုန်နှုန်း အလွန်အမင်းလျော့ကျတာ၊ နှလုံးအဆို့ပြဿနာ၊ နှလုံးရောဂါထတာနဲ့ နှလုံးထိခိုက်တာတို့ ပါဝင်ပါတယ်။ အကြောင်းကတော့ လုံလောက်တဲ့ သွေးလှည့်ပတ်မှုမရအောင် ခန္ဓာကိုယ်ကို တားဆီးပေးတတ်လို့ပဲ ဖြစ်ပါတယ်။

အင်ဒိုခရိုင်းပြဿနာများ – သိုင်းရွိုက်ရဲ့ လုပ်ငန်းဆောင်တာကျဆင်းတာနဲ့ အလုပ်လုပ်လွန်တာတွေကြောင့်လည်း သွေးဖိအားကျဆင်းတတ်ပါတယ်။ ဒါ့အပြင် အဒရီနယ်ဂလင်း အလုပ်မလုပ်နိုင်တာ၊ သွေးတွင်းသကြားဓာတ် ကျဆင်းတာနဲ့ ဆီးချိုရောဂါတို့ကြောင့်လည်း တစ်ခါတစ်ရံ သွေးပေါင်ကျတတ်ပါတယ်။

ရေဓာတ်ခမ်းခြောက်ခြင်း – ရေဓာတ်ခမ်းခြောက်တဲ့အခါ ခန္ဓာကိုယ်က သောက်သုံးတဲ့ရေထက် ဆုံးရှုံးတဲ့ရေက ပိုများလာပါတယ်။ ရေဓာတ်ခမ်းခြောက်မှု အနည်းငယ်ဖြစ်ရင် အားနည်းတာ၊ မူးဝေတာနဲ့ နုံးတာတို့ ဖြစ်တတ်ပါတယ်။ ဖျားတာ၊ အန်တာ၊ ဝမ်းလျှောတာ၊ ဆီးဆေးသောက်သုံးမှုများတာနဲ့ ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှု လုပ်တာတွေကြောင့်လည်း ရေဓာတ်ခမ်းခြောက်တတ်ပါတယ်။

သွေးထွက်များခြင်း – ထိခိုက်ဒဏ်ရာရရှိတာနဲ့ ကိုယ်တွင်းသွေးယိုစိမ့်တာ စတဲ့အခြေအနေကြောင့် သွေးအလွန်အမင်း ဆုံးရှုံးသွားရင် ခန္ဓာကိုယ်ထဲမှာ သွေးဆုံးရှုံးမှုများပြီး သွေးပေါင်ပြင်းပြင်းထန်ထန် ကျဆင်းတတ်ပါတယ်။

ပြင်းထန်သောပိုးဝင်မှု – ကိုယ်ထဲဝင်တဲ့ပိုးက သွေးကြောထဲရောက်တဲ့အခါ သွေးဆိပ်သင့်တတ်ပါတယ်။ ဒီအခြေအနေကြောင့် သွေးဖိအားကျကာ အသက်အန္တရာယ်ကို စိုးရိမ်ရပါတယ်။

ဓာတ်မတည့်မှုပြင်းထန်ခြင်း – ပြင်းထန်တဲ့ ဓာတ်မတည့်မှုကို တုံ့ပြန်တဲ့အခြေအနေဟာ ပြင်းထန်ပြီး အသက်အန္တရာယ်ရှိပါတယ်။ တချို့အစားအသောက်၊ ဆေးဝါး၊ အင်းဆက်ကိုက်တာ စတဲ့ အခြေအနေတွေကြောင့် ဓာတ်မတည့်မှုပြင်းထန်စေနိုင်ပြီး အသက်ရှူရခက်တာ၊ ယားယံတာ၊ လည်ချောင်းရောင်တာနဲ့ သွေးပေါင်ကျတာတို့ ဖြစ်စေနိုင်ပါတယ်။

အစားအသောက်တွင် အာဟာရဆုံးရှုံးမှုများခြင်း – ဗီတာမင် B12 နဲ့ ဖောလိတ်ဓာတ်ချို့တဲ့မှုကြောင့် သွေးအားနည်းတတ်ပါတယ်။ အဲဒီအခါ သွေးပေါင်ကျစေနိုင်ပါတယ်။

အချို့သောဆေးဝါများ -ဆီးဆေးတချို့၊ ပါကင်ဆန်ရောဂါ ကုသဆေးတချို့၊ စိတ်ကျကုသဆေးတချို့၊ ပန်းသေပန်းညှိုးကုသဆေးတချို့ စတဲ့ဆေးတွေကြောင့်လည်း တစ်ခါတစ်ရံမှာ သွေးပေါင်ကျတတ်ပါတယ်။

သွေးပေါင်ကျခြင်း ကင်းဝေးစေရန်

(၁) ရေများများသောက်ပါ၊ အရက်လျှော့သောက်ပါ

အရက်ဟာ ရေဓာတ်ခမ်းခြောက်စေတာကြောင့် အသင့်အတင့်သောက်ရင်တောင် သွေးပေါင်ကျတတ်ပါတယ်။ ရေများများပြန်သောက်ရင် ရေဓာတ်ခမ်းခြောက်မှုကို တွန်းလှန်နိုင်သလို သွေးထုထည်ကိုလည်း တိုးစေပါတယ်။

(၂) ကျန်းမာရေးနှင့် ညီညွတ်သည့် အစားအသောက်စားပါ

အခွံချွတ်မထားတဲ့ ကောက်နှံစာ၊ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ အဆီနည်းကြက်သားနဲ့ ငါးအပါအဝင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကို စားပေးပါ။

(၃) ကိုယ်ဟန်အနေအထားပြောင်းလျှင် ဖြေးဖြေးပြောင်းပါ

သွေးပေါင်ကျတာကြောင့် မူးတာနဲ့ ရီဝေဝေဖြစ်တာ သက်သာစေဖို့ ကိုယ်ဟန်အနေအထား ပြောင်းတဲ့အခါ သတိထားပါ။ နံနက်အိပ်ရာကမထခင် မိနစ်အနည်းငယ်လောက် အသက်ဝ၀ရှူပေးပါ၊ ပြီးရင် ခုတင်ပေါ်မှာ အရင်ထိုင်ပြီးမှ မတ်တပ်ရပ်ပေးပါ။

(၄) ကာဗိုဟိုက်ဒရိတ်နည်းသော အစာကို နည်းနည်းချင်းစားပါ

အစာစားပြီး ချက်ချင်းသွေးဖိအားကျတာမျိုး မဖြစ်စေဖို့ အစာနည်းနည်းနဲ့ မကြာခဏစားပေးပါ။ အာလူး၊ ထမင်း၊ ခေါက်ဆွဲနဲ့ ပေါင်မုန့်လို ကာဗိုဟိုက်ဒရိတ်များတဲ့ အစာကို ထိန်းချုပ်စားပါ။ ကဖင်းပါတဲ့အရည်ကို ဆရာဝန်ကို မေးမြန်းပြီးမှ သောက်ပါ။

Most Popular

Healthy Life Ad
To Top