Healthy Life Ad
Health Tips

အတွေ့ရများသည့် အရေပြားနီမြန်းမှုများ

စူး (ဆေးဝါးတက္ကသိုလ်)

အရေပြားက လူ့ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါအစိတ်အပိုင်း ဖြစ်ပါတယ်။ အရေပြားက လူ့ခန္ဓာကိုယ် အလေးချိန်ရဲ့ ၁၅ ရာခိုင်နှုန်းနီးပါး ရှိပါတယ်။ အရေပြားက ကိုယ်အပူချိန်ကို ချိန်ညှိခြင်း၊ အပူအအေး ဆန်းစစ်ခြင်းနဲ့ လူ့ခန္ဓာကိုယ်ကို ပြင်ပကူးစက်ပိုးတွေနဲ့ ရောဂါတွေမကျရောက်အောင် ကာကွယ်ခြင်း စတဲ့နည်းတွေနဲ့ ကာကွယ်ပေးပါတယ်။ ဒါကြောင့် အရေပြားကျန်းမာရေးက အရေးကြီးတာပါ။ ခန္ဓာကိုယ်မှာ အဖြစ်များဆုံး အရေပြားနီမြန်းမှုတွေအကြောင်းကို သတိပြုနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

(၁) လိုင်းမ်ကူးစက်ရောဂါ

Borrelia burgdorferi ဆိုတဲ့ ဘက်တီးရီးယားပိုးကြောင့် ဖြစ်ရတဲ့ရောဂါပါ။ လက္ခဏာအနေနဲ့ ပုံမှာပြထားတဲ့အတိုင်း အရေပြားနီးမြန်းတာအပြင် ခေါင်းကိုက်တာ၊ နုံးတာနဲ့ဖျားတာတို့လည်း ဖြစ်တတ်ပါတယ်။ ကုသမှုမခံယူဘဲနေရင် ကူးစက်ပိုးဝင်တာက အာရုံကြောစနစ်၊ နှလုံးနဲ့ အဆစ်တွေကို ထိခိုက်စေနိုင်ပါတယ်။

(၂) ဓာတ်မတည့်မှုကြောင့် နီမြန်းခြင်း

ကိုယ်ခံအားစနစ်ရဲ့ အဓိကရည်ရွယ်ချက်က လူ့ခန္ဓာကိုယ်ကို ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားပိုးတွေ ဒဏ်မကျရောက်အောင် ကာကွယ်ဖို့ ဖြစ်ပါတယ်။ တကယ်လို့ ကိုယ်နဲ့မတည့်တာနဲ့ ထိတွေ့မိတဲ့အခါ တုံ့ပြန်မှုအနေနဲ့ အရေပြားနီမြန်းမှု ဖြစ်တတ်ပါတယ်။ အရေပြားနီးမြန်းတာ၊ ယားယံတာ၊ ရောင်ရမ်းတာနဲ့ ခြောက်သွေ့တာတို့ ဖြစ်တတ်ပါတယ်။

(၃) ရေယုန်တစ်မျိုး

ခါးပတ်ရေယုန်လို့ခေါ်တဲ့ Shingles နဲ့ ရေကျောက်တွေက တူညီတဲ့ဗိုင်းရပ်စ်ကြောင့် ဖြစ်ရတာပါ။ ဒီရေယုန်ဖြစ်ရင် နာကျင်တဲ့အနီဖုလေးတွေ ဖြစ်တတ်ပါတယ်။ အရည်ကြည်ဖုတွေ စုနေတတ်ပြီး ခန္ဓာကိုယ်အနှံ့မှာ နီမြန်းနေတတ်ပါတယ်။

(၄) အင်ပြင်ပေါက်ခြင်း

အင်ပြင်ပေါက်တာက ယားယံတဲ့ အနီပြင်တွေ တွေ့ရတတ်ပြီး ငယ်ငယ်လေးကနေ အပြင်လိုက်ကြီးအထိ တွေ့ရတတ်ပါတယ်။ စိတ်ဖိစီးမှုများတာ၊ ဆေးဝါးတချို့မှီဝဲရတာ၊ တချို့အစားအသောက်တွေ စားမိတာနဲ့ အင်းဆက်ပိုးမွှား အကိုက်ခံရတာတွေကြောင့် တုံ့ပြန်မှုပိုဆိုးတတ်ပါတယ်။ ယေဘုယျအားဖြင့် အင်ပြင်က ဟစ္စတမင်းကုသဆေးနဲ့ ကုနိုင်ပါတယ်။ နာတာရှည်အင်ပြင်ထနေရင် ဆရာဝန်နဲ့ တိုင်ပင်ဖို့လိုပါတယ်။

