Healthy Life Ad
Health Tips

ကျန်းမာစေရန် ရောင်စုံစားပါ

သင်ရဲ့ထမင်းပန်းကန်ထဲမှာ သက်တံ့ရောင် အစားအစာတွေရှိနေတာဟာ နုပျိုကျန်းမာစေတာကြောင့် သင့်ပန်းကန်ထဲမှာ အနီရောင်၊ လိမ္မော်ရောင်၊ အဝါရောင်၊ အစိမ်းရောင်၊ အဖြူရောင်နဲ့ အပြာရောင်ရှိတဲ့ အစားအသောက်တွေ ပါဝင်သင့်ပါတယ်။

အနီရောင်

အရသာရှိတဲ့ အနီရောင်အစားအသောက်တွေကို စားပေးတဲ့အခါ အနီရောင်အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေမှာ အင်သိုဆိုင်ယာနင် ပါဝင်နေတာကြောင့် ဆဲလ်တွေရဲ့ ထိခိုက်ပျက်စီးမှုကို အကာအကွယ်ပေးနိုင်ပါတယ်။ အနီရောင်ရှိတဲ့ အစားအစာတွေကတော့ စတော်ဘယ်ရီသီး၊ အနီရောင်ပန်းသီးနဲ့ ငရုတ်သီးအနီ၊ သလဲသီး စတာတွေပဲဖြစ်ကြပါတယ်။ ဆီးကျိတ်ကင်ဆာကို ကာကွယ်ပေးနိုင်ပြီး နှလုံးကိုလည်း ကျန်းမာစေပါတယ်။

လိမ္မော်ရောင်၊ အဝါရောင်

ရွှေဖရုံသီးနဲ့ ကစွန်းဥတို့လို အဝါရောင်နဲ့လိမ္မော်ရောင်ရှိတဲ့ အစားအစာတွေကို စားပေးရင် အမြင်အာရုံကို ကောင်းမွန်စေပြီး ခုခံစွမ်းအားစနစ်ကို တိုးမြင့်စေပါတယ်။ အဝါရောင်အသီးအနှံတွေထဲမှာ ပါဝင်တဲ့ ဘီတာကယ်ရိုတင်းတွေဟာ ခန္ဓာကိုယ်ထဲရောက်တဲ့အခါမှာ ဗီတာမင်အေအဖြစ် ပြောင်းသွားတာကြောင့် ကင်ဆာရောဂါနဲ့ နှလုံးရောဂါအန္တရာယ်ကို လျော့ကျစေပါတယ်။ ဒါ့အပြင် ချဉ်တဲ့အသီးအနှံတွေမှာ ဗီတာမင်စီနဲ့ ဖောလိတ်ဓာတ်လည်း ပါဝင်နေတာကြောင့် ဖရီးရယ်ဒီကယ်တွေကို ကင်းဝေးစေပြီး ခုခံစွမ်းအားစနစ်ကို ကောင်းမွန်စေပါတယ်။

အစိမ်းရောင်

အစိမ်းရောင်အစားအစာထဲမှာပါတဲ့ ကလိုရိုလ်ဖီးတွေဟာ သွေးဆဲလ်ထုတ်လုပ်မှု အားကောင်းစေပြီး သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပါတယ်။ အစိမ်းရောင်အစားအစာတွေထဲမှာ လူတင်ဓာတ်ပါဝင်တာကြောင့် အတွင်းတိမ်ရောဂါအန္တရာယ်နဲ့ အသက်ကြီးတာကြောင့်ဖြစ်တဲ့ မက်ကူလာ ယိုယွင်းပျက်စီးတာကို လျော့ကျစေနိုင်ပါတယ်။ အစိမ်းရောင်အစားအစာတွေကတော့ ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနယ်ရွက်၊ မုန်ညင်း စတာတွေပဲ ဖြစ်ကြပါတယ်။

အပြာရောင်၊ ခရမ်းရောင်နှင့် အနက်ရောင်

ဘလူးဘယ်ရီသီးနဲ့ ဘလက်ဘယ်ရီသီးတွေလို အပြာရောင်နဲ့ ခရမ်းရောင် အစားအစာတွေဟာ သွေးကြောတွေကို ကျန်းမာစေပြီး နှလုံးသွေးကြောစနစ်ကို ကျန်းမာစေကာ နှလုံးအားကောင်းမွန်စေပါတယ်။ ဆီးသီးခြောက်၊ အာလူးသီး၊ ပဲမည်း၊ ပင်လယ်ရေညှိစတဲ့ အနက်ရောင်အစားအစာတွေကို စားပေးသင့်ပါတယ်။

အဖြူရောင်

သစ်တော်သီး၊ အခွံမာသီးနဲ့ သီဟိုဠ်စေ့လို အစေ့အဆန်တွေမှာ အန်သိုဆိုင်ယာနင်တွေ ပါဝင်တာကြောင့် သွေးဖိအားကို ထိန်းညှိပေးပြီး သွေးတွင်းကိုလက်စထရောပမာကို လျော့ကျစေပါတယ်။ အဖြူရောင်ကြက်သွန်ဖြူနဲ့ ကြက်သွန်နီထဲမှာလည်း ကွာဆီတင်ဓာတ်ပါဝင်တာကြောင့် ရောင်ရမ်းမှု လျော့ကျစေကာ နှလုံးသွေးကြောစနစ်ကို ကျန်းမာစေပါတယ်။ ပဲပိစပ်၊ အဖြူရောင်ပဲတွေ၊ ဘာလီစေ့နဲ့ ထမင်းတွေဟာလည်း သင်စားသင့်တဲ့ အဖြူရောင်အစားအစာတွေပဲ ဖြစ်ကြပါတယ်။

Most Popular

Healthy Life Ad
To Top