Healthy Life Ad
International

သွက်သွက်လက်လက်နေခြင်းက အသက်ပိုရှည်နိုင်

ကိုထက်

လမ်းသွက်သွက်လျှောက်တဲ့သူ၊ သွက်သွက်လက်လက် ရှိတဲ့သူတွေဟာ နှေးနှေးကွေးကွေး လှုပ်ရှားသွားလာသူတွေထက် ၁၅ နှစ် အသက်ပိုရှည်နိုင်တယ်လို့ လေ့လာသူများက ပြောပြခဲ့ပါတယ်။

လတ်စတာတက္ကသိုလ်မှ လေ့လာသူတွေဟာ ၂၀ဝ၆ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း အင်္ဂလန်ဇီဝဘဏ်မှာရှိတဲ့ အသက် ၅၂ နှစ်ဝန်းကျင်းရှိ လူပေါင်းလေးသိန်းခုနှစ်သောင်းကျော်ရဲ့ ကျန်းမာရေး အချက်အလက်တွေကို အခြေခံပြီး တွက်ချက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စစ်တမ်းတွေအရ သွက်လက်တဲ့အမျိုးသားတွေရဲ့ ပျမ်းမျှအသက်ဟာ ၈၇နှစ်ခန့်၊ အမျိုးသမီးတွေဟာ ၈၅ နှစ်ခန့်ရှိပြီး သွက်သွက်လက်လက်မရှိတဲ့ အမျိုးသားတွေရဲ့ ပျမ်းမျှအသက်ဟာ ၇၂ နှစ်၊ အမျိုးသမီးတွေက ၆၄ နှစ်ရှိတယ်လို့ သိရပါတယ်။ ဒီလို သွက်သွက်လက်လက်ရှိခြင်း/မရှိခြင်းက ကျန်းမာရေးနဲ့ ဆက်စပ်မှုရှိလား မရှိလားကို ဟိုးအရင်ကတည်းက လေ့လာခဲ့ကြပြီး ငြင်းခုံမှုတွေလည်း အများအပြားရှိခဲ့ကြတယ်လို့ သိရပါတယ်။

၂၀၁၁ ခုနှစ်က အမေရိကန်ကျန်းမာရေးစာတမ်းမှာ လမ်းမြန်မြန်လျှောက်ခြင်းကြောင့် ရရှိလာစေမယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေအကြောင်း လေ့လာမှုတွေကို ဖော်ပြခဲ့ပြီး အသက်ရှည်နိုင်ခြေလည်း ပိုများနိုင်ကြောင်း လေ့လာသူပါမောက္ခတစ်ဦးက ရေးသားဖော်ပြခဲ့ပါတယ်။

၂၀၁၃ ခုနှစ်မှာတော့ အမေရိကန်နိုင်ငံမှ လေ့လာသူတွေက လမ်းမြန်မြန်လျှောက်ခြင်းက နှလုံးရောဂါဖြစ်နိုင်ခြေ လျော့နည်းစေပြီး အသက်ပိုရှည်စေနိုင်ကြောင်းကို ထပ်မံဖော်ပြခဲ့ကြပါတယ်။

၂၀၁၈ ခုနှစ်မှာ ဆန်းနီတက္ကသိုလ်မှ လေ့လာမှုတွေအရ ဒီလိုလမ်းမြန်မြန်လျှောက်တဲ့သူတွေ၊ သွက်သွက်လက်လက် လှုပ်ရှားသွားလာသူတွေဟာ စောစီးစွာ အသက်သေဆုံးနိုင်ခြေ ၁၅ ရာခိုင်နှုန်း လျော့ကျစေကြောင်းကို နှစ်ပေါင်းများစွာ ပြုလုပ်ခဲ့တဲ့ စစ်တမ်းတွေနဲ့တကွ ထုတ်ဖော်ပြောပြခဲ့ပါတယ်။

ယခုလေ့လာမှုမှာတော့ လူတွေရဲ့ ကိုယ်အလေးချိန်၊ ကျန်းမာရေးအခြေအနေတွေကိုပါ ထည့်သွင်းတွက်ချက်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။ နှလုံးရောဂါ ရှိကြသူအချင်းချင်းမှာပင် သွက်သွက်လက်လက် နေထိုင်သူတွေက ရောဂါကြောင့် သေဆုံးနိုင်ခြေ နှစ်ဆပိုလျော့နည်းသွားတယ်လို့ ဆိုပါတယ်။ ဒီလို မြန်မြန်လှုပ်ရှားသွားလာခြင်းကြောင့် ခန္ဓာကိုယ်ကိုလည်း ပိုမိုကျန်းမာစေပြီး ရောဂါဝေဒနာတိုင်းကို ပိုမိုခံနိုင်ရည် ရှိလာစေနိုင်မှာဖြစ်သလို မျိုးရိုးဖြစ်တဲ့ ရောဂါတွေကလွဲပြီး တခြားရောဂါတွေ ဖြစ်နိုင်ခြေကိုလည်း လျော့ကျစေမှာ ဖြစ်တယ်လို့ သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top