Healthy Life Ad
Health Tips

မိသားစုနှင့် ဆီးချိုသွေးချိုရောဂါအကြောင်း (Family and Diabetes)

ယခင်တစ်ပတ်မှ အဆက်

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

မိသားစုအပေါ် အထူးထိခိုက်စေတာကတော့ နောက်ဆက်တွဲရောဂါတွေပဲ ဖြစ်ပါတယ်။ အထူးသဖြင့် မိသားစုဝင်ငွေ အဓိကရှာဖွေပေးသူရဲ့ နစ်နာဆုံးရှုံးရခြင်းက မိသားစုအပေါ် အထိခိုက်ဆုံးပဲဖြစ်ပါတယ်။ နစ်နာမှုအများဆုံးသော နောက်ဆက်တွဲ ဆင့်ပွားရောဂါတွေကတော့ ကျောက်ကပ်ရောဂါ၊ နှလုံးရောဂါ၊ လေငန်းရောဂါ၊ မျက်စိကွယ်ခြင်း၊ ခြေထောက်ဖြတ်ရ၍ ဒုက္ခိတဖြစ်ခြင်း စတဲ့ရောဂါတွေပဲ ဖြစ်ပါတယ်။

မိသားစုဝင် ဆီးချိုလူနာတစ်ဦးဟာ နောက်ဆက်တွဲရောဂါကြောင့် သူတစ်ပါးအပေါ် မှီခိုရမယ့် ဒုက္ခိတဘဝရောက်နေပါက မိသားစုတွေကသာ ပြုစုစောင့်ရှောက်ရပါမယ်။ မိဘကိုပြုစုဖို့အတွက် ခွင့်ရက်ရှည်ယူရခြင်း၊ အလုပ်ပြုတ်ခြင်း၊ သားသမီးရဲ့ ပညာဆည်းပူးရမယ့်အရွယ်မှာ မိဘကိုပြုစုနေရလို့ သားသမီးတွေရဲ့ ရှေ့ရေးတွေ ပျက်သုဉ်းရခြင်း စတဲ့လူမှုရေးဆိုးကျိုးတွေ ရရှိနိုင်ပါတယ်။ လေဖြတ်ပြီး နာတာရှည်လဲနေတဲ့ လူနာထက်စာရင် နှစ်ရှည်အနီးကပ်ပြုစုရသူက ပို၍ပင် စိတ်ဖိစီးမှုတွေ ခံစားရတယ်လို့ သုတေသနတစ်ရပ်က ဆိုထားပါတယ်။ ဆီးချိုကုသရခြင်းအတွက် မိသားစုရဲ့ ငွေတွေအကုန်အကျ များလှပါတယ်။ ဆီးချိုသွေးချိုလူနာတစ်ဦးကို ပြုစုကုသရခြင်းကြောင့် တစ်ဦးချင်းသာမက မိသားစုလိုက်ပါ ကုန်ကျစရိတ်များပြားလှပါတယ်။

တိုင်းပြည်တော်တော်များများမှာ အင်ဆူလင်ထိုးတာ၊ သွေးချိုစစ်တာတွေရဲ့စရိတ်ဟာ မိသားစုပျမ်းမျှဝင်ငွေရဲ့ ထက်ဝက်လောက်ကို သုံးပစ်လိုက်ရတယ်လို့ ဆိုပါတယ်။ ယခုကဲ့သို့ အကုန်အကျများပြားလှတဲ့ ဆိုးကျိုးသက်ရောက်မှုတွေကို ရှောင်ရှားနိုင်ဖို့၊ လျော့နည်းစေဖို့လည်း အထူးလိုအပ်ပါတယ်။ နောင်

“မိသားစုဝင် ဆီးချိုလူနာတစ်ဦးဟာ နောက်ဆက်တွဲရောဂါကြောင့် သူတစ်ပါးအပေါ် မှီခိုရမယ့် ဒုက္ခိတဘဝ ရောက်နေပါက မိသားစုတွေကသာ ပြုစုစောင့်ရှောက်ရပါမယ်။ မိဘကို ပြုစုဖို့အတွက် ခွင့်ရက်ရှည်ယူရခြင်း၊ အလုပ်ပြုတ်ခြင်း၊ သားသမီးရဲ့ ပညာဆည်းပူးရမယ့်အရွယ်မှာ မိဘကိုပြုစုနေရလို့ သားသမီးတွေရဲ့ ရှေ့ရေးတွေ ပျက်သုဉ်းရခြင်း စတဲ့လူမှုရေးဆိုးကျိုးတွေ ရရှိနိုင်ပါတယ်” . . .

မှာ အကုန်အကျအရမ်းများတာနဲ့ မကြုံရအောင် ယနေ့ အကုန်အကျအနည်းငယ်ခံပြီး စကုပါ။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ လူတော်တော်များများမှာ အခြေခံလိုအပ်တဲ့ ဆီးချိုသွေးချိုဆေးတွေကို သက်သာတဲ့ဈေးနှုန်းတွေနဲ့ ရရှိဖို့ အလှမ်းဝေးနေကြသေးတာ တွေ့ရပါတယ်။ ကျန်းမာရေး စောင့်ရှောက်သူများဖက်ကလည်း မိသားစုတွေအတွက် ဒီဆီးချိုဆေးတွေနဲ့ ဆီးချိုစောင့်ရှောက်မှုပေးတဲ့ ဌာနတွေ ပိုမိုရရှိအောင်၊ ကုန်ကျမှုသက်သာစွာရရှိအောင် ဖြည့်ဆည်းပေးဖို့ လိုအပ်နေပါသေးတယ်။ စောစောထိရောက်အောင် ကုသခြင်းဖြင့် လူနာနဲ့မိသားစုကုန်ကျစရိတ်တွေသက်သာပြီး ကောင်းမွန်တဲ့ရလဒ်ကို ရရှိမှာဖြစ်ပါတယ်။ ကာကွယ်ခြင်းအလုပ်က ကုသခြင်းထက်ပိုပြီး ထိရောက်ပါတယ်။ ဒါကို မိသားစုတွေအားလုံး သတိပြုနိုင်ဖို့ နှိုးဆော်ပေးရန် လိုအပ်ပါတယ်။