(၅) နှင်းခူ

နှင်းခူဆိုတာ ရောင်ရမ်းမှုကြောင့် အရေပြားယားယံနီမြန်းစေပါတယ်။ အများအားဖြင့် နာတာရှည် ဖြစ်တတ်ပါတယ်။ ဘာကြောင့်ဖြစ်ရတယ်ဆိုတာ သေချာမသိပါဘူး။

(၆) ပွေး

ပွေးကတော့ ကွင်းပုံစံ ဒါမှမဟုတ် စက်ဝိုင်းပုံစံရှိတဲ့ အနီကွက်ဖြစ်ပါတယ်။ ပြင်ပနေရာက အလုံးအဖုဖြစ်ပြီး မညီမျှတတ်ပါဘူး၊ နီမြန်းမှုက အလွန်ကူးစက်လွယ်ပါတယ်။ ပွေးက အသေးစား ဖန်းဂတ်စ်တစ်မျိုးကြောင့်ဖြစ်ပြီး အရေပြား၊ ဆံပင်နဲ့ လက်သည်းတွေမှာ ရှိတတ်ပါတယ်။ ဦးရေပြားမှာလည်း တွေ့ရတတ်ပါတယ်။

(၇) ရေကျောက်

ရေကျောက်က ယားယံတဲ့ နီမြန်းမှုအရည်ကြည်ဖုလေးတွေဖြစ်ပြီး ကူးစက်ပိုးဝင်တာ ဖြစ်ပါတယ်။ တစ်ကိုယ်လုံးအနှံ ပေါက်တတ်ပြီး မဖောက်ပစ်သင့်ပါဘူး၊ ကုတ်လည်းမကုတ်သင့်ပါဘူး။ တခြားလက္ခဏာတွေအနေနဲ့ ဖျားတာ၊ နုံးချည့်ညောင်းညာတာနဲ့ ခေါင်းကိုက်တာတို့ ဖြစ်တတ်ပါတယ်။ ဒီရောဂါက အရင်တစ်ခါမှ မဖြစ်ဖူးသူတွေဆီ ကူးစက်လွယ်ပါတယ်။ ရေကျောက်က အပျော့စားရောဂါတစ်မျိုး ဖြစ်ပေမယ့် ပြင်းထန်တဲ့ နောက်ဆက်တွဲပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကာကွယ်ဆေးထိုးပြီး ကာကွယ်တာအကောင်းဆုံးပါ။

(၈) ဂျွတ်ပွေးနာ(ဆိုးရီးယေးစစ်)

ဆိုးရီးယေးစစ်ဂျွတ်ပွေးနာက အရေပြားမျက်နှာပြင်မှာ ဆဲလ်တွေ မြန်မြန်ပွားတတ်တဲ့ အရေပြား အခြေအနေတစ်မျိုးပါ။ အရေပြားဆဲလ်အပိုတွေက နီမြန်းယားယံတဲ့ အကြေးခွံထတာကို ဖြစ်စေပြီး တစ်ခါတစ်ရံ နာကျင်စေနိုင်ပါတယ်။ ဆိုရီးယေးစစ်ဂျွတ်ပွေးနာကို မကုနိုင်ပေမယ့် ဖြစ်ရတဲ့လက္ခဏာတွေကို ထိန်းချုပ်နိုင်ပါတယ်။ ပေါ်လိုက်၊ ပျောက်လိုက် သံသရာလည်တတ်တဲ့ နာတာရှည်အရေပြားရောဂါလည်း ဖြစ်ပါတယ်။

(၉) ထိမိ၊ ပွတ်မိရာကဖြစ်သည့် အရေပြားနာ

ထိမိ၊ ပွတ်မိရာကနေ ဓာတ်မတည့်မှုကြောင့် နီမြန်းယားယံတဲ့ အရေပြားအနာ ဖြစ်တတ်ပါတယ်။ ဒီအရေပြားနာကို အလွယ်တကူကုသနိုင်ပြီး ရက်သတ္တပတ် အနည်းငယ်အတွင်း လုံးဝပျောက်သွားတတ်ပါတယ်။ ဆရာဝန်နဲ့ပြပြီး ကုသသင့်ပါတယ်။

သတိပြုရန်

အရေပြားမှာ နီမြန်းတဲ့ အကွက်တစ်ခုခုဖြစ်လာရင် ဘာဖြစ်တာလဲ၊ ဘာကြောင့်ဖြစ်တာလဲဆိုတာနဲ့ စောစောကုသမှုခံယူနိုင်ဖို့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top