မိသားစုတွေက ဆီးချိုအတွက် ဘာတွေလုပ်ပေးနိုင်သလဲ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက မိသားစုတွေအနေနဲ့ ဆီးချိုစောင့်ရှောက်မှုကို ၃နေရာမှာအာရုံစိုက်ပြီး ပါဝင်ကြဖို့ အကြံပေးထားပါတယ်။

၁။ ဆီးချိုသွေးချိုရောဂါကို စောစောဖော်ထုတ်ရေး

၂။ ဆီးချိုသွေးချိုရောဂါ မဖြစ်အောင်ကာကွယ်ရေး

၃။ ဆီးချိုသွေးချို ထိန်းသိမ်းကုသရာမှာ ပါဝင်ကူညီရေး

ဒီ ၃နေရာမှာ အထူးအလေးထားဖို့ ဖြစ်ပါတယ်။

၁။ ဆီးချိုသွေးချိုရောဂါကို စောစောရှာဖွေ ဖော်ထုတ်ပေးခြင်း၌ မိသားစုအရေးပါပုံ

ဆီးချိုသွေးချိုရောဂါ တကယ်ဖြစ်နေတဲ့သူနှစ်ဦးမှာ တစ်ဦးဟာ သူ့ကိုယ်သူ ဆီးချိုဖြစ်နေမှန်း လုံးဝမသိပါဘူး။ ကျန်းမာနေတဲ့ လူကောင်းတွေလို သွားလာလှုပ်ရှားနေကြပါတယ်။ သူတို့ဟာ ဆီးချိုထိန်းသိမ်းရမယ့် အခွင့်ကောင်းတွေ ဆုံးရှုံးနေကြတာ ဖြစ်ပါတယ်။ ဆီးချိုသွေးချိုရောဂါရဲ့ နောက်ဆက်တွဲရောဂါကို အကောင်းဆုံး ကာကွယ်နိုင်မယ့် နည်းလမ်းကတော့ ဆီးချိုသွေးချိုရောဂါကို ကနဦးဖြစ်စအချိန်မှာ ဖော်ထုတ်ပြီး ထိရောက်အောင် ကုသခြင်းပဲဖြစ်ပါတယ်။ စောစောပြုပြင်ကုသခြင်းဟာ နောက်ဆုံးလောင်ကျွမ်းပြီးမှ စကုရသူနဲ့စာရင် များစွာထိရောက်ပြီး ပို၍လွယ်ကူပါတယ်။ သို့မှသာ ကျန်းမာလျက် အသက်ရှည်ခြင်းကို ရရှိမှာဖြစ်ပါတယ်။

ဆီးချိုသွေးချိုရောဂါ အမျိုးထဲမှာမရှိသူ၊ ကင်းစင်သူရှားပါးလာပါတယ်။ ဒါကြောင့် မိသားစုအားလုံးသည် ဆီးချိုသွေးချိုရှိဖို့ အလားအလာရှိနေကြတယ်။ ဒါကြောင် လူတိုင်းဆီးချိုဖြစ်နိုင်ပါတယ်။ တစ်ကမ္ဘာလုံးမှာ လူငါးယောက်မှာ လေးယောက်ဟာ ဆီးချိုဖြစ်ရင် တွေ့ရမယ့်လက္ခဏာတွေ မသိကြသေးပါဘူး။ စစ်တမ်းများအရ အမျိုးအစား(၁) ဆီးချိုရောဂါကို အသိနောက်ကျလို့ အသက်ဆုံးရှုံးရတာတွေရှိသလို အမျိုးအစား(၂) ဆီးချိုရောဂါတွေဟာလည်း နောက်ဆက်တွဲရောဂါတွေ ဝင်ရောက်ပြီးမှ အသိနောက်ကျသွားတာ တော်တော်များပါတယ်။

ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ခြေရှိတဲ့ အချက်အလက်တွေနဲ့ ဆီးချိုသွေးချိုရဲ့ လက္ခဏာတွေကို သိရှိထားမှသာ မိမိမှာပဲဖြစ်ဖြစ် မိမိနဲ့အတူနေထိုင်သော မိသားစုဝင် တစ်ယောက်ယောက်မှာပဲဖြစ်ဖြစ် စောစီးစွာစစ်ဆေးပြီး ဖော်ထုတ်ဖို့ တိုက်တွန်းပေးနိုင်ပြီး သိရှိရင်လည်း ရောဂါကို အစောဆုံး ကုသခွင့်ရမှာဖြစ်ပါတယ်။ ဒါကြောင့် မိသားစုတွေ မိမိကိုယ်မိမိ ဆီးချိုဆိုင်ရာဗဟုသုတတွေ ဘယ်လောက်ရှိနေသလဲဆိုတာ သုံးသပ်ပြီး မသိသေးတာတွေသိအောင် ပြုလုပ်သင့်ပါတယ်။

ဆက်လက်ဖတ်ရှုပါရန်

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top